ရှစ်တန်းကျောင်းသူအား ခိုးယူပေါင်းသင်း၍ အမှုဖွင့်

မျိုးစံစိုး(ဖျာပုံ)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် ၇ ရပ်ကွက်၊ ၁၃ လမ်းနေ အထက ၃ မှ အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူအား အသက်မပြည့်ဘဲ ခိုးယူပေါင်းသင်းသူနှင့် အားပေးကူညီသူတို့အပေါ် မိခင်မှ တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ အားပေးကူညီသူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက် မနက် ၃ နာရီအချိန်တွင် မိခင်ဖြစ်သူ မသင်းသင်းခိုင်သည် တစ်ရေးနိုးလာပြီး သမီးဖြစ်သူ မအေးသန္တာမြင့် ရှစ်တန်းကျောင်းသူ၊ အ၊ ထ၊ က(၃) ဖျာပုံ၊ ၁၄ နှစ်၊ (ဘ) ဦးဇော်မင်းအောင်၏ အခန်းတွင်ဝင်ရောက်ကြည့်ရှုခဲ့ရာမတွေ့သဖြင့် အနီးအနားပတ်ဝန်ကျင်အား လိုက်လံစုံစမ်းကြောင်း ထိုသို့စုံစမ်းရာတွင် ဖျာပုံမြို့၊ ဖျာပုံတမံကျေးရွာအုပ်စုနေ ဝေယံကျော် ၂၀ နှစ်မှ ခိုးယူသွားကြောင်း သိရှိရသဖြင့် မနက်ခြောက်နာရီခွဲအချိန်တွင် ဖျာပုံတမံကျေးရွာရှိ ဝေယံကျော်၏နေအိမ်သို့ သွားရောက်မေးမြန်ခဲ့သည်။ ဝေယံကျော်အမေဖြစ်သူ ဒေါ်ချိုမှ မနက်သုံးနာရီအချိန်တွင် ဝေယံကျော် အသက် ၂၀ နှစ် ကျပန်းလုပ်ကိုင်သူနှင့် ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စုနေ နိုင်လင်းဦး(ခ) မော်စကို ၁၅ နှစ်(ဘ) ဦးသန်းစိုးနှင့် မအေးသန္တာမြင့်တို့ရောက်ရှိလာပြီး မနက်ငါးနာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ဆွေမျိုးများထံထွက်ခွာသွားကြောင်း သိရ၍ မိခင်ဖြစ်သူ မသင်းသင်းခိုင်မှ အရွယ်မရောက်သေးသူသမီးဖြစ်သူအား ခိုးယူသွားသူ ဝေယံကျော်နှင့် အားပေးကူညီသူ နိုင်လင်းဦး(ခ) မော်စကိုတို့အပေါ် အရေးယူပေးနိုင်ရန် မေလ ၂၇ ရက်တွင် ဖျာပုံမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖျာပုံမြို့မရဲစခန်းမှ (ပ) ၃၆၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၆၃ ဖြင့် အမှုဖွင့်အရေးယူပေးခဲ့ပြီး အမှုမှခိုးယူပေါင်းသင်းသူ ဝေယံကျော်နှင့် အားပေးကူညီသူ နိုင်လင်းဦး(ခ) မော်စကို အား မွန်းလွဲ ၂း၁၅ တွင် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်