အသက် ၁၃ နှစ် အရွယ် မြန်မာ အိမ်အကူခေါ်ယူမှုဖြင့် စင်ကာပူ အေးဂျင့် နှစ်ခု တရားစွဲခံရ

သက်မပြည့်တဲ့ မြန်မာအိမ်အကူအလုပ်သမားကိုခေါ်ယူခဲ့တဲ့ စင်ကာပူ အိမ်အကူအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်စီ ၂ ခုကို စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (Ministry of Menpower – MOM) က ဒီကနေ့ မေ ၂၄ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီ လက်မှတ်ရထားတဲ့ Vista Employment Services ရဲ့ တစ်ဦးတည်းပိုင်ရှင်ဖြစ်သူ Khor Siew Tiang ဟာ မြန်မာနိုင်ငံက အသက် ၁၃ နှစ်အရွယ် အိမ်အကူ အလုပ်သမားကို ခေါ်ယူခဲ့တာ စစ်ဆေးပေါ်ပေါက် ခဲ့တဲ့အတွက် တရားစွဲဆိုခံခဲ့ရတာပါ။

 

ထို့အတူ အလုပ်အကိုင်ရှာဖွေရေး အေးဂျင်စီ တစ်ခုဖြစ်တဲ့ Casa ဟာလည်း တရားစွဲဆိုခံခဲ့ရပါတယ်။

သူတို့ဟာ စင်ကာပူနိုင်ငံရဲ့ နိုင်ငံခြားသား အိမ်အကူအလုပ်သမား အဖြစ် သတ်မှတ်ထားတဲ့ အသက်အငယ်ဆုံးသတ်မှတ်ချက်ဖြစ်တဲ့ အသက် ၂၃ နှစ်ထက် ငယ်ရွယ်တဲ့ မြန်မာ အိမ်အကူကို ခေါ်ယူ အလုပ်သွင်းပေးခဲ့တဲ့အတွက် အခုလိုတရားစွဲခံရတာပါ။

သူတို့ဟာ အသက် ၁၃ နှစ်အရွယ် မြန်မာအိမ်အကူ အလုပ်သမားကို ၂၀၁၇ ခုနှစ် ဇွန်နဲ့ ဇူလိုင်လမှာ ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေး ပေါ်ပေါက်ခဲ့တာပါ။

သူတို့ကို အသက်မပြည့်တဲ့ နိုင်ငံခြားသား အိမ်အကူ တင်သွင်းတဲ့အတွက် ယခင်ကတည်းက စင်ကာပူအစိုးရက လုပ်ငန်းလိုင်စင် ရပ်နားထားခဲ့တာပါ။

စင်္ကာပူအလုပ်သမားဝန်ကြီးဌာနကတော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားထားတယ်လို့ပြောခဲ့ပါတယ်။

အသက်မပြည့်တဲ့ နိုင်ငံခြားသား အိမ်အကူတွေကို တင်သွင်းခဲ့တဲ့ Khor Siew Tiang နဲ့ Casa တို့ဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်တော့ စင်ကာပူနိုင်ငံရဲ့ ဥပဒေအရ ငွေဒဏ် စင်ကာပူဒေါ်လာ ငါးထောင် သို့မဟုတ် ထောင်ဒဏ် ၆ လ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးကို ကျခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းလိုင်စင်လည်း အပြီးတိုင် ပိတ်သိမ်းခံရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့က ငြင်းဆိုဖို့ အယူခံဝင်ထားပြီး လာမယ့် ဇွန်လ ၁၄ ရက်မှာ ထပ်မံစစ်ဆေးခံရမှာ ဖြစ်ပါတယ်။

Ref: & Photo – Channel Newsasia

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်