အိမ်ကွင်းမှာတောင်မဟောင်ရဲတဲ့ဘဝ

သန်းထိုက်လူ

၂၀၁၈၊ မေ၊ ၁၂ ရက်(ယူနတီဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၂၂))

အခုတစ်လော မိတ်ဆွေတစ်ယောက် လက်ဆောင်လာပေးတဲ့ စာအုပ်တစ်အုပ်ကို လေ့လာကြည့်မိတယ်။ ရောင်းတန်းမဝင်မှာစိုးလို့လားတော့မသိ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနဲ့ နိဒါန်းပျိုးထားပြီး၊ စာအုပ်ရဲ့အလယ်မှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေ နိုင်ငံရေးလုပ်ခဲ့တာလေးတွေကို ဖော်ပြလို့၊ နိဂုံးပိုင်းမှာတော့ ဒေါ်ခင်ကြည်ရဲ့ယောက်ျား နဲ့ အဆုံးသတ်လိုက်လေရဲ့ဗျာ။ တော်သေးတာပေါ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ အမှာစာနဲ့ ထွက်မလာတာပဲကျေးဇူးတင်ရမယ်ဗျ။ စာရေးဆရာတစ်ချို့က အဲဒီလို။ စာရေးဆရာတော်တော်များများကလည်း အဲဒီလို။ မိမိထင်ပေါ်ကြော်ကြားရင်ပြီးရော ဘယ်သူ့ကိုပဲ အသုံးချရချရ။ ထိထိမိမိကို အသုံးချပစ်တာ။

တိုင်းပြည်မှာ ဗိုလ်ချုပ်အကြောင်းတွေ ဟောပြောတဲ့ စာရေးဆရာတွေအများကြီး၊ မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကို ဟောကြားပို့ချပေးနေတဲ့လူတွေ၊ ရဟန်းတွေအများကြီး။ ခက်နေတာက ဗိုလ်ချုပ်လိုတိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ သူရဲကောင်းတစ်ယောက်မှထွက်မလာဘူး။ မြတ်စွာဘုရားသွန်သင်ဆုံးမခဲ့တဲ့ ငါးပါးသီလနဲ့အညီ နေထိုင်ကြတဲ့နိုင်ငံသားတွေ သိပ်မတွေ့ဖူးဘူး။ စာပေဟောပြောပွဲတွေအတွက် ကုန်ကျခံလိုက်တာ နည်းနည်းနောနောငွေကြေးတွေမဟုတ်၊ အချိန်တွေအကုန်ခံလိုက်ကြတာလည်း နေ့တိုင်းနီးပါးပါပဲဗျ။ သုံးပေပတ်လည်လောက်ရှိတဲ့ ရပ်ကွက်မှာလည်း စာပေဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲဗျ။ ခြောက်တောင် မပြည့်တဲ့လမ်းမှာလည်း ဓမ္မပူဇာသဘင်ကြီးက ဟီးလို့ဗျ။
တချို့ဘုန်းကြီးကျောင်းတွေမှာ ကိုရင်က တစ်ပါး၊ ကျောင်းထိုင်ကတစ်ပါး။ တချို့ကျောင်းတွေကျတော့ ကိုရင်တောင်မရှိဘူး။ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးတည်းဗျ။ ကျောင်းကြီးကတော့ ကောင်းမှကောင်း။ ဒီနေ့ပေါက်ဈေးနဲ့ဆိုရင် သိန်းပေါင်းလေးထောင်လောက်တောင် ခေါ်မလားမသိ။ ကျောင်းတစ်ချို့လည်း ဝယ်ရောင်းလုပ်နေတယ်ဆိုလို့ ကျုပ်ကဈေးကွက်စီးပွားရေးစနစ်အရ ခန့်မှန်းတွက်ချက်ပြလိုက်တာပါ။ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း သာသနာတော်သန့်ရှင်းရေးလုပ်ရမယ်ဆိုပြီး သခင်ကိုယ်တော်မှိုင်း အခါလည်သားကတည်းက အော်ဟစ်နေတာ အခုထိဘာမှဖြစ်မလာပါလား။

သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို လေးစားတဲ့ရဟန်းတွေ၊ ဆရာတော်တွေလည်း မြန်မာပြည်အနှံ့အပြားမှာ ရှိနေပါသေးတယ်။ အဲဒီလိုသူတွေကို သာသနာအတုအယောင်တွေကြောင့် လူတွေမလေးစားမှာစိုးလို့ ကျုပ်ကရေးနေရတာ၊ သတိပေးနေရတာဗျ။

ကဲ အနာဂတ်သာသနာအတွက်အသာထား၊ လက်ရှိသာသနာတော်ကို ဘယ်သူကယ်တင်ကြမှာလဲ။ ဘတ်စ်ကားတွေပေါ်မှာ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ပူဇေမိဆိုတဲ့ စာတန်းကို ခုတုံးလုပ် အသုံးချပြီးအလှူခံနေတဲ့ လူပုဂ္ဂိုလ်တွေ၊ ရဟန်းတွေ၊ ကိုရင်တွေကို ဘယ်သူမှမထိန်းကြတော့ဘူးလားဗျ။ မြန်မာပြည်မှာ အလှူခံကျွမ်းကျင်တဲ့သူတွေ ပေါမှပေါ။ စစ်ဖြစ်လည်း အလှူခံ၊ ကားလမ်မဓာတ်တိုင်တစ်တိုင်မှာ တပ်ဆင်ထားတဲ့ နှစ်ပေမီးချောင်းပြုတ်ကျရင်လည်း တိုင်းဒေသကြီးတစ်ခုလုံး အလှူလျှောက်ခံ။ အခုလည်း ဖေ့စ်ဘုတ်ပေါ်မှာ ဓာတ်ပုံနည်းပညာ(Photoshop) တွေနဲ့ ပြင်ဆင်ပြီး ကလေးငယ်မျက်လုံးကွဲသွားလို့၊ မေးရိုးနှစ်ချောင်းအာကာသယာဉ်နဲ့တိုက်မိလို့၊ လက်မောင်းတစ်ဖက် အင်္ဂါဂြိုဟ်နဲ့ စောင့်မိလိုဆိုပြီး အမျိုးမျိုး အလှူခံစားနေတာတွေ ရှိနေတယ်ဗျ။

မြန်မာတွေသတိထားကြပေရော့။ ကျုပ်တို့လူမျိုးက သနားတတ်တဲ့နေရာမှာ ဘယ်လူမျိုးမှ လိုက်လို့မမှီဘူး။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေခိုးဝင်ရင်း နယ်မြေသုံးပုံနှစ်ပုံကို သိမ်းတော့မလို့လည်း ရခိုင်ဘက်ကနေပြီး ဝိုင်းနာကြရ။ အဲဒါလည်းမြန်မာတွေစောင့်ကျင့်မကောင်းဘူး အပြောခံရတယ်ဗျ။ ကမ္ဘာပေါ်မှာလူတစ်ယောက်စောင့်ကျင့်မကောင်းတာနဲ့ သူ့မျိုးနွယ်တူ၊ ဘာသာတူတွေကိုပါ စောင့်ကျင့်မကောင်းဘူးလို့ အပြောသင့်ဘူးလေ။ မယုံရင် အင်္ဂလန်ပရီးုမီးယားလိဂ် ဘောလုံးပွဲတွေကိုကြည့်ကြ။ တစ်ယောက်နဲ့တစ်ယောက်ကို တံတွေးနဲ့ထွေးလိုက်၊ တံတောင်နဲ့တွတ်လိုက်၊ မျက်နှာကိုဖြတ်ပြီးကန်လိုက်၊ တချို့ပွဲတွေဆိုရင်ဒိုင်လူကြီးကိုတောင် လက်သီးနဲ့ လိုက်ထိုးတာရှိသေး။ ဒါကြောင့် မြန်မာတွေကိုဆဲချင်ရင် ကိုယ့်လူမျိုးအသိုင်းအဝိုင်းထဲမှာရော ဘယ်လိုအတန်းစားတွေ၊ ကလေ ကလွင့်တွေ ရှိနေသလဲဆိုတာ အရင်လေ့လာနော်။ အားတိုင်းမြန်မာတွေမကောင်းဘူးဆိုပြီး မြန်မာစကားနဲ့မစော်ကားကြပါနဲ့တော့။ ဆက်စော်ကားမယ်ဆိုရင်တော့ ဘာသာစကားအသုံးပြုကြေးတောင်းရလိမ့်မယ်နော်။

ကျုပ်က လူမျိုးရေးမခွဲခြားဘူး။ တစ်ခါတစ်လေ မြန်မာစကားမပီပြင်တဲ့ ခိုးဝင်ဘင်္ဂါလီပုံစံတွေနဲ့တွေ့ရင်တောင်မှ “သာကေတ အနော်မာဆိုတာ ဟိုကားစီး၊ ဒီကားစီးရင် မေတ္တာညွှန့်ရောက်သွားမယ် ” ဆိုပြီး စိုးရိမ်လို့ လမ်းကိုသေချာညွှန်ပေးရသေးတယ်။ ဒါပေမဲ့ ကျုပ်ကသာစိုးရိမ်နေတာ၊ မေတ္တာညွှန့်ကလည်း သူတို့လူမျိုးတွေကြီးပဲ ဘယ်နေရာရောက်ရောက်ဂရုမစိုက်ဘူးဗျ။ မျိုးနွယ်တူတွေက နေရာစုံမှာ သေချာပုံလာပြီလေ။ ကျုပ်မလေးရှားရောက်ဖူးတယ်ဗျာ။ အဲဒီနိုင်ငံဟာ သူတို့နိုင်ငံထဲကို ပြည်ပနိုင်ငံသားတွေခိုးဝင်ရင် မကြိုက်ဘူး။ မြန်မာတွေ၊ ကုလားတွေ ရွေးမနေဘူး။ ထောင်ချသင့်ရင်ချပစ်တယ်။

ကျုပ်တို့တိုင်းပြည်မှာကျတော့ ခိုးဝင်တဲ့ကောင်တွေကို ရွှေတံဆိပ်ဆုချီးမြင့်ဖို့ နိုင်ငံတကာက ဖိအားလှမ်းပေးနေတာတွေ ကြုံရတယ်။ ဘင်္ဂါလီသီးသန့်ဇုန်တဲ့ဗျ။ ခိုးဝင်တဲ့ကောင်တွေကို ၂၄ နာရီ ရေ၊ မီး၊ အဲကွန်း၊ အစားအသောက်အစုံ၊ လုံခြုံရေးအပြည့်အဝနဲ့ နေ့စဉ်စောင့်ရှောက်ထားရမယ်တဲ့ဗျ။ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် တစ်နေကုန်ဖေ့စ်ဘုတ်သုံးပြီး မြန်မာတွေကို ဂုဏ်သိက္ခာချနိုင်အောင် စီစဉ်ပေးထားရမယ်တဲ့ဗျ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်ဆိုလား၊ တောင်ပြောမြောက်ပြောအစွန်းရောက်တွေရဲ့ ပွဲစားအဖွဲ့ကလာေးတာ့မသိ။

ကျုပ်စဉ်းစားမိတယ်။ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးဖြစ်ရတာ ဘဝအရသာပျက်သလိုကြီး။ ကျုပ်တို့လူမျိုး ညံ့နေသလိုခံစားတယ်။ ညံ့လို့လည်း သစ်တောကြီးတစ်ခုလုံး တရုတ်ပြည်ထဲကို ရောက်ရှိသွားတာပေါ့။ ခိုးဝင်ဘင်္ဂါလီတွေ နေ့တိုင်းနီးပါး ရန်ကုန်ကိုရောက်ရှိနေကြတာပေါ့။ ရခိုင်ပြည်နယ်မှာပဲ ဘင်္ဂါလီတွေရှိတယ်မထင်နဲ့။ ကျုပ်တို့မြန်မာတွေက တစ်ယောက်နဲ့တစ်ယောက် မတည့်ကြပေမဲ့ ခိုးဝင်တဲ့ကောင်တွေကစည်းလုံးတယ်ဗျ။ ရှေ့ကခိုးဝင်လာတဲ့ကောင်တွေက မြန်မာပြည်မှာနေသားကျသွားရင် နောက်ကနေ ခိုးဝင်လာမယ့်ကောင်တွေကို ပွဲခယူပြီး လူကုန်ကူးသေးသတဲ့။ တစ်ယောက်ကို ရန်ကုန်အရောက် သိန်းသုံးဆယ်နီးပါးရတာတဲ့ဗျာ။ လူတစ်ထောင်ဆိုရင် သိန်းပေါင်းသုံးသောင်းလေ။

အစိုးရကိုလူကုန်ကူးခွန်ပေးသွင်းတယ်မထင်နဲ့ အကုန်လုံးသူတို့ယူတာဗျ။ ဘင်္ဂါလီကိုလမ်းပြတဲ့ပွဲစားထဲမှာ မြန်မာတွေရှိသလို၊ ရခိုင်လည်း ပါတာပဲဗျ။ ဘင်္ဂါလီအချင်းချင်းလည်း ပွဲခယူပြီး ဆွဲသွင်းကြတာပဲ။ ကျုပ်တို့တိုင်းပြည်က လွတ်လပ်တယ်လေဗျာ။ လမ်းဘေးမှာအရက်မူးပြီးလဲနေတဲ့ကောင်ကလည်း သမ္မတကိုဆဲလိုဆဲ။ ဟန်းဆက်လက်ထဲရှိတဲ့လူမှန်သမျှကလည်း သတင်းမီဒီယာသမားတွေဖြစ်ကုန်ပြီလေ။ ဒီနိုင်ငံထက်လွတ်လပ်တာ ဘာရှိသေးလို့လဲ။ အခုပဲကြည့် ကချင်ပြည်နယ်တိုက်ပွဲတွေမှာ မြန်မာတပ်မတော်ကို ဆဲနေလိုက်ကြတာအားရစရာကြီး။ ဖေ့စ်ဘုတ်ကနေ တက်ဆဲတဲ့ကောင်နဲ့။

ဆူးလေလမ်းမပေါ်မှာတက်ဆဲတဲ့ကောင်နဲ့။ ကျုပ်ကတော့ ကချင်ကိုလည်းမဆဲဘူး။ ကယားကိုလည်းမဆဲဘူး။ မြန်မာကိုလည်းမဆဲဘူး။ လောလောဆယ်ခိုးဝင်ဘင်္ဂါလီက နိုင်ငံအနှံ့မှာ အင်အားလေးသိန်းကျော်နေပြီလို့ နစက အရာရှိဟာင်းတစ်ယောက်ပြောခဲ့ဖူးတာကိုပဲ စိတ်ဝင်စားနေတယ်။ အခြေအနေပေးရင် ကျုပ်တောင် ဘင်္ဂါလီလူကုန်ပွဲစားဖြစ်ချင်လာပြီဗျ။ ဝင်ငွေကောင်းသကိုး။

ကျုပ်တစ်ခုတွေးမိတယ်။ ကျုပ်တို့တိုင်းပြည်ကို ဘယ်လိုမှအဆင့်မရှိတဲ့နိုင်ငံ၊ စည်းရုံးမှုပျက်ပြားနေတဲ့နိုင်ငံ၊ တစ်ယောက်တစ်ပေါက် လုပ်နေကြတဲ့နိုင်ငံ၊ အရက်သမား၊ ဖဲသမားပေါပြီး အလုပ်လက်မဲ့ထူထပ်ငတ်ပြတ်နေတဲ့နိုင်ငံ၊ သယံဇာတ အရင်းအမြစ်တွေသူခိုးဈေးနဲ့ ရောင်းစားပြီး ဆပ်ပြာမွှေးတောင် မထုတ်လုပ်နိုင်တဲ့ နိုင်ငံဆိုပြီး ဘင်္ဂါလီတွေက ဂရုမစိုက်တော့ဘူး။ ကချင်ပြည်နယ်ပြဿနာက မအေးဘူး။ ခိုးဝင်ဘင်္ဂါလီက ပူလောင်နေပြီဟ။

မြန်မာတွေဟာ ကိုယ့်ကိုယ်ကို လာတွေအသုံးမကျဘူးလဲဆိုတာ တွေးတတ်ရမယ်။ ဘင်္ဂါလီတွေခိုးဝင်တဲ့ကိစ္စက မတွေးရဲစရာအဖြစ်ဆိုးကြီးဆိုပေမယ့် မှတ်ပုံတင်ထုတ်ပေးချင်တဲ့ လူယုတ်မာအဖွဲ့ကတော့ ပျော်နေတယ်ဆိုလား။ ကုလားဆီကရလည်း သွားဖြဲစား၊ အဲဒီလိုလူတန်းစားတွေက အမှုထမ်းအရာထမ်းတွေဖြစ်နေတော့ ရခိုင်ပြည်နယ်ကို အပိုင်ရည်ရွယ်လိုတဲ့ ပြည်ပနိုင်ငံသားတွေ မြန်မာကို စစ်ရေးခြိမ်းခြောက်လာတာ သိပ်ပြီးဆန်းကျယ်မယ်တော့ မထင်ဘူးနော်။ အသားထဲက လောက်ထွက်နေကြတာကိုး။
အဲဒီတော့ ကျုပ်တို့မြန်မာတွေဟာ ပျက်တီးပျက်ချော် နေတာထိုင်တာတွေကို လျှော့ချရမယ်။ အလကားအားတိုင်းယားတိုင်း ဖုန်းတွေပဲထိုင်ပွတ်နေမဲ့အစား ကိုယ့်မိဘတွေကို ပရုတ်ဆီလေးလူးပေး၊ ပွတ်ပေးရင်မကောင်းဘူးလားဗျာ။ အချိန်ကိုသုံးတဲ့အခါ တန်ဖိုးရှိရှိသုံးကြဖို့ပါဗျ။ ဒီကနေ့ ကျုပ်တို့တိုင်းပြည်ထဲမှာ သတင်းမီဒီယာတွေဆိုတာ ကြောက်စရာကောင်းလောက်အောင် များလာပြီနော်။ ဟန်းဆက်ရှိတာနဲ့ ဆိုရှယ်မီဒီယာသခင် အာဏာရှင်စိတ်ပေါက်နေတဲ့ လူတန်းစားကများနေကြပြီလေ။ မြန်မာပြည်ဆိုပေမယ့် မြန်မာတွေကိုဆော်နေ၊ဖဲ့နေတဲ့ သတင်းမီဒီယာက ပိုမိုအားကောင်းလာပြီဗျ။ သူများခွေးနဲ့ ကိုယ့်ခွေး၊ ခွေးခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးနိုင်ချင်ကြတဲ့ လူသားဆိုင်ရာ သဘာဝလောဘ စိတ်ကလည်း ရှိနေတော့ ကျုပ်ကလည်းတပ်မတော်ကို ဆဲတာတွေမကြိုက်ဘူး။ ကျုပ်လည်းစစ်အာဏာရှင်မလိုချင်ဘူး။ ဒါပေမဲ့ ကျုပ်တို့တိုင်းပြည်က သူများနိုင်ငံတွေလိုမဟုတ်ဘူး။ လူမျိုးက ငါးဆယ်မကျော်ပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းက နှစ်ရာနီးပါဆိုလား။ ကြောက်စရာကြီး။

ခက်နေတာက ကျုပ်တို့ကမြန်မာဆိုပေမယ့် တပ်မတော်သားတွေရှေ့တန်းမှာ ထိခိုက်ဒဏ်ရာရရင် ဘယ်တိုင်းရင်းသားအဖွဲ့အစည်းကိုမှ ဆူးလေအထိလမ်းလျှောက်ပြီး ဆဲဆိုတာတွေ၊ ယာဉ်ကြောကြပ်အောင် လူစုလူဝေးလုပ်တာတွေ မတွေးရဲပါဘူးဗျာ။ တပ်မတောနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဆိုတာ မနေ့ကတစ်နေ့ကမှ တိုက်ခိုက်ကြတာမဟုတ်ဘူး။ ကျုပ်တို့မမွေးခင်ကတည်းက ဆော်နေကြတာ။ ဟိုဘက်ကျလိုက် ဒီဘက်ကကျလိုက်ပဲ။

တပ်မတော်ကိုဆဲလို့ဆိုပြီး ဘယ်မြန်မာတစ်ယောက်ကမှ တခြားတိုင်းရင်းသားတွေကိုရန်မရှာပေမယ့် မြန်မာကတိုင်းရင်းသားတွေထဲက တစ်ဖွဲ့ဖွဲ့ကို ဆဲမယ်ဆိုရင်တော့ မလွယ်ဘူး။ အဲဒီမြန်မာသေဖို့သာကြံပေရော့။ ဘာလို့လဲဆိုတော့ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာ လူမျိုးပေါင်းစုံ ခိုလုံရောက်ရှိနေကြပြီလေ။ မီဒီယာလောကမှာတောင် မြန်မာမီဒီယာက ငမွဲတစ်ယောက်၊နှစ်ယောက်ပဲရှိတာ။ ကျန်တာတွေက ဘယ်ကောင်တွေရဲ့ထောက်ပံ့ကြေးနဲ့ မိုက်ရူးရဲဆန်နေလဲတော့မသိ။ ကျုပ်တို့မြန်မာကိုပဲ ဆဲနေကြတာ များတယ်ဗျ။ ကျုပ်ဘယ်သူ့မှမဆဲဘူးနော်လို့တော့ လေသံပျော့ပျော့နဲ့ ဆင်ခြေပေးလိုက်ပါရစေခင်ဗျ။ ကျုပ်တို့အဖြစ်ကလည်း အိမ်ကွင်းမှာတောင်ထပြီး မဟောင်ရဲတဲ့ဘဝ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်