အမေနိုင်မှဖြစ်မယ်

၂၀၁၈ ဇွန်လ ၂ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၂၅)
NLD ပြည်သူ့ပါတီရဲ့နှစ်နှစ်တာ ကာလအတွင်း အကြီးမားဆုံးပြောင်းလဲမှုမှာ ၂ဝ၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်က နိုင်ငံတော်သမ္မတဦးထင်ကျော် ကျန်းမာရေးကြောင့် နုတ်ထွက်ခွင့်တင်ခဲ့တယ်။ သမ္မတကတော် ဒေါ်စုစုလွင်ရဲ့ စကားအရဆိုရင် ” ကျန်းမာရေးကြောင့်မဟုတ်ဘူး” ဆိုတော့ ကိုယ်တာဝန်ယူတဲ့အပိုင်း ကိုယ်တာဝန်မကျေပွန်လို့ နုတ်ထွက်စာတင်တယ်လို့ မှတ်ယူမိပါတယ်။ သမ္မတဦးဝင်းမြင့်ဖြစ်လာတယ်။ သမ္မတဦးထင်ကျော်လောက် တာဝန်မကျေပွန်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံတဲ့ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့ ပြည်ထောင်စုဝန်ကြီးအဆင့်များ ဘယ်လိုလူမျိုး နုတ်ထွက်စာတင်မလဲ ဆန်းစစ်မိတယ်။
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို စွမ်းရည်နည်းပါးမှုကြောင့် နိုင်ငံတော် သမ္မတက တာဝန်မှမိမိဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ရာ ဒေသခံတို့ကျေ နပ်လက်ခံခြင်းမရှိကြောင်း ချင်းပြည်နယ်ဒေသခံ အရပ်ဘက်အဖွဲ့အစည်းနဲ့ လူငယ်များဆက်သွယ်မေးမြန်းချက် မေ ၁၉ ရက်အရ သိရတယ်။ မေလ ၁၇ ရက်က သမ္မတဦးဝင်းမြင့်က တရားဝင်ခွင့်ပြု ပေးလိုက်တယ် သိရတယ်။
သမ္မတဦးထင်ကျော်လက်ထက် ပြောင်းလဲခဲ့ရတဲ့ အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စုဝန်ကြီးတစ်ဦး၊ ဒုဝန်ကြီး တစ်ဦး၊ ပြည်နယ်တိုင်းဒေသကြီးဝန်ကြီး ချုပ်နှစ်ဦး၊ အစိုးရအဖွဲ့ဝင်များထဲမှာ ဧရာဝတီ(၂)၊ မကွေး(၂)၊ ပဲခူး(၂)၊ ရခိုင် (၁)ဦးတို့ဖြစ်ပြီး စုစုပေါင်း ၁၂ ဦးရှိခဲ့ တယ်။ သမ္မတဦးဝင်းမြင့်လက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်သုံးဦး၊ ချင်း၊ ရခိုင်၊ တနင်္သာရီ၊ ပြည်ထောင်စုဝန်ကြီးငါးဦး၊ စက်မှု၊ ပြန်ကြားရေး၊ စိုက်ပျိုး/မွေးမြူရေး၊ ပညာရေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနတို့ဖြစ်ပြီး မေလ ၂၅ ရက်နေ့မှ CID စသုံးလုံးရဲ့စစ်ဆေးခြင်းခံနေရတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကို နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။
ယခုဆောင်းပါးမှာ ဝမ်းသာလို့ရေး တဲ့ဆောင်းပါးမဟုတ်ပါ။ NLD အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ” လွှတ်တော် အမတ်များ၊ ဝန်ကြီးစိတ်ကူးမယဉ်ကြဖို့” မှာကြားတာရှိတယ်။ နိုင်ငံတော်ရဲ့ စရိတ်ချွေတာသုံးစွဲဖို့ ဒုဝန်ကြီးတွေကို မခန့်အပ်ခဲ့ပါဘူး။ နောက်ပိုင်းလိုအပ်လို့ ခန့်အပ်လာတဲ့အချိန်မှာ ဖြစ်သင့်တာက NLD အမတ်မင်းတွေ ဖြစ်သင့်တယ်။ ခုတော့ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေအရေးယူမှုနဲ့ နုတ်ထွက်ခွင့်ပြုပြီးရင် သူတို့နေရာအစားထိုးမယ့်သူမရှိဘဲ ဖြစ်နေတယ်။ ပါတီကနေ ဒုဝန်ကြီးတွေ ရွေးချယ်ခန့် ထားပေး နိုင်ခဲ့ရင် သည်အချိန်ပြည်ထောင်စုဝန် ကြီးတွေအဖြစ် ယန္တရားလည် ပတ်နိုင်ပြီပဲဖြစ်တယ်။ ခုတော့ ဝန်ကြီး သာပြောင်းရတယ်။ နောက်ခန့်ထားဖို့ ရှာမရဖြစ်နေတယ်။
ပြည်ခိုင်ဖြိုးပါတီ အုပ်စိုးစဉ်ကသည် လိုမျိုး ကမောက်ကမ မဖြစ်ခဲ့ဖူးပါ။ နိုင်ငံတော်စာရင်းစစ်ချုပ်အဖြစ် ဗိုလ်ချုပ်လွန်းမောင်ကို ခန့်အပ်ပြီး ပြည်ထောင်စုအစိုးရ တွေရဲ့ငွေစာရင်းများစစ်ဆေးစေတဲ့အခါ အဂတိလိုက်စားမှုများတွေ့ရလို့ ယင်းဝန်ကြီး သုံးလေးယောက်ဖြုတ်ရမယ့်အစား စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုဖြုတ်တယ်။ ဝန်ကြီးတွေရဲ့အဂတိလိုက်စားမှု တားဆီးဟန့်တားနိုင်စွမ်းမရှိတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးခဲ့ရတယ်။
ယခု NLD လက်ထက်မှာတော့ စာရင်းစစ်ချုပ်က စစ်ဆေးခိုင်းလို့လား၊ သမ္မတအမိန့်ကြောင့်လား၊ ပြည်ထဲရေး က သူ့အစီအစဉ်နဲ့သူ စသုံးလုံး CID ကို စစ်ဆေးစေတာဟာ အစိုးရအဖွဲ့သိက္ခာကျစရာဖြစ်ရပါတယ်။ မေလ ၁၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်ရုံဆွေးနွေးပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ‘ခေါင်းဆောင် တစ်ယောက်အပေါ်မှာ လိုအပ်သည် ထက်ပိုပြီး မှီခိုနေပါက ယင်းအဖွဲ့အစည်း ရဲ့ ပျက်စီးခြင်းလမ်းစတစ်ခုဖြစ်ကြောင်း မိမိတို့အဖွဲ့အစည်းရဲ့ရောက်ရှိနေတဲ့ ခေါင်းဆောင်မှု၊ ကွပ်ကဲမှုအဆင့်ဆင့်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ရေရှည်ခိုင်မာတောင့်တင်းပြီး အောင်မြင်တဲ့ အစိုးရအဖြစ် နိုင်ငံနဲ့ပြည်သူ့အကျိုးသယ် ပိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့တယ်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကာလများဆီက တေးရေး၊ တေးဆို ဆောင်းဦးလှိုင်ရဲ့ ” မေမေနိုင်မှ ဖြစ်မယ်” မဲဆွယ်သီချင်းက တောရော မြို့ပါပျံ့နှံ့ခရီးရောက်ခဲ့ပါတယ်။ အမေနိုင်ခဲ့ပါတယ်။ ယခု NLD အစိုးရနှစ်နှစ်ခွဲ သက်တမ်းမှာ အစိုးရအဖွဲ့နဲ့ပြည်ထောင်စုဝန်ကြီးတွေအပေါ် အမေနိုင်မှဖြစ်မယ်။ လူဆိုတာက အမှားနဲ့မကင်းပါဘူး။ အမှားကိုကြောက်လို့ မလုပ်တဲ့သူဟာ အစိုးရယန္တရားရပ်နေတာနဲ့ တူပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝန်ကြီးချုပ် နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့မှာရော၊ ပြည်ထောင်စုဝန်ကြီးအဆင့်မှာပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးလောက်တောင် အတွေ့အကြုံမရှိတဲ့ ဘွဲ့မရ၊ ပညာမတတ်သူတွေပါနေတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်ရင် ဆင်ကန်း တောတိုးနေကြလို့ နိုင်ငံတော်အဆင့် စီ မံကိန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စီမံကိန်းတွေ အကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့ကြဘူး။ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ရတယ်။ NLD လက်ထက်အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်တွေ မရနိုင်လို့ ရွှေ့ပြောင်းလုပ်သားအဖြစ် နိုင်ငံခြားထွက် အလုပ်လုပ်ကြရတယ်။
၂ဝ၁၈ ခုနှစ် မေ ၂၅ ရက် ပြန်ကြားရေးဝန်ကြီးရဲ့နှစ်နှစ်တာ တိုးတက်မှုတင် ပြရာမှာ သတင်းလွတ်လပ်ခွင့်အထိုက် အလျောက်ပေးထားပြီး၊ ရိုက်တာသတင်းထောက်နှစ်ယောက်နဲ့ ယင်းတို့ ကို ” အကွက်ဆင်ထောင်ဖမ်းခြင်းဖြစ်တယ်” လို့ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို ဝန်ထမ်းစည်းမျဉ်းနဲ့မညီလို့ဆိုကာ ထောင်ဒဏ်တစ်နှစ်ကျခံစစ်ဆေးနေပြီး အတူပါတဲ့ရဲတပ်ကြပ်ကြီးကိုလည်း တပ်ဖွဲ့မှအပြီးပိုင် ထုတ်ပယ်ခြင်းခံရပါတယ်။ သတင်းထောက်နှစ်ယောက်နဲ့ ဒုရဲမှူးမိုးရန်နိုင်တို့ လုံခြုံရေးကိုပူပင်မိကြောင်း လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန် တယ်။
ပြန်ကြားရေးဝန်ကြီး သတင်းစာရှင်းလင်းမှပဲ မြန်မာနိုင်ငံအတွင်းအစိုးရ နှစ်ရပ်ဖြစ်နေတဲ့ သရုပ်သကန်ကိုမြင် တွေ့ရပါတော့တယ်။ သမ္မတဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်ခန့် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ ဝန်ကြီးဌာနသုံးခုပါ အစိုးရတို့ ကြား နားလည်မှုလွဲနေကြတယ်။ အစိုးရဖမ်းခိုင်းတဲ့သူကို ပြည်ထဲရေးက မဖမ်းဆီးပေးဘဲ အစိုးရက လွှတ်ပေးပါတောင်း ဆိုမှုတွေကို ဆက်လက်ဖမ်းဆီး တရားရင်ဆိုင်စေတယ်။ တရားဥပဒေက ဘယ် ဘက်လိုက်ရမှာလဲ။
စစ်ပွဲများရပ်ဖို့ ဆန္ဒပြတောင်းဆိုမှုတွေ နိုင်ငံအနှံ့ခပ်စိပ်စိပ်ဖြစ်လာကာ မေလအတွင်း တရားစွဲဆိုခံရသူ ၄၅ ဦးထိရှိ ပြီး အမှုအရေတွက် ၁၄ ခုထိရှိလာပြီဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)မှ မေလ ၁၆ ရက် က ထုတ်ပြန်ထားတယ်။ တရားစွဲဆိုထားတဲ့ ပုဒ်မတွေက ငြိမ်းချမ်းစွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မ ၂ဝ နဲ့ ရာဇ သတ်ကြီးပုဒ်မ ၅ဝဝ အသရေဖျက်မှုတို့ ဖြစ်ကြပြီး ရန်ကုန်-မန္တလေး၊ ပဲခူးနဲ့က ချင်ပြည်နယ်စတဲ့ ဒေသလေးခုမှာအများ ဆုံးစွဲဆိုခံထားရကာ တရားစွဲဆိုခံရသူ ၄၅ ဦးအနက် အသက် ၁၈-၃ဝ နှစ် ဝန်းကျင်လူငယ်တွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဆန္ဒထုတ်ဖော်ဖို့ သက်ဆိုင်ရာရဲစခန်းတွေမှာ ကြိုတင် ခွင့်ပြုမိန့်တောင်းခဲ့ပေမယ့် မရဘူး။ ပယ်ချခံရတာကြောင့် ဆန္ဒပြသူတွေ တရားစွဲ ခံရတယ်။
တစ်ချိန်တည်းမှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး NVC ကတ်ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီမွတ်စလင်တွေ ခရီး သွားလာရာမှာ သတ်မှတ်ထားတဲ့ကန့်သတ်ချက်တွေ လျှော့ချခြင်းဟာပွင့်လင်း မြင်သာမှုရှိရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတွေလုပ်တယ်။ ရွှေပြည်သာပြည်ခိုင်ဖြိုးရုံးရှေ့အင်အား ၃ဝဝ ခန့်၊ ဒဂုံဆိပ် ကမ်းမြို့နယ်မှာ အင်အား ၇ဝဝ ခန့်၊ ပျဉ်းမနားမြို့ပြည်ခိုင်ဖြိုးရုံးရှေ့အင်အား ၂ဝဝ ခန့်၊ မေလ ၁၈ ရက် နေပြည်တော် မှာ အင်အား ၂ဝဝ ခန့်တဲ့ မေလ ၂ဝ ရက်က မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာ လမ်းလျှောက်ဆန္ဒပြသူ ၂ဝဝ ချီ တက်ထုတ်ဖော် ဟောပြောခြင်း၊ လူစုလူဝေးပြုခြင်း၊ စီတန်းလှည့်လည်ခြင်းတွေမှာ တစ်ခုမှအဖမ်းမခံရပါဘူး။
မေလ ၂၁ ရက် တာချီလိတ်မြို့မှာ ” တပ်မတော်အပေါ် ကျရောက်လျက်ရှိတဲ့ နိုင်ငံတကာဖိအားတွေ ဆန့်ကျင်ရှုတ်ချပွဲကို ရှမ်းရိုးမကွင်းမှာ ပြုလုပ်ခဲ့ရာ လူဦးရေထောင်ချီ တက်ရောက်ခဲ့ပြီး ဖမ်းဆီးမှုမရှိခဲ့ပါ။ ဆိုချင်တာက ပြည်ထဲရေးဝန်ကြီးဌာနက သည်လိုနိုင်ငံမငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုံ့ ဆော်နေမှန်းသိ ရက်နဲ့ ဘာလို့ဆက်တိုက်ခွင့်ပြုပေးနေ တာလဲ၊ ပြည်တွင်းစစ်ဆိုတာ တပ်မတော်ကပဲ တိုက်တိုက်၊ သူပုန်ကပဲတိုက်တိုက် မြန်မာနိုင်ငံသားတွေသာ အတိဒုက္ခရောက်ကြလို့ စစ်ဆန့်ကျင်ရေးဆန္ဒ ပြတောင်းဆိုတာ အပြစ်ဖြစ်ပါသလား။ ကဗျာရွတ်ပွဲမှာ စစ်ပွဲတွေရပ် ကဗျာရွတ်ဆိုတဲ့ ကဗျာဆရာကလစ်ကို ထောင်ဒဏ်နှစ်လ ချမှတ်လိုက်တာ တရားသလား၊ ကဗျာရွတ်တာ အပြစ်လားဗျာ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ယခုနှစ် အသက် ၇၄ နှစ်ရှိလာပြီဖြစ်လို့ သည် ၅ နှစ်သက်တမ်းကုန်ပြီးရင် နောင် ငါးနှစ်မှာ နိုင်ငံရေးလုပ်ချင်မှ လုပ်ပါ တော့မယ်။ ယနေ့ထိ စီးပွားရေးစီမံကိန်း များချမှတ်အကောင်အထည် ဖော်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်း၊ ရခိုင်ဘင်္ဂါလီမွတ်စလင်အရေး၊ ပြည်တွင်းစစ်အရှိန် မြင့်လာမှုတွေပြင် ၂၁ ရာစုပင်လုံတတိယ အစည်းအဝေး မအောင်မြင်စေရန် ဆောင်ရွက်နေတာဟာ သွေးရိုးသားရိုး ဟုတ်ပါ့မလား။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာတော့ လက်နက်ကိုင်တွေ ထောက်ပြတဲ့ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရခိုင်ဘင်္ဂါလီမွတ်စလင်အရေး ပါဝင်ခြင်း မရှိတာ အမှန်ပါပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင် ဆင်ရေးအတွက် အမေနိုင်မှဖြစ်မယ်။ အမေ့ကို ကန့်လန့်တိုက်သူဟာ နိုင်ငံတော်နဲ့ ပြည်သူအားလုံးရဲ့ရန်သူပါပဲ။
ဒေါက်တာထူးပြည့်စုံသျှင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်