သာကေတ လူနေရပ်ကွက်အတွင်းရှိ မြေကွက်လပ် ဘောလုံးကွင်း မဆောက်ပေးနိုင်၊ အစိုးရဌာနဆိုင်ရာပိုင်မြေဖြစ်

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အတွင်းရှိ ပေ ၃၀၀ ပတ်လည် မြေကွက်လပ်ကို ဘောလုံး အားကစားကွင်း အဖြစ် ပြောင်းလဲပေးဖို့ သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

ရန်ကုန်မြို့တော်ဝန်က သာကေတမြို့နယ်ဟာ လူဦးရေ ထူထပ်တဲ့ အတွက် ကလေး၊ လူကြီး အားလုံးအတွက် အပန်းဖြေရိပ်သာနဲ့ အားကစားကွင်းလိုအပ်ချက်တွေ ရှိနေတာကို သိပေးမယ့် စည်ပင်သာယာရေး ဌာနအနေနဲ့ စီမံခန့်ခွဲခွင့်မရှိတဲ့ မြေဖြစ်တဲ့အတွက် ဘောလုံးကွင်းတည်ဆောက်ပေးလို့ မရဘူးလို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန်ကတော့ ဒီမြေနေရာဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်မြေ အဖြစ် အမည်ပေါက် သတ်မှတ်ထားတဲ့ အတွက်ကြောင့် မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနရဲ့ သဘောထားကို ရယူသင့်တဲ့မြေနေရာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ကို ပြန်ကြားထားတာကို စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။

“မြေနေရာကို အားကစားကွင်းအဖြစ် အသုံးပြုဖို့ အထက်ပါကွင်းဆင်း စစ်ဆေးချက်အရ မြေလွတ်ဧရိယာဟာ ၀.၄၉ ဧက ရှိကြောင်းစိစစ်ရရှိခဲ့ပြီးတော့ မြို့ကွက်ကျမြေကို ရေနံမြေလို့ မှတ်သားထားရှိတဲ့အတွက်ကြောင့် လောလောဆယ် အသုံးပြုလို့ မရသေးဘူး” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

အဲဒီနေရာဟာ သာကေတမြို့နယ် ၁၀ တောင် ရပ်ကွက်၊ ၁၁ ရပ်ကွက်၊ ၁၃ ရပ်ကွက်နဲ့ မြန်မာ့ရေနံနှင့် ဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရေနံလိုင်း၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) ရေနံဝန်ထမ်းလိုင်း၊ သန်လျင်တံတားအိမ်ရာဝန်းနဲ့ အကောက်ခွန်ဝန်ထမ်းလိုင်းတွေ ဆုံတဲ့နေရာမှာ ရှိတဲ့ မြေကွက်လပ်ဖြစ်ပါတယ်။

ဒီမြေကွက်လပ်ဟာ ပေ ၃၀၀ ပတ်လည်ရှိတယ်လို့ ဆိုပေမယ့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကပိုင်ဆိုင်ပြီး ၆၆ ကေဘီ ဓာတ်အားလိုင်းဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။

အဲဒီဓာတ်အားလိုင်းကို ချန်လှပ်တိုင်းတာရာမှာတော့ ၀.၄၉ ဧက မြေကွက်လပ်ကျန်ပေမယ့် မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန ကိုလွဲပြောင်းပေးတဲ့ မြို့ကွက်ကျမြေပုံပေါ်မှာတော့ ရေနံမြေလို့ ရေးသားထားတယ်လို့ ရန်ကုန်မြို့တော်ဝန်က ဆိုခဲ့ပါတယ်။

Photo Credit – Yangon Region Government Facebook Page

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်