တာလီဘန်များနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် အာဖန်ဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံအနောက်ပိုင်း ဖာရာပြည်နယ် ဖာရာမြို့တော်တွင် မေ ၁၅ ရက်က တာလီဘန်များနှင့် အစိုးရတပ်များ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားရာ အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် စစ်သွေးကြွရှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖာရာမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုအဖြစ် တာလီဘန်များက မြို့မြောက်ပိုင်းနှင့် အနောက်ပိုင်း အရပ်များ တွင် တစ်ပြိုင်နက် စုပေါင်း ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တန်ပြန်စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးသည့်အပြင် ပြည်နယ်အဆင့်မြင့် ရဲအရာရှိတစ်ဦးအပါအဝင် အခြားလုံခြုံရေးထပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသမီဒီယာများတွင်ဖော်ပြသည်။ အာဖဂန်၏ မြို့တော်ကဘူးမှ အနောက်ဘက် ၆၉၅ ကီလိုမီတာ အကွာ တွင်ရှိကာ အီရန်နှင့် နယ်နမိတ်ထိစပ်နေသော ဖာရာပြည်နယ်တွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း တာလီဘန်အုပ်စုနှင့် လုံခြုံရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်။ လွန်ခဲ့သောနှစ်များအတွင်း တောင်ပိုင်းပြည်နယ် ဟယ်မန်းတွင် အရေးနိမ့်လျက် နယ်မြေထိန်းချုပ်ရန်ကြိုးပမ်းမှုများ မအောင်မမြင်ဖြစ်ခဲ့သောကြောင့် တာလီဘန်များက ဖာရာပြည်နယ်၌ တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ပြည်တွင်း စစ်ရေးစောင့် ကြည့်သူများက ပြောကြားသည်။
၂၀၀၁ ခုနှစ်တွင် မပြုတ်ကျခင်အထိ အာဖဂန်နစ္စတန် နိုင်ငံကို အုပ်ချုပ်ခဲ့သော တာလီဘန် စစ်သွေးကြွများသည် မကြာသေးခင်နှစ်များအတွင်း လက်နက်ကိုင်တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်လာခဲ့က လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုများ အရှိန်မြင့်တင်လျက်ရှိသည်။
ဇော်နိုင်ဝင်း

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်