တောင်တွင်းကြီးသားက မိုင်ငါးဆယ်ခရီးအား စက်ဘီးစီး၍ မကွေးတိုင်းဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန် တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်

တိုင်ကြားစာကို အရေးယူခြင်းမရှိသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များအား တောင်တွင်းကြီးမြို့မှ ဦးစိုးမင်း(ခ) စော်ဘွားကြီးဆိုသူက တစ်ကိုယ်တော်စက်ဘီးစီးကာ ဇွန် ၄ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးညီညီနိုင်၏ မိသားစုဝင်များက လမ်းပေါ်တွင် ကျူးကျော်၍ ဈေးရောင်းနေကြသည်ဟုဆိုကာ ဦးညီညီနိုင်နှင့် စည်ပင်အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းတို့ အားအရေးယူပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားခဲ့သော်လည်း အရေးယူပြန်ကြားခြင်း မရှိသဖြင့် တောင်တွင်းကြီးမြို့မှ အသက် (၆၃)နှစ်အရွယ်ရှိ ဦးစိုးမင်း(ခ)စော်ဘွားကြီးဆိုသူက တိုင်းဝန် ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဦးဇော်မင်းတို့ နုတ်ထွက်ပေးရန် မိုင် ၅ဝ ကျော်အကွာ အဝေးရှိသည့် တောင်တွင်းကြီး မြို့မှ မကွေးမြို့သို့ စက်ဘီးစီးကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
ထိုသို့ဆန္ဒဖော်ထုတ်ရန်အတွက် နံနက် ၅ နာရီကျော်က တောင်တွင်းကြီးမြို့မှ စတင် ထွက်ခွာလာခဲ့ပြီး ၎င်း၏စက်ဘီး အပေါ်တွင် ” တိုင်ကြားစာကို အရေးယူခြင်းမရှိသည့် မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို- အလိုမရှိ။ တိုင်ကြားစာကို အရေးယူခြင်းမရှိသည့် မကွေးတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဇော်မင်း- အလိုမရှိ” ဟူသော ဗီနိုင်းစများ ချိတ်ဆွဲခဲ့ပြီး ၎င်းရပ်နားရာ နေရာအချို့တွင်လည်း အဆိုပါ စာများအား ဦးစိုးမြင့်က လော်စပီ ကာဖြင့် အော်ဟစ်ကြွေးကြော်ခဲ့ သည်။
” စည်ပင်သာယာရေး ဥပဒေနဲ့ လမ်းမကြီးများဥပဒေကို ကျူးလွန်ထားတဲ့ စည်ပင်သာ ယာရေးကော်မတီဝင်တစ်ဦးကို စည်ပင်သာယာရေး အမှုဆောင် အရာရှိက အရေးမယူဘူး။ စည်ပင်ဥပဒေအရ မတိုင်လည်း အရေးယူရမယ့် တာဝန်ရှိတယ် အခုတိုင်တာတောင် အရေးမယူဘူး။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ စည် ပင်ဝန်ကြီးဦးဇော်မင်းတို့မှာ တာဝန်ရှိတယ်။
တိုင်ထားတာ ခုနစ်လရှိပေမယ့် အရေးယူခြင်းမရှိလို့ ဆန္ဒဖော်ထုတ်ရတာပါ” ဟု ဦးစိုးမြင့် (ခ)စော်ဘွားကြီးက ဆိုသည်။
” စည်ပင်သာယာကို အရေးယူပေးဖို့ သူတောင်းဆို ထားတာရှိတယ်။ အရေးယူဖို့ တောင်းဆိုတဲ့နေရာမှာ စည်ပင် က လုပ်ပိုင်ခွင့်မရှိဘူး။ ရှင်းရှင်း လင်းလင်းပြောရရင် လမ်းမြေ ပေါ့။ စည်ပင်မြေမဟုတ်ဘူး။ ကျူးကျော်တဲ့အပိုင်းဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာ။ တကယ်တမ်းက လမ်းဦးစီးဌာနကို တောင်းဆိုရမှာပါ ” ဟု တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဇော်မင်းက ပြန်လည်ရှင်းလင်းပြခဲ့သည်။
အဆိုပါ တိုင်ကြားစာများအား အရေးမယူခဲ့သဖြင့် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးစိုးမြင့်(ခ)ဇော်ဘွားကြီးက ယခုဆန္ဒထုတ်ဖော်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် အောက်တိုဘာလကလည်း ရန်ကုန်မြို့ ဗိုလ်ချုပ် ပန်းခြံအရှေ့တွင် ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းနှင့် အရေးယူမှုများ မပြုလုပ်ပါက နေပြည်တော်တွင် တတိယအကြိမ်ထပ်မံ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ပြောသည်။
” စည်ပင်သာယာရေး ကော်မတီဝင် လမ်းမကြီးဥပဒေကို ချိုးဖောက်ထားတယ်ဆိုတာက တောင်တွင်းကြီး မြို့လယ်ကောင် ဆေးရုံးနဲ့မျက်စောင်းထိုးမှာ ဆိုင်တွေဖွင့်ထားတယ်။ မြောင်းပေါ်မှာ ကျူးကျော်ပြီး ရောင်းချတယ်။ အဖီတွေထိုး တယ်။ ဒါကလမ်းမကြီးဥပဒေကို ချိုးဖောက်တာ။ ဒါကို ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို တိုင် ကြားပေမယ့် အရေးယူမှုမလုပ်ခဲ့ ဘူ” ဟု ၎င်းကဆက်လက်ပြော သည်။ ဇော်မိုးထွန်း(မကွေး)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်