ပေးဆပ်ခြင်းနဲ့ နိုင်ငံရေးအသိတရား

၂၀၁၈၊ မေ၊ ၁၂ ရက်(ယူနတီဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၂))

ညီမေတ္တာ(အမရပူရ)

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကိုဖြစ်စေမည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူရန်ဆောင် ရွက်သောအချိန်မှာပင် နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆိုးရွားစွာထိခိုက်သေကြေပျက်စီးခဲ့ပါသည်။

အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုများက ဆန်၊ ဆီ၊ စားစရာ၊ အသုံးအဆောင်အဝတ်အထည်များ စုပေါင်း ထောက်ပံ့ပေးလှူကြရပြီး ရဟန်းသာမဏေ၊ သီလရှင်များပင်မနေနိုင်တော့ဘဲ ပါဝင်ကူညီကြရသည်။ စာရေးသူလည်း ပါဝင်လှူဒါန်းခဲ့သလို လုပ်အားအလှူ အကူအညီလည်း ပေးခဲ့ပါသည်။

ကုန်းတစ်တန်၊ ရေတစ်တန်လိုက်ပါပြီး မုန်တိုင်းဒဏ်ခံရသော ပင်လယ်ဝရွာများသို့ ပေးဝေရာတွင် သတိထား မိသည့် ပစ္စည်းအများဆုံးက အဝတ်အထည် အများဆုံးပါလာ၏။ ပီနံအိတ်များနှင့်သိပ်ထည့်ထားပြီး ရက်ကြာနေသော အထုပ်များမှာ အောက်စော်ပင်နံနေပြီဖြစ်သည်။ အဝတ်အစားအဟောင်းတွေက များနေတာကို သတိထားမိလိုက်၏။

မကြာပါ အထက်တွင် တင်ပြပါရှိသော နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ အတွက် ပြည်သူ့ဆန္ဒခံယူပြီး နောက် ၂ဝ၁ဝ ရွေးကောက်ပွဲကြီး ကျင်းပပါတော့သည်။ အဟောင်းတွေပေးလှူသည့်အကျိုးကို ပေးပါတော့၏။ စစ်တပ်အုပ်ချုပ်သည့်ကာလကနေ တပ်မတော်အရာရှိများကပင် အရပ်ဝတ်ပြောင်းဝတ်ပြီး အရပ်သားအစိုးရပုံစံ ဖြစ်လာပါတော့၏။ နိုင်ငံရေးအပြောင်းအလဲမှာပင် တူသောအကျိုးကို ပေးလိုက်ပုံရ၏။

ဤအကျိုးပေးကို သတိထားပြီး နိုင်ငံရေးသမားများသည် အစစအရာရာ သတိထား၍ စိတ်သစ်လူသစ်ဖြင့် ပြောင်းလဲချိန်တန်ပြီ၊ ပြောင်းလဲကြရ အောင်ဆိုသောစကားနှင့် အသိတရားဝင် အရဲစွန့်ကာကြိုးပမ်းခဲ့၍ ၂ဝ၁၅ ရွေးကောက်ပွဲကြီးက အရပ်သားအစိုးရစစ်စစ် မွေးဖွားသန့်စင်နိုင်ခဲ့ပါသည်။

သို့သော်လည်း ယနေ့တိုင်အောင် ဒီမိုကရေစီစနစ်ကို သွားနေသည့်နေရာတွင် ပြည်သူ့အစိုးရအနေဖြင့် အနှောင့် အယှက်အဟန့်အတားများနှင့် တွေ့ကြုံနေရသည်ကို ပြည်သူများသိပါလိမ့်မည်။ ဒါသည်ပင်လည်း စာရေးသူ၏ အတွေးအမြင်ရှုထောင့်အရ တူသောအကျိုးပေးကို ပေးနေသည်များလားဟု တွေးထင်မိပါသည်။

အကြောင်းကတော့ ယနေ့အချိန်အခါမှာ စည်းကမ်းမရှိမှုကြောင့် လမ်းပေါ်ချထားရသော လမ်းလယ်တုံးများက လွတ်လပ်စွာသွားလာရခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့အပြင် မြို့တွင်းကားပါကင်အတွက် ထားရှိ သောနေရာများတွင် ထိုင်ခုံများ၊ ပန်းအိုးများ၊ တာယာများချထားခြင်းဖြင့် နေရာဦးကာ ကိုယ့်အတွက်အဆင်ပြေမှုကိုသာ ကြည့်သည့်စိတ်ထားများက နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ လာအကျိုး ပေးနေရော့သလားဟုပင် တွေးထင်နေမိပါသည်။

ယနေ့အချိန်ထိ ရာထူးအာဏာနေရာမှ မဖယ်ချင်၊ မထွက်ချင်ဖြစ်နေသော လူတချို့ကို တွေ့နေရသေး၏။ အ ကြောင်းကတော့ စာရေးသူတောင်ဒဂုံ ရပ်ကွက်တစ်ခုသို့ ရောက်သောအခါ လမ်းတွင် ကွန်ကရစ်များခင်းထားသော်လည်း ဝင်မိလျှင်နောက်ပြန်ထွက်ရန် အတွက် သူများအိမ်ဝင်ပေါက်တွင်ကားကို ခေါင်းထိုး၊ ဖင်ထိုးပြီး လွန်းထိုးထွက်ရ၏။

ကားကွေ့မရစေရန် ဝင်ပေါက်ရှေ့ တွင်သဲအိတ်၊ ကျောက်တုံးခုံးများချထားသည်ကို တွေ့ရလေ၏။ အနည်းငယ်လမ်းထဲဝင်မိလျှင် ပြန်လှည့်မထွက်နိုင်တော့ပါ။ လမ်းတိုသည့်နေရာတွင် အလုပ်မဖြစ်၍ တကွေ့တစ်ပတ် လမ်းရှည်ကြီးအဆုံးထိ သွားနေရပါသည်။ လိုရာကိုအချိန် မီမရောက်နိုင်တော့ပါ။

ယနေ့အချိန်အခါ အစိုးရ၏ရည်မှန်းချက်များကို အချိန်တိုအတွင်း မရောက်နိုင်သည်မှာ အဆိုပါအတားအဆီးများ၊ အဆို့အပိတ်များထားခြင်း၊ နေရာမှမဖယ်ချင်ခြင်းသည် ပြည်သူများ၏နိုင်ငံရေး ပြောင်းလဲမှုကိုလာ၍ အကျိုးပေးနေသည်လားဟုပင် တွေးထင်နေမိပါသည်။

သွားလာမှု အဆင်ပြေစေရန် ချထားသော အတားအဆီး၊ အဆို့အပိတ်များကို ဖယ်ရှားသင့်ပါသည်။ နိုင်ငံပြုပြင် ပြောင်းလဲရေးလုပ်ဆောင်နေရာတွင် ပြည်သူများ၊ ဝန်ထမ်းများတို့သည် နေရာမမက်ဘဲ လိုက်ပါကူညီပေးရမှာ ဖြစ်ပါသည်။ နိုင်ငံရေးဟုပါးစပ်မှပြောနေရုံဖြင့် မလုံလောက်ပါ။

ဤနေရာတွင် ဆရာရဲခေါင်မဲမောင် ကာတွန်းနေမျိုးအေး၏ ဟောပြောချက်ထဲက လူငယ်လေးယောက် အင်တာဗျူးတစ်ခုတွင် ဖြေသွားကြပုံများကို တင်ပြလိုပါသည်။ အလုပ်ခန့်ရန်အတွက် နောက်ဆုံးကျန်ရှိနေသော လူငယ်လေးယောက်မှာ အတွေးအခေါ်ကောင်းကြသူများဖြစ်ကြပါသည်။

ကုမ္ပဏီပိုင်ရှင်က တစ်ယောက်ချင်းကို အခန်းတွင်းခေါ်ပြီး ယခုလိုမေးပါသည်။

” ရှေ့ခန်းမှာ ယာဉ်မောင်းနဲ့လူပိုတစ်ယောက်သာ စီးနိုင်ပြီး နောက်ကကုန်အပြည့်နဲ့အလုံပိတ်ကားကို မင်းဟာ မောင်းလာတယ်ဆိုပါတော့ကွာ။ အဲ့ဒီအချိန်မှာ မိုးကလည်း တဖွဲဖွဲရွာနေတယ်။ ရှေ့ကလူသုံးယောက်က တား လိုက်တယ်။ တစ်ယောက်ကမင်းကို ကားမောင်းသင်ပေးပြီး ကုမ္ပဏီမှာ အလုပ်သွင်းပေးတဲ့ အစစအရာရာ ကူညီနေတဲ့ကျေးဇူးရှင်ဆရာ၊ ဒုတိယတစ်ယောက်က ဆေးရုံကိုအချိန်မီ ပို့ပေးရမယ့်လူနာရှင် ကိုယ်နဲ့ဘာမှမဆိုင်တဲ့လူ၊ နောက်တစ်ယောက်ကမင်းနဲ့ ဘဝလက်တွဲဖော်အဖြစ် ရည်မှန်းထားတဲ့ မကြာခင်လက်ထပ်တော့မယ့် ချစ်သူဖြစ်နေတယ်။ ကားကလည်းတစ် ယောက်ပဲတင်လို့ရတာကြောင့် ဘယ် သူ့ကိုခေါ်မှာလဲ။ ခေါ်ရင်လည်း ဘာကြောင့်ခေါ်ရတာလဲ။ ဒါကိုသိချင်တယ်”

ပထမလူငယ်သည် အတန်ငယ်စဉ်းစားပြီး ” ဆေးရုံကိုပို့ပေးမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ လူ့ဘဝမှာအသက် တစ်ချောင်းဟာ တန်ဖိုးရှိလို့ပါ။ ပစ္စည်းဥစ္စာထက် အသက်ကပိုအရေးကြီးပါတယ်။ ကျွန်တော့်လုပ်ရပ်ကို ဆရာနဲ့ ချစ်သူ ခွင့်လွှတ်မယ်လို့ ထင်ပါတယ်”

” မင်းအဖြေဟာ သဘာဝကျပါတယ်။ ရွေးမယ်ဆိုရင် အကြောင်းကြားလိုက်ပါ့မယ်။ ခုတော့ ပြန်နိုင်ပါပြီ”

ဒုတိယလူငယ်က ယခုကဲ့သို့ ဖြေဆိုပြန်သည်။

” ကျွန်တော် ကျေးဇူးရှင်ဆရာကို ခေါ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူကူညီလို့ ဒီလိုဘဝကိုရောက်ရတာပါ။ ဒီလိုကျေးဇူးရှင်ကို အလေးမထားရင် ဘဝမှာမကြီးပွားနိုင်ပါဘူး။ ဘဝရပ်တည်မှုကိုပေးတဲ့အလုပ်ရှင်နဲ့ အလုပ်ကိုလေးစား ရမှာပါ”

” ဟုတ်ပါပြီ ဖြေတာကောင်းပါတယ်။ ရွေးမယ်ဆိုဖုန်းဆက်လိုက်ပါ့မယ်။ ပြန်နိုင်ပါပြီ”

ဤသို့ဖြင့် ကုမ္ပဏီပိုင်ရှင်သူဌေးက တတိယလူငယ်ကို အခန်းထဲခေါ်လိုက် ပြန်ပါသည်။ ရှေ့မှမေးခွန်းကို မေးပြန်ပါသည်။

” ကျွန်တော့်အနေနဲ့ကတော့ ဘဝလက်တွဲဖော်အဖြစ် ရွေးထားတဲ့ချစ်သူကိုပဲ ခေါ်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအလုပ်လုပ်တယ်ဆိုတာ ကိုယ့်ချစ်ဇနီး၊ မိသားစုပျော်ရွှင်စွာနေနိုင်ဖို့ လုပ်ရတာပါ။ ချစ်သူကလည်း အားကိုးရတဲ့ယောက်ျားလို့ ယုံကြည်လို့ ချစ်သူအဖြစ် ထားရှိနေတာပါ။ မငဲ့ညှာဘူးလို့ မြင်သွား ရင် ဘဝရည်မှန်းချက်တွေ ပျက်စီးသွားမှာပါ။ ဒါကြောင့် ချစ်သူကိုခေါ်မှာပါ”

” အင်း ဒါလည်း ဟုတ်နေတာပဲ။ ရွေးမယ်ဆိုခေါ်လိုက်ပါ့မယ်။ ခုတော့ပြန်လို့ရပါပြီ”

အဲဒီနောက် စတုထ္ထမြောက် နောက်ဆုံးလူငယ်ကို မေးပြန်ပါသည်။

” ကဲ မင်းကရော ကျေးဇူးရှင်၊ လူနာ၊ ချစ်သူ၊ ဒီသုံးယောက်ထဲက ဘယ်သူ့ကိုခေါ်မှာလဲ”

နောက်ဆုံးလူငယ်က မတွေဝေဘဲ ပြုံးရွှင်စွာပြန်ဖြေလိုက်သည်ကတော့-

” ကျွန်တော် ကားပေါ်ကဆင်းမယ် ပြီးတော့ ကျေးဇူးရှင်ဆရာကို ကားသော့ပေးပြီး လူနာကိုဆေးရုံလိုက်ပို့ပေးဖို့ ပြောမယ်။ ကျွန်တော်ကတော့ချစ်သူလက်ကိုဆွဲ မိုးရွာထဲမှာလမ်းလျှောက် မယ်ဗျာ”

ဤနေရာတွင်ပြောချင်သည်က အရင်ဖြေသွားသည့် လူငယ်သုံးယောက်အနေနှင့် သူတို့အတွေး၊ သူတို့အယူ အဆနဲ့မှန်နေကြခြင်းဖြစ်သည်။ ဒါပေမဲ့ သူတို့အနေဖြင့် ထိုင်နေသည့်နေရာကနေ ထပေးဖို့၊ ဖယ်ပေးဖို့ မစဉ်းစားမိကြပါပေ။ အကုန်အစင်မဖြေနိုင်ခြင်း ဖြစ်ပါသည်။

တစ်ခါတလေ အားလုံးအဆင်ပြေဖို့အတွက် ကိုယ်ထိုင်နေသည့်နေရာ၊ ကိုယ်ရနေသည့် အခွင့်အရေးတွေကို မယူဘဲ ဖယ်သင့်လျှင်ဖယ်ပေးရပါလိမ့်မည်။ အခွင့်အရေးတွေကို စွန့်လွှတ်သင့်လျှင် စွန့်လွှတ်ရပါမည်။ ဖက်တွယ်မထားသင့်ပါဟု ဆိုချင်ပါသည်။

ယခုရက်ပိုင်းလောက်က နိုင်ငံတော်သမ္မတရာထူးမှ အနားယူသွားသည့် ဦးထင်ကျော်မှာ မည်သည့်အ ကြောင်းကြောင့်ဖြစ်ပါစေ၊ နေရာကနေထပေး၊ ထွက်ပေးခြင်းသည် အားလုံးအဆင်ပြေဖို့အတွက် ထွက်သည်ဟု ကျွန်တော်မြင်မိပါသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်