မင်းဘူးကျောက်မီးသွေးတွင်းထဲဆင်းသည့် လုပ်သားတစ်ဦး ပေ ၇၀ အရောက်တွင် အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံး

မျိုးမြင့်သူ(ရေနံချောင်း)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ကျောက်မီးသွေးတွင်း၌ လုပ်သားတစ်ဦး မေ ၂၆ ရက်၊ နံနက်ကိုးနာရီခွဲက အောက်ဆီဂျင်ပြတ်၍သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံအား စကုနယ်မြေရဲစခန်းမှူး ရဲအုပ်ခင်းဇော်မှ သွားရောက်စစ်ဆေးခဲ့ရာ မင်းဘူးမြို့နယ် ပန်းတောင်ကျေးရွာအနီးရှိ မြင့်မြတ်ချမ်းအေး ကုမ္ပဏီလုပ်ကွက် အမှတ် ၂ ကျောက်မီးသွေးတွင်း၌ အထက်ပါအချိန်တွင် ဦးထွန်းလှပိုင်ဆိုင်သော အောက်ဆီဂျင်လွှတ်ထားသည့် ကျောက်မီးသွေးကျင်း အနက် ပေ ၇၀ ခန့်အတွင်းသို့ အလုပ်လုပ်ရန် အေးမင်းလတ်၊ ဦးထွန်းလှ၊ ဦးရွှေမောင်၊ ဦးလှရွှေတို့မှ ဆင်းခဲ့ကြသည်။

ရှေ့ဆုံးမှဆင်းခဲ့သည့် အေးမင်းလတ်သည် ပေ အနက် ၇၀ အရောက်၌ တစ်ဘက်တွင်ရှိအောက်ဆီဂျင်လွှတ်မထားသည့် ကျင်းအတွင်း လမ်းမှားဝင်ရောက်ခဲ့ပြီး လဲကျသွားခဲ့ရာ ဦးရွှေမောင်နှင့် ဦးလှရွှေတို့က မြင်တွေ့လိုက်၍ အေးမင်းလတ်အားကျင်းပေါ်သို့ သယ်ဆောင်ခဲ့ကြောင်း ကျင်းပေါ်သို့အရောက်တွင် အေးမင်းလတ်မှာ အသက်မရှိတော့ဘဲ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိ်ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းဘူးမြို့နယ် စကုနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်