အမေရိကန်လည်း နျုကလီးယားလက်နက် ဖျက်သိမ်းရမည့်တာဝန်ရှိ

၂၀၁၈၊ မေ၊ ၁၂ ရက်ထုတ် (ယူနတီဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၂))

ဟန်မင်းဆု

နိုင်ငံခြားရေးမူဝါဒနှစ်မျိုးရှိသည်။ ” ခွန်အားကြီးသူအမှန်” ဥပဒေသကို အခြေခံသောတစ်ခုနှင့် နိုင်ငံတကာ ဥပဒေစိုးမိုးမှုအပေါ် အခြေခံသော တစ်ခုတို့ဖြစ်သည်။ အမေရိကန်သည် သူ့ကိုယ်သူ ခြွင်းချက်ထားလျက် အခြားနိုင်ငံများကို နိုင်ငံတကာဥပဒေအား တာဝန်ခံခိုင်းရန် ယင်းမူဝါဒနှစ်ခုစလုံး လက်ကိုင်ပြုလိုသည်။ နျူကလီးယားလက်နက်များဆိုင်ရာ အရေးကိစ္စတွင် ထိုအချက်မှန်ကန်ကြောင်း အထင်ရှားဆုံး တွေ့ရသည်။

ထိုကိစ္စရပ်အပေါ် အမေရိက၏ ချဉ်းကပ်မှုပုံစံက မအောင်မမြင်ဖြစ်ကိန်းရှိသည်။ ” ဓားထုတ်သူအားလုံး ဓားနှင့် ပင်သေပွဲဝင်ရသည်” ဟု ဂျီးဇပ်ခရိုက်စ်တ်ပြောခဲ့သည်။ ပျက်စီးကိန်းအဆိုက်ခံမည့်အစား အမေရိကန်နှင့် အခြားနျူကလီးယားလက်နက်နိုင်ငံများ အပါအဝင် နိုင်ငံအားလုံးကို နျူကလီးယား လက်နက်မပြန့်ပွားရေး နိုင်ငံတကာစည်းမျဉ်းများ တာဝန်ခံခိုင်းရမည့်အချိန် ဖြစ်သည်။

အမေရိကန်က မြောက်ကိုရီးယားကို နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) ၏ ပြဋ္ဌာန်းချက်များ စောင့်ထိန်းလိုက်နာရန် တောင်းဆိုသည်။ ထိုအခြေခံဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဦးတည်လျက် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တွန်းအားပေးသည်။ ထို့အတူပင် NPT ကို ချိုးဖောက်ကာ နျူကလီးယားလက်နက်ဖော်ဆောင်ခြင်းမှ အီရန်ကို တားမြစ်ရန် အီရန်အပေါ် ပိတ်ဆို့အရေး ယူမှုများချမှတ်ရန် သို့မဟုတ် စစ်ပြုရန်ပင် အစ္စရေးကတောင်းဆိုသည်။ အမေရိကန်က NPT ကို မျက်နှာပြောင်တိုက် ချိုးဖောက်သည်ဆိုလျှင် အစ္စရေးက ပိုဆိုးသည်။ အစ္စရေးသည် NPT ကို ပါဝင်လက်မှတ်ထိုးရန် ငြင်းဆိုထားပြီး သူ့အနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခွင့်ရှိသည်ဟု ဆိုသည်။

နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်ကို ၁၉၆၈ ခုနှစ်တွင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကာ ပါဝင်လက်မှတ် ထိုးသူများက အခြေခံမူသုံးရပ်ကို သဘောတူခဲ့သည်။ ပထမအချက်အဖြစ် နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံများက နျူကလီးယားလက်နက် မပိုင်သော နိုင်ငံများထံ နျူကလီးယားလက်နက်များ မလွှဲပြောင်းပေးရန် သို့မဟုတ် နျူကလီးယားလက်နက် မပိုင်သောနိုင်ငံများ၏ နျူကလီးယားလက် နက်ထုတ်လုပ်မှု သို့မဟုတ် ရရှိရေးကြိုးပမ်းမှုကို အကူအညီမပေးရန် ကတိပြု ကြပြီး နျူကလီးယားလက်နက်မပိုင်သောနိုင်ငံများအနေဖြင့် နျူကလီးယားလက်နက်များ လက်ခံရယူခြင်း သို့မဟုတ် ဖော်ဆောင်ခြင်းမပြုရန် ကတိပြုကြသည်။ ဒုတိယအချက်မှာ နိုင်ငံအားလုံး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်း စွာအသုံးပြုခွင့်ရှိခြင်းဖြစ်သည်။ တတိယအချက်မှာ နျူကလီးလက်နက်နိုင်ငံ များအပါအဝင် စာချုပ်တွင် ပါဝင်လက် မှတ်ထိုးသူအားလုံး နျူကလီးယားဖျက်သိမ်းရေး စေ့စပ်ဆွေးနွေးရန် သဘောတူခြင်းဖြစ်သည်။

NPT ၏ အချက်အချာရည်ရွယ်ချက်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး ယှဉ်ပြိုင်မှုကို နောက်ကြောင်းပြန်လှည့် စေရန်ဖြစ်ပြီး နိုင်ငံအနည်းငယ်၏ နျူကလီးယားလက်နက်လက်ဝါးကြီးအုပ်မှုကို ဆက်လက်တည်တံ့စေရန်မဟုတ်ပေ။ ရှိရင်းစွဲ နျုကလီးယားလက်နက်နိုင်ငံများနှင့် ၎င်းတို့၏ စစ်ရေးမိတ်ဖက်များမှအပ နိုင်ငံတကာအသိုင်းအဝိုင်းမှ အများစုသည် ၂ဝ၁၇ တွင် နျူကလီးယားလက်နက်များ တားမြစ်ပိတ်ပင်ရေးစာချုပ်(Treaty on the Prohibition of Nuclear Weapons ) ကို သဘောတူ လက်ခံခြင်းဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး ထပ်လောင်းတောင်းဆိုခဲ့သည်။ ယင်းစာချုပ်ကို ၁၂၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ ဆန့်ကျင်မဲပေးသည့် တစ်နိုင်ငံရှိခဲ့ပြီး တစ်နိုင်ငံကကြား နေမဲပေးခဲ့သည်။ နျူကလီးယားလက်နက်နိုင်ငံများနှင့် နေတိုးအဖွဲ့ဝင်များအပါအဝင်ဖြစ်သော အခြား ၆၉ နိုင်ငံက ပါဝင်မဲပေးမှုမလုပ်ခဲ့ပေ။ ပြီးခဲ့သောရက်သတ္တပတ်ကအထိ နိုင်ငံ ၅၈ နိုင်ငံက ယင်းစာချုပ်ကို လက်မှတ်ထိုးထားခဲ့ကာ ရှစ်နိုင်ငံက အတည်ပြုထားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ NPT ဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်း၍ နျူကလီးယားဖျက်သိမ်း ရန် အမေရိကန်က တောင်းဆိုပြီး အမေရိကန်၏တောင်းဆိုမှုကို လုံခြုံရေးကောင်စီက သဘောတူသည်။ သို့တစေ အမှန်တယ် နျုကလီးယားဖျက်သိမ်းရေး ဆိုသည်ထက် မိမိ၏ နျူကလီးယားကြီး စိုးရေးကို အာရုံစိုက်သော အမေရိကန်၏ မျက်နှာပြောင်တိုက်မှုမှာ အံ့မခန်းဖွယ်ရာဖြစ်သည်။ ဖေဖော်ဝါရီကထုတ်ဝေခဲ့ သော ထရမ့်အစိုးရ၏ နျူကလီးယားရပ်တည်ချက်သုံးသပ်မှု (Nu-clear Posture Review ) က အမေရိကန်၏ နျူကလီးယားလက်နက်အင်အားကို ကြီးကြီးမားမား ခေတ်မီအောင်လုပ်ရန် တိုက်တွန်းပြီး ၎င်း၏ NPT စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများကိုမူ နှုတ်ဖြင့်စောင်မမှုထက် မပိုခဲ့ပေ။

” NPT ၏ ရည်မှန်းချက်ပန်းတိုင်များဆိုင်ရာ ကျွန်ုပ်တို့၏ ကတိကဝတ်မှာ အားကောင်းခိုင်မာဆဲဖြစ်ပါသည်။ သို့တစေ လက်ရှိဝန်းကျင်အခြေအနေက မဝေးသည့်အနာဂတ်အတွင်း နျူကလီးယားလက်နက်လျှော့ချရေးဆောင်ရွက်ချက်များ နောက်ထပ်တိုးတက်မှုရရန် အလွန့်အလွန် စိန်ခေါ်မှုဖြစ်စေလျက်ရှိပါသည်။ နျူကလီးယားလက်နက်များသည် နျူကလီးယားတိုက်ခိုက်မှုကို ဟန့် တားရေးနှင့် ကြိုမြင်နိုင်သောအနာဂတ်အတွင်း နျူကလီးယားလက်နက်နိုင်ငံများအကြား ကြီးမားသည့် သမားရိုးကျ စစ်ပွဲများဖြစ်မလာစေရန် တားဆီးကာကွယ်ရေးတို့တွင် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ရပ်တွင်ရှိခဲ့၊ ဆက်ရှိနေ ဦးမည်ဆိုသော အရင်းခံအမှန်တရားအပေါ် ဤသုံးသပ်ချက်က မဏ္ဍိုင်ပြုပါသည်” ဟု ဆိုသည်။

အတိုချုံးဆိုရလျှင် အမေရိကန်က အခြားနိုင်ငံများကိုသာ နျုကလီးယား လက်နက်ဖျက်သိမ်းရန် တောင်းဆိုခြင်း ဖြစ်သည်။ သူပိုင်နျူကလီးယားကို ဖျက်သိမ်းရန်မှာ စိန်ခေါ်မှုရှိမည်ဖြစ်ကာ နျူကလီးယားလက်နက်များက အမေရိကန်၏ စစ်ရေးဆိုင် ရာလိုအပ်ချက်များကို ဖြည့်စွမ်းပေးသည်ဆိုသော အရင်းခံ အမှန်တရားကို ချိုးဖောက်ရာကျလိမ့်မည်ဟု ဆိုသည်။

အမေရိကန်သည် ၎င်း၏ NPT ဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခြင်းအပြင် အခြားကြီးမား သော ပြသနာတစ်ရပ်မှာ အမေရိကန်၏ စစ်ရေးဆိုင်ရာလိုအပ်ချက်များသည် စင်စစ်အားဖြင့် သူ့အပေါ် စစ်ပြုလာနိုင်ခြေကို ဟန့်တားရေး မဟုတ်ခြင်းဖြစ်သည်။ အမေရိကန်သည် ယခုအချိန်အထိ ကမ္ဘာတွင် အဓိကစစ်ပြုသူဖြစ်သည်။ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြားနေရာများတွင် ကိုယ့်ဘာသာရွေး ချယ်ထားသော စစ်များကို တိုက်နေသည်။ အမေရိကန်စစ်ဘက်သည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်တို့ကို လုံးလုံးချိုးဖောက်လျက် ပြီးခဲ့သော ရာစုနှစ်ဝက်အတွင်း နိုင်ငံများ၏ အစိုး ရစနစ်ပြောင်းလဲရေးအားထုတ်မှုများတွင် ထပ်တလဲလဲ ပါဝင်ပတ်သက်လျက်ရှိသည်။ ထိုအထဲမှ မကြာသေး ခင်က ဖြစ်ရပ်နှစ်ခုမှာ ၎င်းတို့၏ နျုကလီးယားအစီအစဉ်များ အဆုံးသတ်ရေး အမေရိကန်၏တောင်းဆိုမှုများကို လက်ခံပေးထားခဲ့သော အီရတ်မှ ဆက်ဒမ်ဟူစိန်နှင့် လစ်ဗျား၏ မွမ်မာကဒါဖီတို့ကို ဖြုတ်ချခဲ့မှုဖြစ်သည်။

အာဏာကို ဖောက်လွဲဖောက်ပြန်အသုံးချမှုများနှင့် နျူကလီးယားလက် နက်ပိုင်ဆိုင်မှုတို့က မိမိကိုယ်ကိုယ် အတိုင်းအဆမရှိ အင်အားရှိသည်ဆိုသော အထင်မှားမှုကို ဖြစ်စေသည်ဟု ကျွန်ုပ်တို့ ပြောနိုင်သည်။ နျူကလီးယား လက်နက်နိုင်ငံများသည် အခြားနိုင်ငံများနှင့် စေ့စပ်ဆွေးနွေးမှုလုပ်သည်ထက် ခြိမ်းခြောက်ဟိန်းဟောက်လျက် ဩဇာပေးသည်။ အချို့သည် အခြားနိုင်ငံများ ၏ အစိုးရများကို ၎င်းတို့အလိုရှိသလို ဖြုတ်ချသည်၊ သို့မဟုတ် အနည်းဆုံး ထိုသို့လုပ်ရန် ရည်ရွယ်သည်။ အမေရိကန်နှင့် ယင်း၏မဟာမိတ်များသည် ပိုင်စိုးပိုင်နင်းပုံစံဖြင့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီနှင့် နိုင်ငံတကာဥပဒေစည်း မျဉ်းတို့ကို ထပ်တလဲလဲ မသိကျိုးကျွန်ပြုလျက်ရှိသည်။ လစ်ဗျားမှ ကဒါဖီအစိုးရကို နေတိုးအဖွဲ့၏ တရားမဝင်တိုက်ခိုက်မှုများနှင့် သမ္မတ ဘာရှားအယ်အာဆတ်ကို အားနည်းစေရန် သို့မဟုတ် ဖြုတ်ချရန် အားထုတ်မှုအဖြစ် ဆီးရီးယားမှ အမေရိ ကန်၊ အစ္စရေး၊ ဗြိတိန်နှင့် ပြင်သစ်တို့၏ တရားမဝင် စစ်ရေးကျူးကျော်မှုများကဲ့သို့သော လုပ်ဆောင်ချက်များက ထို့အတွက် ဥပမာဖြစ်သည်။

မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေး လျင်လျင်မြန်မြန်နှင့် အောင်အောင်မြင်မြင် ပြီးမြောက်ရန် ကျွန်ုပ်တို့ တိုက်တွန်းကြရမည် အမှန်ဖြစ်သည်။ သို့သော် အမေရိကန်နှင့် အခြားနိုင်ငံများ၏ နျူကလီးယားလက်နက် အရေးကိစ္စကိုလည်း အလားတူအရေးတကြီး ကိုင်တွယ်ကြရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် အမေရိကန်ဦးဆောင်ကြီးကြပ်မှုဖြင့်ရရှိသော နိုင်ငံအများ အတော်အတန်ငြိမ်းချမ်းသည့် အခြေ အနေ (Pax Americana) တစ်ရပ်တွင် နေထိုင်နေသည်မဟုတ်။ ထိန်းမနိုင်သိမ်းမရနှင့် စိတ်လွတ်နေသော အမေရိကန်စစ်ယန္တရားကြီးက လူသန်းပေါင်းများစွာကို စစ်ဝဲဂယက်ထဲ တွန်းပို့နေပြီး လူသန်းထောင်ချီမှာ နျူကလီးယားလက်နက်ဖြင့် အလုံးစံဖျက်ဆီးခံရနိုင်သည့် တွေးပူမှုရှိနေသောစိုးရိမ်ထိတ်လန့် မှုထဲတွင် ကမ္ဘာကြီးနေထိုင်နေခြင်းဖြစ်သည်။
Ref: Denuclearization Means the US,Too by Jeffery D.Sachs published on May 7

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်