လာဘ်စားမှု၏ နောက်ကွယ်တွင်

သင်္ကပ္ပ
စာရေးသူသည် ၂ဝ၁၅ လောက်က ဖေ့ဘွတ်မှာ သတင်းတစ်ပုဒ်ဖတ်ခဲ့ဖူး၏။ ထိုသတင်းမှာ Combodia နိုင်ငံ၌ ဆောက်လုပ်ဆဲ တံတားပြိုကျကြောင်း၊ ယင်းနိုင်ငံသည် ကမ္ဘာ့လာဘ်စားမှုအများဆုံးနိုင်ငံတွေထဲမှာပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့လာဘ်စားမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်ကြောင်းဆိုသော သတင်းပင်။
အထက်ပါသတင်းကိုဖတ်ပြီး စာရေးသူဦးစွာသတိရမိသည်က ဆရာမာဏဝပြုစုသော ငါးရာ့ငါးဆယ်ဇာတ် တော်ထဲမှ ဘရုဇာတ်ကိုပင်။ ၎င်းဇာတ်ကို မြတ်စွာဘုရား ဟောရသည့်အကြောင်းက အသပြာတစ်သိန်းလာဘ် ထိုးသဖြင့် ဗုဒ္ဓ၏ကျောင်းတော်အနီးတွင် ကျောင်းဆောက်ရန် တိတ္ထိများအားနေခွင့်ပေးသော ကောသလမင်းကြီးကို အကြောင်းပြု၍ အတိတ်ဇာတ်ကိုဆောင်တော်မူခြင်းဖြစ်သည်။ (တိုတိုပင်ဖော်ပြ ပါမည်။)
ဘရုတိုင်း၌ ဘရုမင်းကြီးစိုးစံစဉ် ဘုရားလောင်းသည် အဘိညာဉ်သမာပတ်တို့နှင့် ပြည့်စုံသောဂိုဏ်းဆရာရသေ့ ကြီးဖြစ်၏။
တစ်နေ့၌ ချဉ်၊ ဆားမှီဝဲလိုသဖြင့် နောက်ပါရသေ့ငါးရာနှင့်အတူ ဟိမဝန္တာမှထွက်၍ ဘရုမြို့၏မြောက်တံခါးအနီး ညောင်ပင်ကြီးအောက်တွင် စခန်းချနေထိုင်၏။
လခွဲမျှကြာလျှင် ရသေ့ငါးရာပါဝင်သော အခြားတစ်ဖွဲ့ကလည်း ရောက်ရှိလာပြီး ဘရုမြို့၏တောင်တံခါးဝညောင် ပင်ကြီးအောက်တွင် နေထိုင်၏။ အချိန်တန်သော် ရသေ့နှစ်ဖွဲ့လုံး ဟိမဝန္တာသို့ အသီးသီးပြန်ကြလေသည်။
ရသေ့များပြန်၍ မကြာမြင့်မီမှာပင် တောင်တံခါးဝရှိ ညောင်ပင်သည်ခြောက်သယောင်း၍သေ၏။ ထိုအချိန်၌ ယင်းညောင်ပင်တွင် နေထိုင်ခဲ့သော ရသေ့များပြန်ရောက်လာရာ ယခင်တည်းခိုခဲ့သော တောင်တံခါးဝညောင်ပင်ကြီးမရှိတော့သဖြင့် မြောက်တံခါးဝရှိညောင်ပင်တွင် နေရာချလေသည်။
ယင်း ဒုတိယရသေ့များမပြန်မီ ယခင်နေခဲ့ကြသော ပထမရသေ့ငါးရာလည်း ရောက်လာပြန်ရာ သူ့သစ်ပင်ဖြစ် သည်။ ငါ့သစ်ပင်ဖြစ်သည်။ သူဦးစွာနေ ခဲ့ဖူးသည်။ ငါဦးစွာအလျင်ရောက်သည် စသဖြင့် အငြင်းအခုံဖြစ်ကြ၏။
နောက်ဆုံး မင်းထံဝင်၍ အဆုံးဖြတ်ခံယူကြရာ မင်းကဦးစွာနေခဲ့ဖူးသော ပထမရသေ့အဖွဲ့ကို အနိုင်ပေး၏။
ဤသည်ကို မကျေနပ်သော ဒုတိယ ရသေ့အဖွဲ့သည် ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုရာ စကြဝတေးမင်းတစ်ပါးသုံးစွဲ ခဲ့ဖူးသော ရထားချိုင့်တစ်ခုကိုမြင်၍ ထုတ်ယူပြီးလျှင် မင်းအားတံစိုးလက် ဆောင်ပေး၍ ချဉ်းကပ်ရာ မင်းလည်း ဒုတိယအဖွဲ့ကို ပိုင်ဆိုင်ခွင့်ပေးလိုက်၏။
ထိုအကြောင်းကိုသိသွားသော ပထမရသေ့အဖွဲ့သည် ၎င်းရထားချိုင့်၏ ရထားလှည်းဘီးတို့ကိုထုတ်ယူပြီး မင်း အားပေးအပ်၍ ညောင်ပင်ကြီးကို မိမိတို့ အပိုင်ပြုပေးရန် ပြောဆိုကြ၏။ မင်းလည်း ရသေ့များအလိုကျ ဆောင်ရွက် ပေးလိုက်ပြန်သည်။
ယင်းသို့သောအခါ ဘရုတိုင်းမှနတ်များသည် သီလရှိသောရသေ့များကို ငြင်းခုံစေခဲ့သော ဘရုမင်းအား အမျက် ထွက်ကြသဖြင့် ယူဇနာသုံးရာရှိသော ဘရုတိုင်းအား သမုဒ္ဒရာဒီလှိုင်များဖြင့် နစ်မြုပ်ဖျက်ဆီးလိုက်ရာ မြို့သည် သမုဒ္ဒရာရေအောက်သို့ ရောက်သွားလေသည်။
(ဤဒေသနာတော်ကို ဟောကြားတော်မူပြီး မြတ်စွာဘုရားပြန်လည်ကြွ သွားတော်မူသောအခါ ကောသလမင်း သည် ဒိဋ္ဌိတို့၏ တည်ဆောက်ဆဲကျောင်းများကို ဖျက်ဆီးပစ်ရန် မင်းမှုထမ်းများကို စေလွှတ်တော်မူလိုက်လေသည်။ ဘုရင်မင်းတရား လာဘ်စားလျှင်(သို့) လာဘ်ပေးလျှင် တစ်တိုင်းတစ်ပြည်လုံး ပျက်စီးတတ်သည်။
ဖော်ပြခဲ့သော ဇာတ်တော်နှင့်ယှဉ်၍ စာရေးသူသည်ကမ္ဘာ၌ ပင်လယ်လှိုင်းများကြောင့် နစ်မြုပ်ပျက်စီးသွားသော နိုင်ငံများကို တွေးတောပုံဖော်ကြည့် မိသည်။
ဥပမာ- ဂျမေကာကျွန်းတွင် တစ်ချိန်က ဖို့ရွိုင်ရယ်ခေါ် မြို့ကလေးတစ်မြို့သည် ၁၆၉၂ ခုနှစ်၊ ဇွန်လ ၇ ရက်၊ မွန်းမတည့်မီတွင် ရုတ်တရက်ငလျင်ပြင်းထန်စွာလှုပ်ပြီး ပင်လယ်ရေအောက်သို့ ရောက်သွားခဲ့ဖူး၏။ မြို့ပေါ်ရှိ လူအားလုံး လိုလိုပင် သေကြေပျက်စီးခဲ့ရလေသည်။ (အမေရိကန် ပြန်ကြားရေးဌာနမှ ထုတ်ဝေသည့် ပီတာဘရစ်(ဂျ)စ်၏ အဏ္ဏဝါဗေဒပညာရှင်ကြီးများ စာ- ၁၇၃-၅/ ၁၉၆၉ ဩဂုတ်လ- ပကြိမ်)
ဗုဒ္ဓတရားတော်နှင့်ကြည့်လျှင် ထိုထိုနိုင်ငံရှိမင်း(ဝါ) အုပ်ချုပ်သူတို့သည် တစ်နည်းနှင့်မဟုတ်တစ်နည်း လာဘ် စားနေကြမည်သာအမှန်ဖြစ်၏။ စာရေး သူတို့ နိုင်ငံသည်လည်း နာဂစ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ရပုံကို ဥာဏ်မီသလောက် စဉ်းစားကြည့်မိပေသည်။
အုပ်စိုးသူတို့သည် ကမ္ဘာသိ၊ နိုင်ငံသိထုတ်ဖော်ဝန်ခံ မပြောကြားလင့်က စား ၎င်းတို့ကိုယ်တိုင်ကတော့ သိနေကြ ပေလိမ့်မည်။
” မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ” ဟု ဆိုထားသည်မဟုတ်ပါလော။ ဆိတ်ကွယ်ရာဆို၍ ဆရာမာဏဝ ၏ မိလိန္ဒာပဥှာစာအုပ်တွင်ပါသော သဗ္ဗညုတဥာဏဝဂ် အမရာဒေဝီသည် ဆိတ်ကွယ်ရာကိုရလျှင် မကောင်းမှုပြု မည်လော ခေါင်းစဉ်အောက်ရှိ အရှင်နာဂသေန၏ဖြေကြားချက်ကို အနည်းငယ်ဖော်ပြလိုပေသည်။ ယင်းမှာ ” မင်းမြတ် အမရာဒေဝီသည် ဆိတ်ကွယ်ရာ အရပ်ကို စူးစမ်းဆင်ခြင်ပြန်သောအခါ လူတို့မှဆိတ် ကွယ်ရာကိုရသော်ငြားလည်း နတ်တို့မှဆိတ်ကွယ်ရာကို မရနိုင်ရာ။
နတ်တို့မှ ဆိတ်ကွယ်ရာကိုရသော်ငြားလည်း သူတစ်ပါးစိတ်ကို သိနိုင်သောရဟန်းတို့မှ ဆိတ်ကွယ်ရာကို မရ နိုင်ရာ။
သူတစ်ပါးစိတ်ကိုသိနိုင်သော ရဟန်းတို့မှ ဆိတ်ကွယ်ရာကိုရသော်ငြားလည်း သူတစ်ပါးစိတ်ကို သိနိုင်သော နတ်တို့မှ ဆိတ်ကွယ်ရာကို မသိနိုင်ရာ။
သူတစ်ပါးတို့၏ စိတ်ကိုသိနိုင်သော နတ်တို့မှ ဆိတ်ကွယ်ရာကိုအကယ်၍ရ ငြားအံ့။ မိမိကိုယ်တိုင်မှ ဆိတ်ကွယ်ရာ ကို မရနိုင်ရာ။
မိမိကိုယ်တိုင်မှ ဆိတ်ကွယ်ရာကို အကယ်၍ရငြားအံ့၊ တရားမဝင်သော ဆိတ်ကွယ်ရာသာ ဖြစ်လေရာ၏။ ဤသို့ သော အကြောင်းတို့ဖြင့် ဆိတ်ကွယ်ရာ ကိုမရသောကြောင့် အမရာဒေဝီသည် မကောင်းမှုကို မကျူးလွန်ပေ” ဟူ၍ဖြစ် ၏။ ယင်းကြောင့် သီလအားနည်းသော ပုထုဇဉ်များအတွက် ထိုအရေးများကို တွေးမနေကြတော့ဘဲ ဘယ်သူမှမသိ လွတ်နိုင်သည်ဟူသော ယူဆချက်ကိုစွဲ ကိုင်လျက် အရာဌာနတိုင်း၌ အနည်းနှင့် အများဆိုသလို လာဘ်စားနေခဲ့ကြရာ ယခုအချိန်၌ သူတို့၏ ယခင်လုပ်ခဲ့သည့် မကောင်းသောလာဘ်စားမှုတွေက မုန့် ကျွဲသဲကျိုသလို မွှေလိုက်တိုင်း ဟိုနေရာ တစ်ပွက် သည်နေရာတစ်ပွက်ဖြင့် ထထ ပေါက်နေရာလုပ်ခဲ့ပါသည်ဟု ဝန်ခံသ လိုဖြစ်နေရကား ¤င်းတို့မှာ မရှုနိုင်မကယ် နိုင်ဖြစ်နေကြောင်း ပြည်သူတွေကသိနေ ကြချေပြီ။
တစ်ဖန် သူတို့၏တခြားသောလုပ် ကွက်များကိုလည်း တွက်ဆပူပန်ကာ ပြည်သူတွေမှာ ရင်ဘတ်ဖိလျက် ဘုရား တနေရ၏။
ဆိုရလျှင် လာဘ်စားမှုနောက်ကွယ်က အန္တရာယ်တွေကလည်း များစွာ ကြောက်ဖို့ကောင်းကြောင်း အထင်ကရ မြောင်းမြတံတားကျိုးကျသည့်သတင်းက သက်သေထူခဲ့ပေသည်။ မထင်ရှားသော တံတားကျိုးပျက်၊ ရထားသွားမရသော သံလမ်းတွေကလည်း တစ်ဖက်တစ်ချက်က မျက်စပစ်ပြနေလေရာ လာဘ်စားမှုကြောင့် ပထမတစ်ခါဆုံးရှုံးသလို ကြားထဲကပြည်သူတွေအသက် စတေးပြီး ဒုတိယတစ်ခါ အသစ်ပြန်လည် တည်ဆောက်ရခြင်းတွေက နိုင်ငံသူ၊ နိုင်ငံသားများအတွက် မိအေးနှစ်ခါနာမဟုတ်ဘဲ မိအေးသုံးခါနာဖြစ်ရသည့် သာဓကတွေပင်။
သို့သော် နိုင်ငံတော်သမ္မတဦးဝင်း မြင့်၏ လမ်းညွှန်ချက်ကို တသဝေမတိမ်း လိုက်နာမည်ဆိုသည့် အဂတိတိုက်ဖျက် ရေး ကော်မရှင်စကားကတော့ ပြည်သူ တွေအတွက် အားတက်စရာဖြစ်၏။ (စောင့်ကြည့်ရပေမည်)
သို့ဖြစ်ရာ လာဘ်စားမှုများကို အဆင့်လိုက် နည်းပါးအောင်သော်လည်းကောင်း၊ ပျောက်ကွယ်သွားရန်လည်း ကောင်း ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သင့်၏။
ထိုသောအခါ မကောင်းသောကပ်ဘေးများမှလည်း နိုင်ငံသူ/သားများ လွတ်မြောက်ကြပေမည်။
အဂတိလိုက်စားခြင်းသည် တရားမစောင့်ခြင်းဖြစ်၏။ တရားမစောင့်သောအခါ မကောင်းကျိုးများ ဖောဖောသီသီ ကြုံတွေ့လာဖို့အကြောင်း ဖြစ်လာပေသည်။
ကနေ့ခေတ်၌လည်း ကမ္ဘာတစ်ဝန်း၌ အကောင်းထက်အဆိုးသတင်းတွေသာ ကြားနေရခြင်းသည် ထိုသဘောသို့ ဆိုက်ရောက်နေကြောင်း ဆင်ခြင်သိသင့်လှပေပြီ။ (နိုင်ငံအချို့ကတော့ လာဘ်စားမှုများကို ဖော်ထုတ်အရေးယူနေပေပြီ)
ထို့ကြောင့် လာဘ်စားမှုသည် မသူတော်တရားဖြစ်၏။ လာဘ်မစားခြင်းသည် သူတော်ကောင်းတရားဖြစ်၏။ သို့ ဖြစ်၍ သူတော်ကောင်းတရားများ ထွန်းကားလာအောင် ခေါင်ကမိုးလုံဖို့(သို့) နိုင်ငံခေါင်းဆောင်များ အဂတိတရားမလိုက်စားဖို့လိုကြောင်း ဤဆောင်းပါးလေးဖြင့် တိုက်တွန်းလိုက်ရပေသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်