ဧရာဝတီ၏ ပထမဆုံးမြစ်ခွဲ ပျောက်ကွယ်ခဲ့ခြင်း

အောင်သူရ(ဥပဒေ)
မြစ်တွေ၊ ချောင်းတွေ၊ လက်တက်တွေ တိမ်ကောပျက်သုန်းပျောက်ဆုံးသွားကြောင်း ကြားသိဖတ်ရှုမိတာတွေတော့ ရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ ကချင်ပြည်နယ်မှာ ရွှေကူနဲ့ ကသာကြား ဧရာဝတီမြစ်ကမ်းဘက်မှာ ရှမ်းကုန်းပြင်မြင့်ဆီမှ မြစ်ဖျားခံစီးဝင်လာတဲ့ မြစ်တစ်စင်းရှိပါတယ်။ ဝေမြစ်လို့ခေါ်ပါတယ်။ အဲ့ဒီဝေမြစ်ဟာ မိုးအခါမှာတော့ ရေစီးရေလာရှိလို့ ဆောင်းနဲ့နွေအခါမှာ အင်းကြီးသဖွယ်သာ ရှိနေရကြောင်းသိရှိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မုတ်ကျွန်းက သခွပ်မြစ်ဆိုတဲ့ မြစ်တစ်စင်းဟာ အရင်က လက်ခုပ်ကုန်းနဲ့ ပင်လယ်ဝကို လေးကိုင်းသဖွယ် ဆက်နွယ်စီးဆင်းခဲ့ဖူးပါတယ်။ အဲ့ဒီမြစ်ထဲမှာ နှစ်ထပ်သင်္ဘော၊ စပါးသမ္မန်တွေ လူးလားခေါက်ပြန် ခုတ်မောင်းသွားလာခဲ့ဖူးပါတယ်။ အခုတော့ နုံးတင်မြေနုတွေ၊ တဖြည်းဖြည်းပို့ချရင်း အဲ့ဒီမြစ်ငယ်လည်း တိမ်ကောသွားပြီဖြစ်ပါတယ်။ တချို့ကလည်း ကော့မှူးမြို့နယ်ကနေ ပင်လယ်ဝဘက်ကို ဝါးဘလောက်သောက်ရွာလေးဘေးကစီးဆင်းသွားလို့ ဝါးဘလောက်သောက်မြစ်လို့လည်း ခေါ်ပါတယ်။ အရင်က နှစ်ထပ်သင်္ဘောတွေ စုန်၊ ဆန်၊ သွားလာနေခဲ့ကြပေမယ့် ယခုတော့ သေဆုံးပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာက ခက္တိယရွာ၊ ခက္တိအယမှ ရန်ကုန်လှိုင်မြစ်ထိ ၃၄ မိုင်ကျော် ရှည်လျားတဲ့ပန်းလှိုင်မြစ်ဟာလည်း လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကစလို့ တိမ်ကောလာခဲ့တယ်။ အရင်လို လှေသင်္ဘောကြီးတွေ ဝင်ရောက်ခုတ်မောင်းနိုင်ဖို့ ၂၀၁၄ ခုနှစ်ကစလို့ ပြန်လည်တူးဖော်ခဲ့ရတယ်။ မိုးအခါမှာလည်း ပြည့်လျှံနေပြီမို့ ကွင်းရေတွေလျော့ချနိုင်ရေး နွေအခါ ရေချိုရရှိရေး၊ ဆားငန်ရေမဝင်ရောက်ရေး၊ မြစ်ကြောင်းမတိမ်ကောစေရေး၊ စိုက်ပျိုးမြေမထိခိုက်စေရေးတို့အတွက် ပန်းလှိုင်မြစ်ကြောင်းကြီးအပေါ် မဲဇလီအောက်ပိုင်း(အေးရွာလေး) မြစ်ဝများမှာ ရေတံခါးနှစ်ခုတည်ဆောက်ပေးရန် ဒေသခံတွေက တင်ပြတောင်းဆိုနေကြပါတယ်။
မြစ်တွေ၊ ချောင်းတွေ၊ လက်တက်တွေ၊ တိမ်ကော၊ ပျက်သုန်း၊ ပျောက်ဆုံးပုံတွေကို လေ့လာကြည့်တော့ အချို့က ပျောက်တစ်ခါ ပေါ်တစ်လှည့်နဲ့ အချို့မှာ ပျောက်ကွယ်ခဲ့ပြီး အချို့ကျတော့ တိမ်ကောပျက်သုန်းပြီးမှပြန်လည်တူးဖော်ခဲ့ရတာတွေပါ။ ပြီးတော့မြစ်လက်တက် ချောင်းလက်တက်တွေကိုလေ့လာသိရှိခဲ့ရတာပါ။ ဧရာဝတီမြစ်ရဲ့မြစ်ခွဲတွေထဲမှာလည်း ပထမဆုံးမြစ်ခွဲတစ်စင်းပျောက်ဆုံးခဲ့ရတယ်ဆိုရင်တော့ ကြားဖူးသူပင် ယုံချင်မှလည်း ယုံပါမယ်။ အထောက်အထားအခိုင်အမာနဲ့ လိုက်လံရှာဖွေလေ့လာခဲ့တဲ့သုတေသီတွေရှိခဲ့ကြပါတယ်။
ပုဂံခေတ်က အလောင်းစည်သူမင်းကြီးတိုင်းခန်းလှည့်လည်တော့သမုဒ္ဒရာကိုသွားတော်မူတဲ့အကြောင်းကို ရာဇဝင်အစောင်စောင်မှာ ရေးသားဖော်ပြမှတ်တမ်းတင်ခဲ့ကြတာ ရှိပါတယ်။
မှန်နန်းရာဇဝင်မှာ “ သက္ကရာဇ် ၄၅၄ မင်းဖြစ်သော အလောင်းစည်သူမင်းကြီးသည် မိဘုရားစသော မောင်းမမိဿံနှင့်တကွ ရေအားကြည်းအား စုံတော်မူလေ၏။ မွန်ပြည်နယ်သို့ သွားရောက်တော်မူလျှင် ကြေးလောင်းချောင်းကို ဝင်တော်မူကာလှေရံရှစ်သိန်းနှင့်တကွ သွားတော်မူ၏”လို့ ပါရှိပါတယ်။
ဦးကုလားမဟာရာဇဝင်တော်ကြီးမှာ “နေပြည်တော်ပေါက္ကာရာမ၌ အစောင့်အနေခန့်တော်မူ၍ မဟာသမုဒ္ဒရာအရပ်၌ အထူးထူးအထွေထွေသော ရှုဖွယ်ကြည်ညိုဖွယ်တို့ကို ကြည့်တော်မူလို၍ မောင်းမမိဿံနှင့်အကွ ရေအားကြည်းအား စုံတော်မူလျှင် ကြေးလောင်းချောင်းကို ဝင်တော်မူ၍လို့ ပုသိမ်တွင် ကွန်းတော်ဆောက်ပြီးသော် မိဘုရားမောင်းမမိဿံတို့ကို ထိုအရပ်တွင် ထားတော်မူပြီးမှ သင်္ဘောစီးတော်မူရင်း လှေရံရှစ်သိန်းနှင့်တကွ သွားတော်မူ၏ ” လို့ ဖော်ပြပါရှိပါတယ်။
ဒါကြောင့် အလောင်းစည်သူမင်းကြီး နေပြည်တော် ပေါက္ကာရာမမှ ပုသိမ်၊ ပုသိမ်မှသမုဒ္ဒရာဆီသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ မှန်နန်းနဲ့ ဦးကုလား၊ မဟာရာဇဝင်တို့အရ “ မွန်ပြည်နယ်သို့ရောက်လျှင် ကြေးလောင်းချောင်းကိုဝင်တော်မူ၍ ” လို့ မှတ်တမ်းတင်ဖော်ပြထားတာကြောင့် အထက်အညာပုဂံမှ ဧရာဝတီမြစ်ကြောင်းဖြင့် စုန်ဆင်းခဲ့ရာ အောက်ပြည်၊ မွန်ပြည်၊ အကြေဒေသအရောက်၊ ကြေးလောင်းချောင်းကိုဝင်၍ ပုသိမ်သို့ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကြေးလောင်းချောင်းဟာ ဧရာဝတီမြစ်ရဲ့ပထမဆုံးမြစ်ခွဲဖြစ်နိုင်ကြောင်း သုတေသီတို့ စူးစမ်းလေ့လာခဲ့ကြပါတယ်။ ကြေးလောင်းချောင်းဟာ မွန်တိုင်းဘယ်အရပ်ဌာနေ၊ ဘယ်နေရာ၊ ဘယ်ဒေသမှာ ရှိလေမလဲလို့လဲ မြို့ပြနယ် ၄ ရပ်၊ ၈ ရပ်၊ မြို့သီးကျေးသီးခွဲခြားပြီး ကျိတ်ပြု၊ ရာပြု၊ ထောင်ပြု၊ မြို့များပြုစုတည်ထောင်ရာမှာ သရေခေတ္တရာမြို့၊ တိဂုံမြို့၊ သထုံမြို့၊ ထားဝယ်မြို့၊ သန်လျင်မြို့၊ ကူထွက်မြို့ ၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မှော်ဘီမြို့၊ မြောင်းမြမြို့လို့ စမ္မူဒီပဥဆောင်ကျမ်းတွင် ဖော်ပြပါရှိတာကြောင့် ပုဂံခေတ်ရဲ့ ဧရာဝတီဒေသမှာ မြန်အောင် (ကူထွက်)၊ ပုသိမ်၊ မြောင်းမြတို့က မြို့ပြအဖြစ်တည်ရှိနေကြောင်း တွေ့ရပါတယ်။
ရာမညတိုင်းတလိုင်းသုံးရပ်လို့ဆိုခဲ့ကြတဲ့ မုတ္တမမဏ္ဍလ၊ ဟံသာဝတီမဏ္ဍလ၊ ကုသိမမဏ္ဍလမှာ ကုသိမမဏ္ဍလ(ပုသိမ် ၃၂-မြို့) စာရင်းမှာတော့ ကူထွက်မြို့ကို မွန်ဘာသာနဲ့ ကျိုက်တုံလုံတော (ကျိုက်ဒုံနုံတော) ရယ်လို့ ဖော်ပြထားပါတယ်။
ညောင်ရမ်းခေတ်နောက်ပိုင်း မဟာဓမ္မရာဇာဓိပတီ(ဟံသာဝတီရောက်မင်း) လက်ထက် မွန်တိုင်းကိုးရပ်ကို “ လွန်ဆေး” ၊ ကြံခင်း၊ ဓနုဖြူ၊ ဟင်္သာတ၊ ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်၊ ဒဂုန်၊ ဒလဆိုပြီး သတ်မှတ်ခဲ့ပါတယ်။
အဲ့ဒီသတ်မှတ်ချက်တွေအရ ကူထွက်၊ ကျိုက်တုံလုံတော၊ လွန်ဆေးလို့ အခေါ်အဝေါ်ကွဲပြားခဲ့ပေမယ့် အဲ့ဒီမြို့ဟာ အလောင်းမင်းတရားကြီး သမုဒ်ခဲ့တဲ့ မြန်အောင်မြို့ကို ဆိုလိုတာဖြစ်ကြောင်း အငြင်းပွားဖွယ်မရှိပါ။အလောင်းစည်သူမင်းကြီး ပုသိမ်မြို့ကိုသွားရောက်ခဲ့တဲ့ ဧရာဝတီရေကြောင်းလမ်းက မွန်ပြည်မြစ်ဝကျွန်းပေါ်အစ မြန်အောင်ဒေသအရောက် ကြေးလောင်းချောင်းမြစ်ခွဲမှ ခွဲထွက်လို့ ပုသိမ်သို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ မြန်အောင်ဒေသက ကြေးလောင်းချောင်းမြစ်ခွဲကို သုတေသီတို့ ဆက်လက်ရှာဖွေကြပါတယ်။
မြန်အောင်နဲ့ကြံခင်းအကြားမှာရှေးက “ကြေးတောကြီး” လို့ခေါ်တဲ့ အရပ်ရှိခဲ့ပါတယ်။ ကြေးလောင်းချောင်းကောလာပြီး သစ်တောကြီးဖြစ်လာခဲ့တယ်လို့ မှတ်ယူပြောဆိုခဲ့ကြပါတယ်။ အဲ့ဒီကြေးတောကြီးနေရာဟာ ကြေးလောင်းချောင်းဝလို့ ဆိုပါတယ်။
သရေခေတ္တရာ(ပြည်မြို့)နဲ့ မိုင် ၄၀ ခန့်ဝေးပါတယ်။ အခုတော့ တောကြီးလည်းကော၊ ချောင်းလည်းကောခဲ့ရပါပြီ။ ထူးအင်းကြီးသာ ဆက်စပ်တည်ရှိနေပါတော့တယ်။
ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းတစ်ရပ်က ၁၂၂၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၆၂ ဗြိတိသျှခေတ်က ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေကာတာကြီးကိုတည်ဖို့ရာမှာ ပါဝင်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။ ရေကာတာမတည်ဆောက်မီက အဲဒီနေရာ မြန်အောင်မြို့ အနောက်ဘက် လေးမိုင်ခန့်အကွာမှာ မြောက်မှတောင်ဘက်ကို ချောင်းတွေ၊ ရိုးတွေစီးဆင်းတည်ရှိခဲ့တယ်လို့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ ရေကာတာကြီးတွေဆောက်ပြီး စိုက်ပျိုးမြေလယ်ကွင်းတွေ ပေါ်ထွန်းလာတာကြောင့် ကြေးတောကြီးရော၊ ကြေးလောင်းချောင်းပါ ကွယ်ပျောက်ခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာပြည်မြေပုံ၊ ဂရစ်မြေပုံ၊ ကောင်းကင်ဓာတ်ပုံများနှင့် ရာဇဝင်ကျမ်းဂန်တွေကို ကိုးကားဆက်စပ် သုတေသနပြုခဲ့ရာမှာ မြန်မာပြည်မြေပုံကိုကြည့်ရင် ကြံခင်းနဲ့မြန်အောင် အကြားက ဧရာဝတီမြစ်ဟာ အနောက်မြောက်မှ အရှေ့တောင်သို့ ချိုးကွေ့ပြီးမှ တောင်သို့ဆက်လက်စီးဆင်းသွားကြောင်းတွေ့ရပါတယ်။ အဲဒီနေရာတစ်ဝိုက်ဟာ (ကြေးလောင်းချောင်းဟောင်းနဲ့ သစ်တောကြီးများ ပေါက်ရောက်ရာ) ကြေးတောကြီးဖြစ်ပါတယ်။ ကြေးတောကြီးကွယ်ပျောက်ပေမယ့် ဆက်စပ်တည်ရှိတဲ့ ထူးအင်းကြီးနဲ့ အင်းထဲမှာရှိတဲ့ သင်္ဘောပျက်တို့ရှိခဲ့တာကြောင့် ပုဂံခေတ်က ကြေးလောင်းမြစ်ပြင်ဟာ တောင်ဘက်သို့ စီးဆင်းရာ၌ ထူးအင်းဒေသကို ဖြတ်သန်းသွားရမှာဖြစ်ကြောင်း ဂရစ်မြေပုံမှာ တွေ့ရပါတယ်။ ဆက်လက်ပြီးထူးအင်းဒေသမှ တောင်ဘက်သို့ စီးဆင်းလျင် အနောက်ချောင်း(ခေါ်) ငဝန်မြစ်(ပုသိမ်မြစ်)နဲ့ ပေါင်းဆုံသွားမှာဖြစ်ပါတယ်။ အင်္ဂပူမြို့နယ်အတွင်းရှိ နောက်မီးချောင်းသည်လည်း ထူးအင်းမှ မြစ်ဖျားခံစီးဆင်းခဲ့တာဖြစ်ပါတယ်။
ထူးအင်းရဲ့ တောင်ဘက်ကို လေ့လာကြည့်တဲ့အခါမှာတော့ ဂရစ်မြေပုံ၊ ကောင်းကင်ဓာတ်ပုံတွေအရ ဧရာဝတီမှ ခွဲထွက်စီးဝင်လာတဲ့ ငဝန်မြစ်(ပုသိမ်မြစ်) နှင့် ထူးအင်းအကြား ချောင်းကော၊ ရိုးကော၊ ရေကြောင်းရာတွေ များစွာတွေ့ရှိရပါတယ်။ ရှေးမြစ်ကြောင်းဟောင်းရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်လက္ခဏာတွေဖြစ်ပါတယ်။
ဤမျှမက ဘက်ပေါင်းစုံမှ အထောက်အထားပေါင်းစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့တဲ့ မြန်အောင်မြို့ကစာရေးဆရာ သုတေသီဇင်မင်း(သမိန်ထော) ကလည်း တိုင်းဧရာမော်ကွန်းမဂ္ဂဇင်း ၂၀၁၁-၁၀၁၅ မှ “ ကြေးလောင်းချောင်းနှင့် သဥ္စာလီ” ဆောင်းပါးနိဂုံးပိုင်းတွင် “ လေ့လာစူးစမ်းချက်များကို အနှစ်ချုပ်၍ ဆိုရပါလျှင် ပုဂံခေတ်က အလောင်းစည်သူမင်းကြီး ဝင်ခဲ့သောဧရာဝတီမြစ်ခွဲဖြစ်သည့် ကြေးလောင်းချောင်းအစသည် ယနေ့မြန်အောင်မြို့မြောက်ဘက်နား(ခန့်မှန်းမြစ်ကျိုး ကျေးရွာအုပ်စုတစ်ဝိုက်) ဖြစ်နိုင်ပြီး မြန်အောင်မြို့၏ အနောက်ဘက် လေးမိုင်ခန့်အကွာမှစ၍ တောင်ဘက်သို့စီးဆင်းသွားကာ ထူးအင်းဖြစ်လာမည့်ဒေသမှတစ်ဆင့် တောင်ဘက်သို့ ဆက်လက်စီးဆင်းပြီး အနောက်ချောင်း(ခေါ်)ငဝန်မြစ်(ပုသိမ်မြစ်)နှင့် ပေါင်းသွားသည်ဟု ခန့်မှန်းရရှိပါသည်။ ဤကားရာဇဝင်ပါရှိသော မွန်ပြည်သို့ ရောက်တော်မူလျှင် ကြေးလောင်းချောင်းကို ဝင်တော်မူ၍ ပုသိမ်၌ ကွန်းထောက်ဆောက်ပြီးသော်” ဆိုသော သမိုင်းပါ ကြေးလောင်းချောင်ရေကြောင်းကို ဖော်ထုတ်ကြည့်ခြင်းဖြစ်ပါသည်လို့ ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါတယ်။ ငဝန်မြစ်(ပုသိမ်မြစ်) အထက်က ဧရာဝတီ၏ပထမဆုံးမြစ်ခွဲဖြစ်တဲ့ ကြေးလောင်းချောင်းကာ ရာဇဝင်သမိုင်းတို့၌သာ မှတ်တမ်းတင်ခဲ့သော်လည်း မြန်မာပထဝီမြေပြင်၌မူကား ကွယ်ပျောက်ခဲ့လေပြီ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်