နိုင်ငံတော်ဘေး မူးယစ်ဆေး(အယ်ဒီတာ့ အာဘော်)

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများ အလွန်အမင်းပေါ များနေကြောင်း ပြည်တွင်း သတင်းမီဒီယာအသီးသီးတွင် ဖော်ပြပါရှိနေသော်လည်း အစိုးရအသစ်၊ အစိုးရအဟောင်း အုပ်ချုပ်ရေး မည်သို့ပင်ပြောင်းပြောင်း မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် ယန္တရားကြီးမှာ ယနေ့တိုင်အောင် ခုတ်မောင်း လည်ပတ်နေဆဲဖြစ်သည်။
စိတ်ကြွရူးသွပ်ဆေးပြား ပြဿနာသည် နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးနေသော်လည်း လွှတ်တော် တွင် ပြက်ရယ်ပြုခံရသလို ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်စားလှယ်တစ်ဦး၏ အဆိုတင်သွင်းမှုတစ်ခုတွင် မူးယစ်ဆေးဝါးသုံး စွဲသူများအား လူမှုရေးပြစ်ဒဏ်များသာ ပေးရန်ဖြစ်သည်။ ထိုအဆိုကို လွှတ်တော်တွင် အတည်ပြုခဲ့ ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသူများ၊ ဆေးသုံးစွဲသူများ အခွင့်အလန်း ပိုမိုရရှိသကဲ့သို့ ဖြစ်သွား သည်။
စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုသည် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူတို့ကို နိုင်ငံတော်ရန်သူအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သည်။ ထိရောက်သော တရားစီရင်ရေးဖြင့် ဟန့်တားခဲ့သည်။ စင်ကာပူတွင် မူးယစ်ဆေး အနည်းငယ် ဖမ်းမိရုံဖြင့် သေဒဏ်ထိမည်ဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည်လည်း လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပစ်သတ်မိန့်ထုတ်ထားသည်။ ထိုအရာသည် တိုင်းပြည်အတွက် ခြောက်ခြားစရာဟု ထင်မြင်နိုင်သော်လည်း သေဒဏ်ပေးရမည့် ပစ်မှုအား အခြားပေါ့ဆသည့် အပြစ်မျိုးဖြင့် အစားထိုးပါက တရားဥပဒေစိုးမိုးနိုင်စွမ်း ရှိမည်မဟုတ်တော့ပေ။
စင်ကာပူနိုင်ငံတော်ကို တည်ထောင်ခဲ့သော လီကွမ်ယုသည် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ကောင်းစွာသဘောပေါက်သဖြင့် ပြင်းထန်သော တရားဥပဒေနှင့် ထိန်းချုပ်အောင်မြင် ခဲ့သည်။ တိုင်းပြည်အတွက် ဆိုးကျိုးများကိုသာ သယ်ဆောင်ထောက်ပံ့နေမည့် မူးယစ်ဆေးဝါးများကို လီကွမ်ယု အလိုမရှိ ပေ။ နိုင်ငံသားတို့အပေါ်တွင်လည်း မူးယစ်ဆေးဝါးသားကောင် ဖြစ်မည့်အရေးကို သူလက်မခံချင်။ ထို့ကြောင့် လီကွမ်ယု ချမှတ်ခဲ့သည့် မူးယစ်ဆေး ပြစ်ဒဏ်များမှာ ယနေ့တိုင် အသက်ဝင်လျက် ရှိနေသည်။
မူးယစ်ဆေးစွဲသူများသည် ထုံထိုင်းလေးလံခြင်း၊ စိတ်ပုံမှန်မဟုတ်ခြင်း၊ အလုပ်အကိုင်များအား သာမန်လူ တစ်ယောက်ကဲ့သို့ မလုပ်ကိုင်နိုင်ခြင်းနှင့်အတူ မှတ်ဥာဏ် ထိုင်းမှိုင်းခြင်းတို့ကို ဆိုးရွားစွာဖြစ်ပေါ်စေသည်ဟု စာပေရေးရာများတွင် လေ့လာဖတ်ရှုခဲ့ရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးဆိုးလုယက်မှု၊ ရန်ဖြစ်၍ တစ်ဦးနှင့်တစ်ဦး ဓားဖြင့်ထိုးမှု၊ ခုတ်မှုတို့အား လေ့လာကြည့်သော် အရက်သောက်၍ သော်လည်းကောင်း၊ ဆေးပြားများသုံးစွဲ၍ သော်လည်းကောင်း ဖြစ်ပွားခဲ့ကြသည်က များပေသည်။
လူစိတ်ပျောက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်အား ကမ္ဘာ့ခေါင်းဆောင်အချို့က သိနေသော်လည်း နိုင်ငံ တကာတွင် ဘိန်းစိုက်ပျိုးမှု အဆင့်နှစ်ဖြင့် ကျော်ကြားနေသည့် မြန်မာပြည်အုပ်ချုပ်သူတို့ အလေးမထားသည်မှာ အံ့ဩစရာကောင်းပေသည်။ ထိုကဲ့သို့ အစိုးရအဖွဲ့မှ အလေးမထားမှုကြောင့်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မှုခင်းများက ကမ္ဘာ့အလယ်တွင် ရှက်စရာ ကောင်းနေပေသည်။
သမ္မတကြီး ဦးဝင်းမြင့်သည် မူးယစ်ဆေးဝါး တိုက်ဖျက် ရေးနှင့်ပတ်သက်၍ စီမံကိန်းတစ်ခု ဖော်ဆောင်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သို့သော် ထိုတွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့ သော ဂုဏ်သရေရှိလူကြီးမင်းများအနေဖြင့် နိုင်ငံတော် နှင့် ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားထက် မည်သူ့မျက်နှာ ကိုမှ ငဲ့ကွက်မှုမရှိဘဲ လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲဖို့ လိုမည်ဖြစ် သည်။ သို့မှသာ မြန်မာနိုင်ငံရှေ့ရေး ရင်အေးရမည် ဖြစ်ပေသည်။။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်