အွန်လိုင်းပေါ်တွင် ရှမ်းကိုးမီးအပါအဝင် ဥပဒေနှင့် မညီညွှတ်သည့် လောင်းကစားမှုများပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူမည်

ရဲကျော်ထက်

အင်တာနက်အပါအဝင် ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် ရှမ်းကိုးမီးအပါအဝင် ဥပဒေနှင့်မညီညွှတ်သည့် လောင်းကစားမှုများပြုလုပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အွန်လိုင်းဝန်ဆောင်မှုများတွင်ကျယ်လာသည်နှင့်အမျှ ရှမ်းကိုးမီးအပါအဝင် အမည်အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသော အွန်လိုင်းဂိမ်းလောင်းကစားဝန်ဆောင်မှုများသည်လည်း တိုးပွားလျက်ရှိပြီး အဆိုပါအွန်လိုင်းလောင်းကစားမှုများသည် အများပြည်သူများ၏ အကျင့်စာရိတ္တကို ပျက်စီးစေရုံသာမက ဆုံးရှုံးမှု၊ နစ်နာမှုများလည်း များစွာဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် လိုင်စင်စီများသို့ ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များထုတ်ပေးရာတွင်မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ အမိန့်နှင့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေးကို စည်းကမ်းချက်တစ်ရပ်အနေဖြင့် တည့်သွင်းပြဌာန်းထားပြီဖြစ်ကြောင်း ပါရှိသည်။

သို့ဖြစ်ပါ၍ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် လိုင်စင်စီများအနေဖြင့် အွန်လိုင်းဂိမ်းများ၊ လောင်းကစားမှုများအပါအဝင် ဥပဒေနှင့်ငြိစွန်းနိုင်သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်ဆောင်ရွက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်