ဇင်နိုင်
ပညာရေးဝန်ကြီးဌာနနည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့်ရက်အား တိုးမြှင့်သတ်မှတ်ကြောင်း ယင်းဌာနမှသိရသည်။
၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်း၌ ပထမနှစ်သင်တန်းတက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူခဲ့ပြီး အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) အောင်မြင်သူများအား မိမိတက်ရောက်လိုသည့် ကျောင်းများတွင် ၂၀၁၈ ခုနှစ် မေလ ၇ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ လျှောက်လွှာတင်ရန် ကြေညာခဲ့သည်။
အဆိုပါကျောင်းများအနက် အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်၊ ပူတာအို၊ တီးတိန်၊ မင်းတပ်၊ ကလေး၊ ခန္တီး၊ ထားဝယ်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြင်းခြံ၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်) စုစုပေါင်း ၁၇ ကျောင်းတွင် ဝင်ခွင့်လျှောက်လွှာတင်သွင်းခြင်းအား ၂၀၁၈ ခုနှစ် ဇွန် ၁၀ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြေညာလိုက်သည်။