ဖြောင့်မတ်စွန့်စား သတင်းသမား(အယ်ဒီတာ့ အာဘော်)

သတင်းဟူသည် ကမ္ဘာလောကအတွင်းမှ လူသားတို့နှင့် ဆက်နွယ်နေသော အဖြစ်အပျက်များ ဖြစ်ပြီး သတင်းအမျိုးအစား များစွာရှိနေပြန်သည်။
ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ မိုးကြိုးပစ်ချ၍ လူနေရပ်ကွက်များပျက်စီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းကျရောက်ခြင်း စသည့်အကြောင်းအရာများသည် သဘာဝဘေးအန္တရာယ် သတင်းများဖြစ်ပြီး၊ လူသတ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ အနိုင်ကျင့်မှုများနှင့် ဆေးဝါးအတုထုတ်လုပ်မှု၊ မူးယစ်ထုတ်ကုန်ရောင်းဝယ်မှု၊ တခြားသော ကုန်ပစ္စည်းများစွာ မှောင်ခိုပြုလုပ်မှု၊ စစ်မက်ဖြစ်ပွားမှု စသည့် သတင်းများကား လူသားတို့ ကိုယ်တိုင်ထုဆစ်ဖန်တီးကြသောကြောင့် လူသားဆိုင်ရာ ဖောက်ပြန်မှုဘေး အန္တရာယ် သတင်းဟု ခေါ်ဆိုရပေမည်ဖြစ်သည်။
လူသားတို့နေထိုင်ကြသော ကမ္ဘာမြေ၌ နည်းပညာများတိုးတက်ပြောင်းလဲလာသည်နှင့်အညီ သတင်းမီဒီယာ အခန်းကဏ္ဍလည်း အဆင့်မြင့်တက်လာသည်ကို လက်တွေ့နယ်ပယ်တွင် တွေ့ကြုံနေရပြီးဖြစ်သည်။
မြန်မာ့စာနယ်ဇင်း အသိုင်းအဝိုင်က သတင်းလုပ်ငန်းနှင့်ပတ်သက်သည့် အယ်ဒီတာများ၊ သတင်းထောက်များ၊ သတင်းရင်းမြစ်ကို ဝါသနာအရ မကြာခဏ ကူညီရှာဖွေပေးနိုင်သည့် အမှုဆောင် ဒေသခံများအားလုံးကို သတင်းသမားများဟု ကင်ပွန်းတပ် ခေါ်ဆိုအသိအမှတ်ပြုလေ့ရှိသည်။
သတင်းသမားဟူသည် သဘာဝဘေးအန္တရာယ်သတင်းများအား ရေးသားတင်ပြရသကဲ့သို့ နိုင်ငံတော် အုပ်ချုပ်သူများ ၏ အကျင့်ပျက်ခြစားမှုများနှင့် ဌာနဆိုင်ရာ အမှုထမ်း၊ အရာထမ်းများ၏ အကျင့်ပျက်ခြစားမှုများကို ကျောသားရင်သားမခွဲခြားဘဲ ပြည်သူလူထုသိအောင် တင်ဆပ်ရသော လုပ်ငန်းကြီးဖြစ်၍ တစ်ဖက်ကကြည့်လျှင် အများအကျိုးဖြစ်၍ ဂုဏ်ယူစရာကောင်းသော်လည်း တစ်ဖက်ကကြည့်လျှင် အန္တရာယ်များနှင့် နေ့စဉ် ပြိုင်ပွဲဝင်နေသည့် လူသားရင်မြစ်များဖြစ်သည်။
ယနေ့ရွေ့လျားနေသည့် ခေတ်သည် အိုင်တီ IT ဟု ခေါ်သော Information Technology (သတင်းအချက်အလက်နည်းပညာ) ခေတ်ဖြစ်သည်။ ဆိုလိုသည်က သတင်းအချက်အလက်များကို နည်းပညာဖြင့် လျှင်မြန်လွယ်ကူစွာ ဖြန့်ဝေနိုင်ခြင်း၊ ထပ်ဆင့်ပွား သိမ်းဆည်းနိုင်ခြင်း၊ ကမ္ဘာ့န်ိုင်ငံအသီးသီးသို့ပင် အချိန်တိုအတွင်း ဖြန့်ဝေနိုင်စွမ်း ရှိနေသည့် စနစ်ကြီးဖြစ်သည်။
သတင်းဖြန့်ချိမှုအပေါ် နည်းပညာက ပံ့ပိုးပေးလာသည့် အခါ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း၊နိုင်ငံတကာလူမှုရပ်ဝန်းများမှ သတင်းများ အင်တာနက်တစ်ခွင် ပျံ့လွင့်ဝင်ရောက်လာသည်။ သတင်းသမားတို့ဖြန့်ချိလိုသော အကြောင်းအရာများသည်လည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ လွယ်ကူလျှင်မြန်စွာ ရောက်ရှိနိုင်ပေသည်။
သတင်းသမားများအတွက် ဖြန့်ချမှုလွယ်ကူသလို မိမိရေးသည့်သတင်းနှင့် ပတ်သက်၍ အန္တရာယ်ကလည်းရှိနေပြန်သည် ။ တချို့သော နိုင်ငံခြား သတင်းထောက် များ သူတို့နိုင်ငံတွင်အသတ်ခံရဖူးသည်။ တချို့က တခြားနိုင်ငံတွင် သတင်းလိုက်ရင်း လက်သည်မပေါ်ဘဲ သေပွဲဝင်ရသည်။
သတင်းသမားများသည် လူသားများဖြစ်၍ စိတ်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး ရှိနိုင်သည်။ ဖြောက်မတ်သော သတင်းသမား ဟူသည် ဖြစ်ရပ်မှန်ကိုသာ ရဲဝံ့စွာချပြမည်။ သို့သော် သူ၏ ဖြောက်မတ်မှုတွင် သူ့သတင်းအား သူတာဝန်ယူထားင်္ပြီးဖြစ်၍ တရားရင်ဆိုင်ရမည် ဆိုလျှင်လည်း တုန်လှုပ်မည်မဟုတ်။
လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော သတင်းသမားတစ်ချို့သည် နှုတ်ကြမ်း၊ စိတ်ကြမ်းဖြင့် ရပ်တည်ကျင်လည်နေကြပြီး လာဘ်စားမှုများနှင့် ပြည်ပအထောက်အပံ့များ ရောပြွမ်းလာနေပြီးဖြစ်၍ ဖြောက်မတ်စွန့်စား သတင်ငးသမားဖြစ်စေရန် ယူနတီနမှ တိုက်တွန်းလိုက်ရပေသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်