ဥဿုံတီးသမားက ဝိုင်းဆရာလုပ်နေတယ်

၂၀၁၈၊ မေ၊ ၁၂ ရက်ထုတ်(ယူနတီဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၂))

နောင်တင်စိုး

အခုရေးမယ့်ဆောင်းပါးခေါင်းစဉ်ကို ” ဥဿုံတီးသမားက ဝိုင်းဆရာလုပ်နေတယ်” လို့တပ်ထားပါတယ်။ ဒီလို တပ်လိုက်တဲ့အတွက် စာဖတ်သူတွေထဲမှာ အနက်အဓိပ္ပာယ်ကို နားမလည်သူတွေလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဥဿုံတီးဆိုတာဘာလဲ၊ ဘယ်ကလာတဲ့ စကားရပ်လဲလို့မေးရင် ” အငြိမ့်” က လာတဲ့စကားရပ်လို့ အရင်ဦးဆုံးပြောလိုပါတယ်။

အငြိမ့်တူရိယာအဖွဲ့ထဲမှာ စည်းနဲ့ ဝါးကိုတီးပေးရတဲ့ စည်းတီးဆိုတာရှိပါတယ်။ စည်းတီးဆိုပေမယ့်သူ တီးရတာ စည်းနဲ့ဝါးတင်မဟုတ်ဘဲ အမယ်ကိုးမျိုး ထက်မနည်းတဲ့ တူရိယာတွေကိုတီးရတာဖြစ်လို့ သူ့ကို ဥဿုံတီးလို့လည်းခေါ်ပါတယ်။ အငြိမ့်ထဲမှာ ဒိုးတီးသမားက အဆစ်အပိုင်းလေးတီးပေမဲ့ ဥဿုံတီးလို့ ခေါ်တဲ့အစုံတီးသမားကိုလည်း အဆစ်အပိုင်း သွင်းခိုင်းတတ်ပါတယ်။ ဒါ့ကြောင့် အစုံတီးသမားကဇာတ် ခုံပေါ်မှာကနေ၊ ပြောနေတဲ့ဟန်ပန်အမူအရာကို ကြည့်ပြီး အခြေအနေ၊ အချိန်အခါနဲ့အညီ တူရိယာပစ္စည်းကိုသုံးပြီး တီးပေးရပါတယ်။ အဲဒီလိုတီးပေးမှသာ ပွဲကြည့်သူ ပရိသတ်တွေရဲ့ရင်ထဲကို ထိရောက်စေတာပါ။

ဒါ့ကြောင့်ဥဿုံတီးသမားဟာအခြေအနေပေါ် မူတည်ကာ ဒိုင်းဒိုင်းဆိုပြီး ဘင်သံပေးချင်ပေးရမယ်။ တုတ်တုတ်နဲ့ ပလုတ်ကိုခေါက်တန်ခေါက်ရမယ်။ တိန်တိန်ဆိုပြီး စည်တိုကိုနှက်တန်နှက်ရမယ်။ တန်းတန်းနဲ့ တရုတ်မောင်းကိုတီးတန်တီးရမယ်။ ခန်းခန်း နဲ့ လင်းကွင်းကြီးကို ခေါက်ရိုက်တန်ရိုက်မယ်။ ချမ်းချမ်းနဲ့ လင်းကွင်းငယ်ကိုတီးတန်တီးမယ်။ ချွင်ချွင်နဲ့ သံလွင်စည်းကိုတီးတန်တီးမယ်။ ခေါက်ခေါက်နဲ့ ဗြောက်တုံးကိုရိုက်တန်ရိုက်မယ်။ ရွှီရွှီနဲ့ဝီစီခရာကို မှုတ်တန်မှုတ်မယ်။ ချပ်ချပ်နဲ့ ခြူကိုလှုပ်တန်လှုပ်မယ် စသဖြင့် ဥဿုံတီးသမားက သူ့နေရာနဲ့ သူအဆစ်အပိုင်း သွင်းပေးရပါတယ်။ ဥဿုံတီးသမားဟာ ဘယ်နေရာမှာ ဘယ်အသံမျိုးနဲ့ပိတ်ဆို့ပေးမှ၊ ဆစ်ပိုင်းပေးမှဆိုတာသိရပါတယ်။ သူအတီး ကောင်းလေ အငြိမ့်အသံတွေဟာမြိုင်ဆိုင်လေပါပဲ။ ဥဿုံတီးသမားက လိုတဲ့အသံကို အံဝင်ခွင်ကျထည့်ပေးတတ်ရပါမယ်။ မလည်မဝယ်နဲ့မတီးတတ်၊ မပြုတတ်ဆိုရင် ကျန်တဲ့အတီးသမားတွေအလုပ်ဖြောင့်ဖြောင့်လုပ်လို့ မရတော့ပါ ဘူး။

ဥဿုံတီးသမားက အငြိမ့်မင်းသမီး ဆိုရာ၊ ကရာမှာချည်းပဲ အဆစ်အပိုင်းတီး ပေးရတာမဟုတ်ဘဲ လူပြက်ပြက်ရာမှာ တောင် သူ့အလုပ်ကရှိနေပါသေးတယ်။ ပြက်လုံးတစ်လုံးဟာ ပြက်လုံးချည်းပြော ပြနေတာနဲ့တင် ရယ်စရာသိပ်မဖြစ်လာပါဘူး။ ဥဿုံတီးသမားကပြက်လုံးမှာဂျိဂျိဂျိဆိုတာမျိုးလိုတယ်ဆိုရင် ဂျိဂျိဂျိတီး ပေးရပါတယ်။ အဲဒီတော့မှ ပရိသတ်က တဝေါဝေါနဲ့ရယ်ကြတာပါ။ ဥဿုံတီး သမား အမြင်ကြီးရင်ကြီးသလို ပွဲစည်တော့တာပါပဲလို့ အမေလူထုဒေါ်အမာကသူ့ရဲ့အငြိမ့်ဆိုတဲ့စာအုပ်မှာ ရေးသား ထားပါတယ်။

ဒီတော့ ဥဿုံတီးသမားဟာ သူ့ရဲ့ အတီးပေါ်မူတည်ပြီး ပရိသတ်ပွဲကျတယ်။ ကျန်တဲ့အငြိမ့်အဖွဲ့သားတွေလည်းဆိုလို့၊ ကလို့၊ တီးလို့ကောင်းကြတယ်။ ဒါ့ကြောင့် အငြိမ့်အဖွဲ့မှာအရမ်းအရေးပါတဲ့ သူလို့ ထင်စရာရှိပေမဲ့လက်တွေ့မှာတော့ ဥဿုံတီးသမား တီးရတဲ့တူရိယာပစ္စည်းတွေဟာ အခြားသူတွေတီးရ၊ မှုတ်ရတဲ့ ပတ္တလား၊ တယော၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ စန္ဒရား၊ ဆိုင်းဝိုင်း၊ ဘာဂျာစတဲ့ ဟာတွေလို သံစုံမထွက်ပါဘူး။ ပြောရ မယ်ဆိုရင်တော့ ဥဿုံတီးသမားရဲ့ တူရိယာပစ္စည်းတွေဟာ ဘယ်လိုတီး တီး ခုနစ်သံမမြည်ဘဲ တစ်သံတည်းမြည်တယ်လို့ပြောရမှာပဲ ဖြစ်ပါတယ်။

အဲဒီလို ဘယ်လိုတီးတီး ခုနစ်သံ မမြည်တဲ့ဥဿုံတီးသူက အငြိမ့်အဖွဲ့မှာ ဝိုင်းဆရာတက်လုပ်နေတယ်လို့ပြောရင် အမြင်မတော် ဆင်တော်နဲ့ခလောက် ဆိုသလိုဖြစ်နေမှာပါ။ အငြိမ့်လောက၊ ဂီတ သဘောတရားကို နားမလည်တဲ့သူတွေက ဥဿုံတီးသမားကို ချီးကျူးချင် ချီး ကျူးနိုင်ပေမယ့် ဂီတပညာရှင်တွေကတော့ အခြားတူရိယာတွေမတီးတတ်ဘဲ ဥဿုံပဲတီးတတ်သူက ဝိုင်းဆရာတက်လုပ်နေတာကို ချီးကျူးကြမှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အငြိမ့်အဖွဲ့မှာ ဝိုင်းဆရာအဖြစ်ပညာရှင် တွေသတ်မှတ်ထားသူကတော့ ပတ္တလားဆရာဖြစ်လို့ပါပဲ။
အငြိမ့်တီးဝိုင်းမှာ ပတ္တလားဆရာက ဘာကြောင့် ဝိုင်းဆရာဖြစ်ရသလဲဆိုတော့ သူကပညာပြည့်ဝလို့ပါပဲ။ အငြိမ့် အတွက်ပတ်ခံ၊ ပတ်စမ်း၊ တီးလုံး၊ တီးကွက်တွေအားလုံးကိုသူကပဲရှာရတာမို့လို့ပါ။ အငြိမ့်မင်းသမီး ထွက်ခါနီးမှာ ဘယ်လိုဆန်းဆန်းပြားပြားတီးပြီး ပွဲထုတ်ရမလဲ။ မြိုင်အောင်ဘာလေးတွေ လုပ်ရင် ကောင်းမလဲဆိုတာ ပတ္တလား ဆရာကရှာရပါတယ်။

ဒါ့အပြင် သီချင်းရေးတဲ့ဆရာက မင်းသမီးဆိုဖို့ သီချင်းလာတက်ပေးတယ်ဆိုရင် ပတ္တလားဆရာက မင်းသမီးနဲ့အတူ လိုက်တက်ယူရပါတယ်။ ပြီးမှ အဲဒီသီချင်းကိုကောင်းအောင်မွမ်းမံပြင်ဆင်သလို၊ အဆင်ချောအောင် သုတ်သင်ရပါ တယ်။ ပြီးတော့မှ အခြားတူရိယာသမားတွေကို ဒိုးဆစ်နဲ့အစုံဥဿုံတီး သမားက ဘယ်လိုတီး၊ အပီတီးသမားကဘယ်လိုတီး ဆိုတာခွဲပေးပါတယ်။ ဆိုင်းမှာဆိုင်း ဆရာကအရေးပါသလို အငြိမ့်မှာလည်း ပတ္တလားဆရာက အရေးပါပါတယ်။ လူပြက်ကဖြစ်စေ၊ မင်းသမီးကဖြစ်စေ အငြိမ့်မှာအကွက်သစ်ကလေးတွေလုပ်ချင်တယ်ဆိုရင် ပတ္တလားဆရာနဲ့တိုင်ပင် ရပါတယ်။ သူနဲ့ညှိပြီးလုပ်မှ အလုပ်လုပ် လို့ရပါတယ်။ ပတ္တလားဆရာဟာ မင်းသမီးကို အရိုးအသားပါသင်ပြပြီး ဘာမဆို သွန်သင်ဆုံးမတဲ့ဆရာမို့လို့ မင်းသမီးက ပွဲထွက်ခါနီးရင်နောက် လှည့်ပြီး အတီးသမားကို ကန်တော့တာဟာ ဝိုင်းဆရာဖြစ်တဲ့ ပတ္တလားဆရာကို ကန်တော့တာပဲဖြစ်ပါတယ်။

အခုလို ဒူးနေရာဒူး၊ တော်နေရာ တော်ဖြစ်ရမယ့်ကိစ္စမှာ ဂီတနဲ့ပတ်သက်ရင် ကျွမ်းကျင်တဲ့၊ ဘယ်လိုတီးတီးခုနစ် သံမြည်အောင် တီးတတ်တဲ့သူကဝိုင်း ဆရာမလုပ်ဘဲ ဘယ်လိုတီးတီးခုနစ်သံ မမြည်တဲ့သူက ဝိုင်းဆရာလုပ်နေတဲ့အဖြစ်မျိုးအပြင်လောက လုပ်ငန်းခွင်တွေမှာ အများအပြားရှိနေတာကို တွေ့မြင် နေရပါတယ်။ ပြောရမယ်ဆိုရင်တော့ ဘုရားကအောက်၊ မျောက်ကအထက် ဆိုသလိုပါပဲ။

လုပ်ငန်းခွင်တွေမှာအများဆုံးတွေ့ နေရတာကတော့ လုပ်ငန်းကျွမ်းကျင်မှု၊ နားလည်မှုမရှိဘဲ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ ခန့်ထားခံရတဲ့သူတွေ၊ပြောင်းရွှေ့ရောက်လာတဲ့သူတွေဟာ မြင့်မားတဲ့ ရာထူးတာဝန်ကိုယူထားပြီးနားလည် တတ်ကျွမ်းတဲ့ပညာရှင်တွေကိုခပ်တည် တည်နဲ့ဆရာလုပ်ပြီး ခိုင်းစေနေတာပါပဲ။ တချို့ဆိုရင် အုပ်ချုပ်ရေးပိုင်းမှာတာဝန် ယူထားပေမဲ့ သူနားလည်တတ်ကျွမ်းမှု မရှိတဲ့ပညာရပ်ပိုင်းဆိုင်ရာမှာဝင်ရောက် စွက်ဖက် ပြောဆိုတာတွေရှိတာကိုလည်း တွေ့ရပါတယ်။

ဒီလိုပညာရပ်ပိုင်းဆိုင်ရာမှာ နားလည်တတ်ကျွမ်းမှုမရှိဘဲ ဆရာဝင်လုပ်နေသူတွေကိုပြင်ပပုဂ္ဂလိက လုပ်ငန်းခွင် တွေထက်စာရင်အစိုးရဌာနလုပ်ငန်းခွင်တွေမှာ အများဆုံးတွေ့ရပါတယ်။ ပြောရမယ်ဆိုရင်တော့ ပတ်သက်ရာ ပတ် သက်ကြောင်းနဲ့ ရွှေ့ပြောင်းလာတဲ့ မိုး ကျရွှေကိုယ်တွေပါပဲ။ သူတို့က အုပ်ချုပ်ရေးပိုင်းမှာသာ ကျွမ်းကျင်မှုရှိကြပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ပညာရပ်ပိုင်းဆိုင်ရာမှာတော့ မူလတန်းကလေး အဆင့်သာရှိသေးတယ်လို့ပြောရမှာပါ။ ကလေးအဆင့်ရှိသူက ကိုယ်မကျွမ်းကျင် တဲ့ပညာရပ်ပိုင်း ဆိုင်ရာမှာနားမလည်ဘဲ ဝင်ရောက်စွက်ဖက်တော့ ကမောက်ကမဖြစ်စဉ်တွေဖြစ်ပြီး အိုးနင်းခွက်နင်းနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ရတာတွေရှိပါတယ်။

အဲဒီလိုပါပဲတိုင်းပြည်တစ်ပြည်မှာ ပြည်သူက တိုက်ရိုက်ရွေးချယ်ပေးရတဲ့သူမဟုတ်ဘဲ မရွယ်ဘဲ စော်ကဲမင်းဖြစ် ရသူတွေဟာ အုပ်ချုပ်ရေးအတွေ့အကြုံ၊ ပညာရှင်ပိုင်းဆိုင်ရာကျွမ်းကျင်မှုမရှိတာကြောင့် လုပ်သမျှ၊ ပြောသမျှ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေဟာကမောက်ကမဖြစ်စဉ်တွေဖြစ်ပြီး အများရယ်စရာ၊ ကဲ့ရဲ့စရာတွေဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ အဖွဲ့အစည်းတစ်ခုမှာ အလုပ် အတူတူတွဲလုပ်တဲ့သူအချင်းချင်း ဥဿုံတီးသမား အဆင့်လောက်ပဲ အရည်အချင်းရှိသူက သူ့ထက်တော်တဲ့၊ တတ်တဲ့သူတွေကို ဆရာလုပ်နေ တာပါပဲ။

အတန်းပညာမပြည့်စုံတဲ့သူက နေရာဌာနမျိုးစုံရဲ့ အုပ်ချုပ်ရေးပိုင်းမှာ၊ တတ်သိနားလည်တဲ့ပညာရှင်တွေရဲ့အထက်မှာ ရာထူးကြီးကြီးရတော့ ဗျိုင်းနား ဘုရင်လို ထင်ရာမြင်ရာတွေ လုပ်တတ်ပါ တယ်။ ကိုယ်လုပ်မယ့်အလုပ် ကောင်း၏။ မကောင်း၏။ မှန်၏။ မမှန်၏မစဉ်း စားဘဲ ငါ့ကိုဘယ်သူမှစောဒက မတက်ရဲဘူးဆိုတဲ့အချိုးနဲ့လုပ်ချင်ရာကို ဇွတ်လုပ်လိုက်တဲ့အခါ အများကဲ့ရဲ့စရာတွေ ဖြစ်ပြီး တချို့ကိစ္စတွေဆိုရင် ပြည်သူ့ဘဏ္ဍာငွေတွေဆုံးရှုံးမှုပါဖြစ်ရပါတယ်။

ပညာရေးမှာ မပြည့်စုံတော့ဆင်ခြင် တုံတရားကင်းမဲ့ပြီး ပညာတတ်လူတန်း စားတွေ၊ ပညာရှင်တွေ၊ လုပ်ငန်းကျွမ်း ကျင်သူတွေကို ဟိုလိုမပြောနဲ့၊ ဒီလိုမလုပ်နဲ့၊ ဟိုလိုပြော၊ ဒီလိုလုပ်ဆိုပြီး ပြော ဆိုခိုင်းစေတာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုမပြည့်တဲ့ အိုးဘောင်ဘင် ခေတ်မှုတွေကြောင့် မခံမရပ်နိုင်တဲ့ ပညာရှင်တွေဟာ လုပ်ငန်းခွင်ကိုစွန့်ခွာမှုတွေရှိလာတာကြောင့် ဦးနှောက်ယိုစီး မှုတွေဖြစ်ခဲ့ရပါတယ်။

ဒါ့ကြောင့် ဘယ်လုပ်ငန်းခွင်မှာမဆိုသူ့နေရာနဲ့ သူအံဝင်ခွင်ကျဖြစ်မယ့်သူ တွေနဲ့ဖွဲ့စည်းထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လုပ်ငန်းအကြောင်း နားမလည်သူတွေက အထက်ကနေပြီး ဆရာလုပ်တဲ့အခါ ကမောက်ကမဖြစ် စဉ်တွေပဲဖြစ်လာမှာပါ။ ဆိုချင်တာကတော့ ဥဿုံတီးသမားကပိုက်ဆံရှိလို့ အ ငြိမ့်ထောင်ဆရာလုပ်တာ ကိစ္စမရှိပေမယ့် ငါအငြိမ့်ပိုင်ရှင်ပဲ။ ဒါ့ကြောင့်ဝိုင်း ဆရာငါလုပ်မယ်ဆိုပြီး စည်းနဲ့ဝါးကိုင်ကာ ဝိုင်းဆရာလုပ်လို့တော့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုတီးတီးခုနစ် သံမမြည်တဲ့စည်းနဲ့ဝါး တူရိယာနှစ်မျိုး တည်းနဲ့ အငြိမ့်သီချင်းတိုက်ဖို့မဖြစ်နိုင် သလို သံစဉ်တွေအကြောင်း နားမလည် တဲ့ဥဿုံတီးသမားကဝိုင်းဆရာဝင်လုပ်နေ ရင်လည်းပညာရှင် အတီးသမားတွေ ကပညာပြတဲ့အနေနဲ့ တစ်ယောက် တစ် ပေါက်တီးချင်တိုင်း တီးနေမှာမို့လို့ သံစဉ် တွေမညီမညာဘဲ အိုးနင်းခွက်နင်း ဖြစ် ပြီး အော်ဂလီဆန်တဲ့အသံတွေသာထွက် နေမှာပါ။

ဒါ့ကြောင့် ဥဿုံတီးသမားကဝိုင်း ဆရာဝင်လုပ်ရင် အဲဒီအငြိမ့်မှာ ကသောင်း ကနင်းဖြစ်နိုင်သလို အုပ်ချုပ်ရေးနဲ့ ပညာရပ်ဆိုင်ရာတွေမှာ နားလည် တတ်ကျွမ်းမှုမရှိသူတွေ လုပ်ငန်းခွင်မှာရှိရင်လည်း အဆင်မပြေမှုတွေရှိနေမှာဖြစ်လို့ နိုင်ငံတစ်ခုမှာ အုပ်ချုပ်သူလူတန်းစားရော၊ အုပ်ချုပ်ခံလူတန်းစားရော ဥဿုံတီးသမားအဆင့်လောက်ပဲ ရှိကြရင် အဲဒီနိုင်ငံရဲ့ရှေ့ရေးဟာ ရင်လေးစရာအခြေအနေမျိုးပဲ ရှိနေမှာဖြစ်ကြောင်း ပြောချင်ပါတော့တယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်