သဘာဝပတ်ဝန်းကျင် လုံးစေ့ပတ်စေ့စောင့်ကြည့်လေ့လာမှုအတွက် ရောင်စဉ်ဖမ်းဂြိုဟ်တု သစ်တစ်လုံး တရုတ်လွှတ်တင်

ပုံရိပ်ပြတ်သားမှု့မြင့် ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးစီမံကိန်း တစ်ခု၏ အစိတ်အပိုင်းအဖြစ်တရုတ်သည်မေ ၉ ရက်က Gaofen-5 ရောင်စဉ်ဖမ်း ဂြိုဟ်တုကို လွှတ်တင်လိုက်သည်။
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းရှီပြည်နယ်ရှိ တိုင်ယွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုဟ်တုကို သဘာဝပတ်ဝန်းကျင်လုံးစေ့ပတ်စေ့စောင့်ကြည့်လေ့လာမှုအတွက် အသုံးပြုနိုင်မည်ဖြစ်သည်ဟုဆိုသည်။
တရုတ်အာကာသ သိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်း (CASTC) မှ တီထွင်ထုတ်လုပ်သည့် Gaofen-5 ဂြိုဟ်တုကို ရှစ်နှစ်သက်တမ်းအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။
Gaofen-5 သည် လေထုညစ်ညမ်းမှုကို စောင့်ကြည့်စစ်ဆေးနိုင်သော တရုတ်လုပ် ပထမဆုံးဂြိုဟ်တဖြစ်သည်ဟု Gaofen-5 ဂြိုဟ်တု စီးရီး၏ ဒီဇိုင်းပိုင်းဆိုင်ရာအကြီးအကဲ တုန်ရှုဒုန်က ပြောကြာ သည်။ ၎င်းသည် လေထုညစ်ညမ်း စေသော ပစ္စည်းများ၊ ဖန်လုံအိမ်အာနိသင်များကိုစောင့်ကြည့်စစ်ဆေးခြင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှု အခြေအနေကို ခေတ်မီစံချိန်စံညွှန်းများအတိုင်းညွှန်ပြပေးနိုင်သည်ဟုဆိုသည်။
Gaofen-5 သည်ကုန်တွင်းရေထု၊ မြေမျက်နှာပြင်ပတ်ဝန်းကျင်းနှင့် ဓာတ်သတ္တုများကို စုံစမ်းထောက်လှမ်းနိုင်ခြင်းဖြင့် တရုတ်၏ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာမှု ၊ သယံဇာတရှာဖွေမှုနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး နှင့် လျှော့ချရေးတို့အတွက် ယုံကြည်စိတ်ချရသော အချက်အလက်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည် ။ လေထုနှင့်ကုန်းမြေ လုံးစေ့ပတ်စေ့စောင့်ကြည့်လေ့လာရေးအတွက် ကမ္ဘာ့ပထမဆုံး ရောင်စဉ်ကုန်းဖမ်းယူနိုင်သည့် hypers-pectral ဂြိုဟ်တုလည်းဖြစ်သော Gaofen-5 သည် ခရမ်းလွန်ရောင်ခြည်မှ လှိုင်းအလျားရှည် အနီးအောက်ရောင်ခြည်အထိ ရောင်စဉ်ဆိုင်ရာ သတင်းအချက်အလက်များ ရယူနိုင်စွမ်းရှိသည်ဟုသိရသည်။ ၎င်းသည်ရောင်စဉ်ဖမ်းယူမှု နည်းပညာမှတစ်ဆင့် ဒြပ်ပစ္စည်းများ၏ဖွဲ့စည်းတည်ဆောက်မှုကို လေ့လာစုံစမ်းနိုင်သည်။
Gaofen-5 ဂြိုဟ်တုကို လွှတ်တင်နိုင်ခြင်း ဖြင့် တရုတ်သည်နိုင်ငံခြား hyperspectral ဂြိုဟ်တုအချက်အလက်များ အပေါ်မှီခိုနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ကမ္ဘာပတ်လမ်းတွင် ရှိနေသော အခြား Gaofen ဂြိုဟ်တုများနှင့် ဂြိုဟ်တုအစုအဝေးတစ်ခုအဖြစ် ပူးပေါင်းရန် တရုတ်သည် Gaofen-6 ဂြိုဟ်တုကို ယခုနှစ်အတွင်းထပ်မံလွှတ်တင်သွားမည်ဖြစ်သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်