Featured Video Play Icon

ရခိုင်ပြည်နယ် မီးရထားလမ်း ဒီရေတိုက်စားမှုဒဏ် ဆိုးရွားစွာ ခံနေရ

ဒီရေတိုက်စားမှုကြောင့် ပျက်စီးနေတဲ့ ရထားလမ်းကို ပြုပြင်ခြင်းမရှိဘဲ သုံးစွဲနေရတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ ရထားမောင်းသူတွေဟာ ရထားသံလမ်း တံတားကို ဖြတ်သန်းချိန်တိုင်း စက်သပ်လမ်းလျှောက် နေကြရပါတယ်။

ဒီသတင်းကိုတော့ ယဉ်ယဉ်သိန်း (နဘား) က ပေးပို့ထားတာပါ။

မြန်မာ့မီးရထား ကွမ်းတောင် အမှတ် ၂ နှင့် ကွမ်းတောင်အမှတ် ၃ ရထားနှစ်စင်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ နေ့စဉ်ပြေးဆွဲနေခဲ့တာပါ။

မေလ ၁၂ ရက် မနက် ၇ နာရီခွဲ မှာတော့ တံတား ဒီရေ တိုက်စားမှုဟာ အဆိုးရွားဆုံးအနေအထားမှာရှိခဲ့ပါတယ်။ စမ်းမတီးချောင်းကို ဖြတ်ကူးဖို့ တည်ဆောက်ထားတဲ့ တံတားအောက်ခြေမှာ ခံထားတဲ့ ဇလီဖားတုံးတွေရဲ့ အောက်က မြေသားကို ဒီရေ ထပ်တိုက်စားခဲ့လို့ ဂလိုဏ်ပေါက် (ထူးပေါက်) ကြီးဖြစ်ပေါ်ခဲ့တာပါ။

တံတားထိပ်ဘေးနှစ်ဖက်ဝဲယာကလည်း ဒီရေတိုက်စားခဲ့လို့ မြေသားတွေပြိုကျနေတဲ့အတွက် မီးရထားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေဟာ ရထားပေါ်ကဆင်းပြီး လမ်းလျှောက်ဖြတ်ကူးခဲ့ရပါတယ်။

စမ်းမတီးချောင်း တံတား ရှိတဲ့ နေရာဟာ ပင်လယ်၀ ဖြစ်တဲ့အတွက် နေ့စဉ် ဒီရေ အတက်အကျရှိနေပါတယ်။ ဒီမြောင်းတွေထဲကိုနေ့စဉ် ရေအဝင်အထွက်ရှိနေတဲ့အတွက် မိုးရာသီ မရောက်ခင်မျာ ပြုပြင်ပေးဖို့ လိုအပ်နေတာပါ။

တံတားဘေး ပတ်လည်မှာလည်း ရေတိုက်စားထားတဲ့ လိုဏ်ခေါင်းပေါက်တွေ ရှိနေတဲ့အတွက် အချိန်မီ ပြုပြင်ထိန်းသိမ်းပေးစေချင်တယ်လို့ ဂဏန်းကျွန်း ကို သွားမယ့် ခရီးသည်တွေက တောင်းဆိုနေကြပါတယ်။

အဆိုပါလမ်းပိုင်းပြေးဆွဲရာတွင်လိုက်ပါရသောမီးရထားဝန်ထမ်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မေ ၁၁ ရက်ညက မိုးရွာထားတဲ့အတွက် လမ်းကြောကို စိတ်မချလို့ ဂရုစိုက်ပြီး တံတားကြံ့ခိုင်မှုကို ဆင်းကြည့်တဲ့အချိန်မှာ မြေဂလိုဏ်ပေါက်ကို တွေ့တဲ့အတွက် ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းရတာ ဖြစ်တယ်လို့ စက်ခေါင်းမောင်း ဦးရဲဝဏ္ဏထွန်းက ပြောပါတယ်။

အဆိုပါ မီးရထားလမ်းပိုင်းမှာ ရထားလမ်းနဲ့ ကားလမ်းဆုံရာနေရာတွေမှာလည်း ရပ် ကြည့် သွား အချက်ပြ ဆိုင်းဘုတ်တွေနဲ့ ကော်ရှင်နေရာသတိပေးဆိုင်းဘုတ်တွေ တပ်ဆင်ထားတာမရှိဘူးလို့ သိရပါတယ်။

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်