ရွှေစက်တော်စေတီအနီး မြေဧက ၄၀ အား ဟိုတယ်ဇုန်တည်ဆောက်ရန် တိုင်းတာနေ

ဇော်မိုးထွန်း(မကွေး)

မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးတွင် ဧက ၄၀ ပမာဏရှိသည့် ဟိုတယ်ဇုန်တည်ဆောက်သွားရန် မြေနေရာတိုင်းတာလျက်ရှိကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါဟိုတယ်ဇုန်ကို ရွှေစက်တော်ဘုရားအဝင်အဝအနီးရှိ သမင်ခြံတွင် တည်ဆောက်သွားရန် လျာထားလျက်ရှိပြီး မြေပြင်ကွင်းဆင်းညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ရွှေစက်တော်ဘုရားပွဲသည် သုံးလဝန်းကျင်ခန့်သာ ကျင်းပလေ့ရှိသော်လည်း ပွဲတော်ကျင်းပရန်ခြောက်လခန့်ပြင်ဆင်ရပြီး တစ်နိုင်ငံလုံးရှိဘုရားဖူးပြည်သူများက နှစ်ပတ်လည်လာရောက်လေ့ရှိကြသဖြင့် ဟိုတယ်ဇုန်တည်ဆောက်လျှင် အောင်မြင်နိုင်ကြောင်း ၎င်းမှ ပြောသည်။

“ ဒေသတွင်းအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့သွားရမှာ။ အဆောက်အဦးပုံစံတွေ တင်ပြထားပြီးပြီ။ အောက်ခြေမှာမြေပြင်ကွင်းဆင်းကြည့်ပြီးပြီ။ ဟိုတယ်ဇုန်လုပ်တဲ့အတွက် အောင်မြင်မယ်လို့ ယူဆပါတယ်”ဟု မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မကွေးဇုန်) ဥက္ကဋ္ဌ ဦးစံထွေးက ယူနတီသို့ပြောသည်။

အဆိုပါ ဟိုတယ်ဇုန်ပြုလုပ်ရန်အတွက် မြေဧက ၄၀ အတွင်းတွင် ဟိုတယ်အနည်းဆုံး ငါးလုံးမှ ဆယ်လုံးအထိ ရည်မှန်းထားပြီး ဟိုတယ်များတည်ဆောက်ရန် အလုံးရေကို ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသတွင်းစီးပွားရေးသမားများအား တင်ဒါခေါ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်