လှည်းကူးမြို့နယ်၌ ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေ တစ်ဦးဒဏ်ရာရရှိ

လှည်းကူးမြို့နယ် ဟိုင်းကူးကျေးရွာအုပ်စု ကြို့ကုန်းတောင်ကျေးရွာ၌ ဗုံးသီးဟောင်းဟုယူဆရသောအရာ ပေါက်ကွဲမှုကြောင့် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိမှုတစ်ခု မေလ ၉ ရက်နေ့လည်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ဖောင်ကြီးနယ်မြေ ရဲစခန်းမှသိရသည်။
“ သေဆုံးတဲ့သူက ရေခဲချောင်းရောင်းတယ် ။ ရေခဲချောင်းနဲ့ သံတိုသံစနဲ့လဲတယ်။ ပြီးတော့ လိုက်လည်းကောက်တယ်။ မနက်ပိုင်း လျှောက်ရောင်း၊ လျှောက်ကောက်ပြီးတော့ နေ့လည် အိမ်ပြန်နားပြီး ရလာတဲ့သံတိုသံစတွေကို ထုခွဲနေရင်း ဗုံးသီးဟောင်းလို့ယူဆရတဲ့ ဟာက ထပေါက်ကွဲတာပါ။ သူကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်အိ်မ်နီးနားချင်း အမျိုးသမီးတစ်ဦးက ယာပေါင်ကိုထိသွားတယ်” ဟုဖောင်ကြီးနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၎င်းသေဆုံးသူမှာ အသက် ၅၁ နှစ်အရွယ် ဦးအေးသွင်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဦးခေါင်းကြွေမွ၊ လက်နှစ်ဖက်ပြုတ်ထွက် ဒူးခေါင်းအောက်ပိုင်းမှာ ပြုတ်ထွက် ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး အိမ်နီးချင်းအမျိုးသမီးမှာ ယာပေါင်ထိခိုက်ဒဏ်ရာရရှိပြီး ဖောင်ကြီးဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး ဖောင်ကြီးနယ်မြေ ရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း နှင့် ယခင် ၂၀၀၇ ခုနှစ်တွင် ဗုံးသီး ဟောင်းပေါက်ကွဲမှုကြောင့် သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း ယင်းနယ်မြေ ရဲစခန်းမှ သိရသည်။
ရဲကျော်ထက်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်