မနေနိုင်လို့ ပြောတော့ ပြောရဦးမယ်

၂၀၁၈ မေလ ၁၉ ရက်နေ့ထုတ် ယူနတီ ဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၂၃)
သွားရေး လွယ်ခက် ဝိုင်ဘီအက်စ်
ကျွန်တော် နေ့စဉ်ရုံးသွားရုံးပြန်ကိုယ်ပိုင်ကားမရှိတော့လည်း ဝိုင်ဘီအက်စ်နဲ့ပဲပေါ့ဗျာ။ လိုင်းကားစီးရတာတော့ ကောင်းပါတယ်။ အဲယားကွန်းလေးနဲ့ပေါ့။ ကျွန်တော်တို့ ရန်ကုန်သားတွေ အဆင်ပြေတာပေါ့။ ရန်ကုန်သားတွေသာပြောတာ တကယ်တမ်းလိုင်းကားပေါ်က ခရီးသည်တွေကို စစ်တမ်းသာကောက်လိုက်ရင် ရန်ကုန်သားတစ်ဝက်တောင်ရှိမှာမဟုတ်ပါဘူး။ အဆင်ပြေတယ်ဆိုတာ ကျွန်တော်နေထိုင်ရာကနေ မြို့ထဲကို ၂၁၊ ၃၉၊ ၇၈ စီးသွားပြီး စံပြရောက်တော့ဆင်း၊ နည်းနည်းလေး လမ်းလျှောက်သွားပြီး တစ်ခါ ၅၈ ကိုထပ်စီးလို့ ကျွန်တော့်ရဲ့ ထမင်းအိုးလေးဖြစ်တဲ့ ပုဇွန်တောင်ရုံးကိုသွားရတာခင်ဗျ။ လမ်းမှာကားတွေပိတ်တာရယ်၊ ကားတွေကျပ်တာရယ်ကို နုတ်လိုက်မယ်ဆိုရင် အဆင်ပြေပါတယ်။ တကယ့်အမှန် ပြောရရင်တော့ အဆင်ပြေတာထက် ကျွန်တော်ကကံကောင်းတာပဲဖြစ်ပါတယ်။
အကွက်(၁)
တစ်နေ့ သန်လျင်ကိုသွားတယ် ။ အချိန်အားဖြင့် ညနေ ၆ နာရီခန့်ပေါ့။ ခရီးသည်တွေကလည်း အများသား၊ လူများတော့ ပိုက်ဆံပုံးထဲကို ခရီးသည်က ပိုက်ဆံထည့်တော့ ယာဉ်မောင်းက ခရီးသည်တွေ မြန်မြန်ကားပေါ်တက်လို့ရအောင် ပိုက်ဆံတွေကို သိမ်းပေးတယ်။ တချို့ပိုက်ဆံတွေတော့ ပိုက်ဆံပုံးထဲကိုထည့်ပြီး တချို့ပိုက်ဆံတွေကတော့ ယာဉ်မောင်းဘေးက ပလတ်စတစ်ခြင်းကလေးထဲ ရောက်သွားလေရဲ့။ ကားကလည်းကျပ်၊ စီးမယ့်ခရီးသည်တွေကလည်း များဆိုတော့ ဒီယာဉ်မောင်းက တော့ကြည့်နေတဲ့ အချိန်မှာတင် ငါးထောင်လောက်ခိုင်သွားတာပေါ့။ ပိုဆိုးတာကတော့ ကားကအဲယားကွန်းက လေလေးနည်းနည်းသာရပြီး မအေးတာပဲ။ သန်လျင်သာ ရောက်သွားတယ်။ ချွေးတစ်လုံးလုံး။
ဒီလိုမျိုးပါပဲ Power Eleven Co,.Ldt မဟုတ်တဲ့ ၂၁ လိုင်းကားပေါ့။ အကြွေမပါတဲ့ ခရီးသည်တွေကို အကြွေအမ်းပေးသလိုလိုနဲ့ တက်လာတဲ့ ခရီးသည်တွေဆီက ပိုက်ဆံတွေယူပြီး ပိုက်ဆံပုံးထဲကို နည်းနည်းထည့်များများကိုဘေးမှာထား။ အကြွေမရှိတဲ့ ခရီးသည်လာရင် အဲဒီအထဲကအမ်းပေး၊ အတန်ကြီးကိုသူတို့ယူ၊ အဲဒါမျိုးက ၆၁ ကား၊ ၃၉ကားနဲ့ အဝါမဟုတ်တဲ့ ၆၅ ကားမှာလည်း အတော်များများကြုံရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့မော်တော်ယာဉ်ပိုင်ရှင်တွေက ခံလိုက်ရတာပဲဖြစ်ပါတယ်။ ယာဉ်မောင်းကို လစာလည်းပေးရသေး၊ ယာဉ်မောင်းတွေက ပိုင်ဆံကိုမရိုးမသားလည်းလုပ်သေးဆိုတော့ တစ်ခါပုံးထဲကပိုက်ဆံကို ရေတွက်ထိန်းသိမ်းပေးတဲ့ အဖွဲ့ကိုလည်း ရာခိုင်နှုန်းနဲ့ပိုက်ဆံပေးရသေးဆိုတော့ လိုင်းကားထောင်ထားတဲ့ယာဉ်ပိုင်ရှင်တွေလည်း YBS ကို သဘောမတွေ့ကြတာကို သိရပါတယ်။ မကြာသောအချိန်အတွင်းမှာလည်း ကုမ္ပဏီကြီးတွေက သူတို့ယာဉ်အစုအဖွဲ့လေးတွေကို ဝါးမြိုသွားတော့မှာကိုလည်း အဲဒီယာဉ်ပိုင်ရှင်တွေ စိုးရိမ်နေသံလည်းကြားနေရပါတယ်။
အကွက်(၂)
သင်တန်းတစ်ခုတက်တော့ ၄၁ ယာဉ်လိုင်းကို နေ့စဉ်အသွားအပြန်စီးရပါတယ်။ တချို့ကားတွေမှာ စပယ်ယာပါပြီး တချို့ကားတွေမှာ မပါကြပါဘူး။ စပယ်ယာ ပါတဲ့ကားဆိုရင် တခ်ျိဳ ႔က အသာအယာနေပြီး၊ အချို့ကတော့ ယာဉ်မောင်းနဲ့သူတို့အချင်းချင်း မကြားအပ်တဲ့စကားတွေပြောကြ၊ ခရီးသည်တွေကို လည်း ပါတဲ့ကားသာပါပြီး၊ မပါတဲ့ကားတွေလည်းများပါတယ်။ မီနီဘတ်စ်တွေက ပိုတောင်ဆိုးပါသေးတယ်။ လူကျပ်တဲ့အချိန်ကားစီးရရင် ပူလောင်ကျပ်သိပ်စိတ်ညစ်ညူးရပါတယ်။ အဲဒီယာဉ်လိုင်းတွေကို နေ့စဉ်စီးပြီး ရုံးသွား၊ ခရီးသွားရတဲ့ သူများကတော့ ကျွန်တော်ထက်ကံဆိုးကြတယ်လို့ပဲ ပြောရမလားပါပဲ။ ဒီလိုမျိုးလိုင်းကားတွေဟာ မြို့ပြင်လိုင်းကားတွေမှာ အများအပြားတွေ့ရပါတယ်။
အကွက်(၃)
လေ့လာသုံးသပ် စနည်းနာကြည့်တဲ့ အခါမှာတော့ ကုမ္ပဏီကြီးတွေက ထောင်ထားတဲ့ YBS တွေကအများအားဖြင့် စည်းကမ်းရှိကြတာကို တွေ့ရပါတယ်။ ဘာလို့လည်းဆိုတော့ သတ်မှတ်ချက်အ တိုင်းလုပ်တယ်၊ ယာဉ်မောင်းပိုက်ဆံကိုင်တာသိရင်ချက်ချင်းဖြုတ်ပစ်တယ်။ လစာလည်းကောင်းကောင်းပေးထားတယ်။ ကားသစ်တွေဖြစ်တော့ အဲယားကွန်းလည်း ကောင်းတယ်။ ခရီးသည်တွေအဆင်ပြေတယ် ။ အရှုံးအမြတ်ကိစ္စမရှိ၊ သူတို့မှာ တခြားကုမ္ပဏီတွေလည်းရှိတော့ တစ်ဖက်မှာခုသာခံသာရှိတယ်။
ကုမ္ပဏီကြီးတွေမဟုတ်ဘဲ နှစ်စီးစသုံးစီးစကားပိုင်ပြီး အဲဒီလိုပိုင်ရှင်တွေ ပေါင်းပြီး ပြေးဆွဲနေတဲ့ YBS ယာဉ်ပိုင်ရှင်တွေကတော့ ငြီးတွားနေလေရဲ့။ ရတဲ့ပိုက်ဆံက ယာဉ်မောင်းကခိုး၊ ယာဉ်ကြီးကြပ်(စပယ်ယာ)ကယူ၊ ကားတွေကအသစ်မဟုတ်တဲ့အခါကျတော့ ပြင်ဆင်ကုန်ကျစရိတ်ကများ၊ နောက်ခံငွေကြေးမရှိ၊ အခုအခံငွေကြေးနတ္ထိ၊ တစ်ချိန်ချိန်မှာ ကုမ္ပဏီကြီးတွေ ဝါးမြိုသွားမှာ ကိုစိုးရိမ်ရပြီး YBS တစ္ဆေအခြောက်ခံနေရလေရဲ့ဗျာ။ သူတို့က YBS ကို မနှစ်မြို့ကြပါဘူး။
အကွက်(၄)
ပြည်သူလူထုဖြစ်လဲ ခရီးသည် တွေကတော့ လူ့ထုံးစံအတိုင်းပင်အဆင်ပြေတဲ့သူတွေက YBS ကောင်းတယ်။ အဆင်မပြေတဲ့သူတွေကတော့ YBS မကောင်းဘူးပေါ့။ တချို့သူတွေကတော့ YBS က ကောင်းတဲ့နေရာ ကောင်းတယ်။ မကောင်းတဲ့နေရာမကောင်းဘူးတဲ့ ။ YBS အောင်မြင်သလား မေးကြည့် တော့ အောင်မြင်တဲ့နေရာမှာ အောင်မြင်ပြီး မအောင်မြင်တဲ့နေရာမှာ မအောင်မြင်ဘူးတဲ့ ။ မကြိုက်တဲ့သူတွေကတော့ ကွီးဖြိုးကိုဆဲကြတာပေါ့။
အကွက်(၁ ကနေ ၅ အထိ)
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ နိုင်ငံတော် စီမံကိန်းတစ်ခု ၊ ပြောင်းလဲမှုတစ်ခုကိုလုပ်တဲ့အခါ အဲဒီစီမံကိန်း၊ အဲဒီပြောင်းလဲမှုဟာ ဘယ်လောက်တာသွားသလဲ၊ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာတွေကို ပြန်လည်ဆန်းစစ်ရမှာပဲ မဟုတ်ပါလား။ ပြင်သင့်တာပြင် လုပ်သင့်တာဆက်လုပ်ရမှာ ပဲမဟုတ်ပါလား။ ထိန်းသိမ်းသင့်တာ ထိန်းသိမ်းရမှာပဲမဟုတ်ပါ့လား။ ဟန်ချက်ညီအောင် လုပ်ရမှာပဲမဟုတ်ပါလား။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်တာတွေသည် နိုင်ငံရေးပင် မဟုတ်ပါလား။
နိုင်ငံရေးဆိုတာ ပြည်သူလူထုအကျိုးကို ရှေ့တန်းတင်ကာလုပ်ကြရတာပင် မဟုတ်ပါလော။ ဒီမိုကရေစီ ဆိုတာ ပြည်သူကိုကျောသားရင်သားမခွဲခြားဘဲ နိုင်ငံသားအခွင့်အရေးတန်တူးပေးရတာပင် မဟုတ်ပါလော။
ကျွန်တော့်လိုမျိုး ကံကောင်းသည့်လူများသည်လည်း တစ်နေရာရာကိုရောက်သော် ကံဆိုးသွားပြီး၊ တစ်နေရာမှ သူများသည် ကျွန်တော်တို့နေရာရောက်သော် ဒေါမနဿပွားစရာ၊ အပြစ်မြင်စရာများပင် ဖြစ်လာနိုင်ပါတယ်။ တစ်နည်းဆိုရသော် အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်သူများကို ဝေဖန်ပြစ်တင်စရာ ဖြစ်လာပြီး နိုင်ငံရေး စည်းရုံးမှု ပျက်ယွင်းနိုင်ပါကြောင်းနှင့် နိုင်ငံရေးဆိုတာ ပြည်သူကိုအမျှတဆုံးနဲ့ အကျိုးထိရောက်မှုအရှိဆုံးဝန်ဆောင်မှုပေးခြင်းပဲ ဖြစ်ပါကြောင်း..။
(ဆက်ပြောပါဦးမယ်။)
သန့်ဇော်(သန်လျင်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်