မြန်မာနိုင်ငံမှုခင်းသတင်ထောက်များအသင်း ကို သတင်းထောက်အသင်းအဖြစ် မသတ်မှတ်ကြောင်း ထုတ်ပြန်

မေရည်ငြိမ်းချမ်း၊ ဇွန် ၄

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) ဟာ
သတင်းမီဒီယာဥပဒေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့ အဖွဲ့လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

မှုခင်းသတင်းထောက်များအသင်းဟာသတင်းမီဒီယာဥပဒေ ၉(ဈ) မှာ ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကျင့်ဝတ်နဲ့ စည်းကမ်းချက်တွေ ဖြစ်တဲ့ ၈-၁ ၊ ၂၁-၁၊ ၂၁-၂ တို့ကို လိုက်နာမှု မရှိဘူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းတဲ့အချိန်မှာတော့ အခုလို ဖြေကြားခဲ့ပါတယ်။

“ဥပဒေအရ သူတို့အဖွဲ့ကို အသိအမှတ်မပြုတဲ့ အကြောင်းကြေညာတယ်။ ဆက်ပြီးတော့သတင်းမီဒီယာကောင်စီနဲ့ပတ်သက်လို့ ပုတ်ခတ်စွပ်စွဲ ထားတာတွေ ရိုင်းရိုင်းပြပြတွေ လူမှုကွန်ရက်မှာတင်တာတွေ တွေ့ရတယ်။အဲဒါနဲ့ပတ်သက်ပြီး နည်းလမ်းတကျဖြေရှင်းချင်တယ်။ ဥပဒေအရ တရားဝင်တရားစွဲမယ်“

ဥပဒေကြောင်းအရ မှုခင်းသတင်းထောက်အဖွဲ့ကို တရားစွဲဆိုနိုင်ဖို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးစီစဉ်နေတယ်လို့ ဆိုပါတယ်။

မှုခင်းသတင်းထောက်အဖွဲ့နဲ့ ပတ်သက်ပြီးတိုင်ကြားတဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက် တိုင်ကြားစာတွေလည်း လက်ခံရရှိထားတယ် လို့ ဦးအုန်းကြိုင် ကပြောပါတယ်။

‘ရှုထောင့်’ မှုခင်းနှင့်သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်နဲ့ မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များ အသင်း (MCRA) ဗဟိုရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးသက်နိုင်ဦး ဟာ (၂၂.၅.၂၁၀၈) ရက် နေ့စွဲနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌထံကို လိပ်မူပြီး တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။

ဒီတိုင်ကြားစာနဲ့ ပတ်သက်ပြီး တိုင်ကြားသူ ဦးသက်နိုင်ဦး ကို မေလ ၃၁ ရက်မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို လာရောက်ဖို့ မေလ ၂၈ ရက်က စာထုတ်ပြီးချိန်းဆိုခဲ့ပေမယ့် လာရောက်ခဲ့တာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆင့်ခေါ်ချိန်းဆိုခဲ့တဲ့နေ့မှာ မှုခင်းသတင်းထောက်အသင်း ဟာ သတင်းထောက်မဟုတ်ဘဲ သတင်းထောက်အမည်ခံအဖွဲ့ ပြုလုပ်ထားတဲ့ ကိစ္စကို ရှင်းလင်းပြောဆိုဖို့ ရည်ရွယ်ထားသော်လည်း
ဦးသက်နိုင်ဦးအနေနဲ့ လာရောက်ခဲ့မှု မရှိတာကြောင့် လာမယ့် ဇွန်လ ၇ ရက်နေ့မှာ လာရောက်ဖို့ ထပ်မံပြောကြားထားတယ်လို့ စာနယ်ဇင်းကောင်စီ ဒုတိယဥက္ကဌထံမှသိရပါတယ်။

MRCA အသင်းဟာ မြန်မာနိုင်ငံသတင်းသတင်းမီဒီယာဥပဒေ ၉(ဈ) မှာ ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကျင့်ဝတ်နှင့်စည်းကမ်းချက်တွေ ဖြစ်တဲ့ ၈.၁မှာ (သတင်းအချက်အလက်များကို ရရှိရန်အတွက် မိမိမည်သူမည်ဝါဆိုသည်နှင့်မည်သည့်အဖွဲ့ အစည်းကို ကိုယ်စားပြုကြောင်း ရှင်းလင်းစွာဖော်ပြပြီး ရိုးဖြောင့်စွာ ဆောင်ရွက်ရမည်။

အများပြည်သူ အကျိုးစီးပွားဖြစ်ကြောင်း အခိုင်အမာသက်သေပြနိုင်ပြီး အခြားနည်းလမ်းများဖြင့် သတင်းရရှိနိုင်ခြင်းမရှိသော အခြေအနေမျိုးမှ အပ အမည်နာမ လှီးလွှဲပြောဆိုခြင်းနှင့် အခြားမရိုးဖြောင့်သော နည်းလမ်းများ အသုံးမပြုရ) လို့ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီခြင်းမရှိတာလို့ သိရပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်