မြန်မာပြည်လား ငရဲ၊ တိရစ္ဆာန်ဘုံကြီးလား သို့မဟုတ် မကရင်မရဲ့ ကြေကွဲစရာ အိမ်အပြန်ခရီးဆိုး

အိမ်အကူလုပ်သားတွေ အနှိပ်စက်ခံရတဲ့ဖြစ်ရပ်များ မီဒီယာများတွင် ဟိုးလေးတစ်ကျော်ဖြစ်လာသည်မှာ တစ်ခါ နှစ်ခါလည်း မဟုတ်တော့ပါ။ မကြာခဏ သတင်းတွေမှာ ပျော်ဝင်ကျက်စားနေသည်။ သေဆုံးမှု၊ လူစဉ်မမီဖြစ်သည်အထိ အနှိပ်စက်ခံရမှုများ ကြားနေရဆဲ။
ယခုလည်း ရန်ကုန်တစ်ဖက်ကမ်း တွံတေးမြို့နယ် ခတ္တိယကျေးရွာနေ ကရင်မခေါ် မခင်သန္တာဦးတစ်ယောက် ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာဒဏ် ချက်များဖြင့် သေအံ့ဆဲဆဲမှာ ဆေးကုသခြင်းမခံရဘဲ အိမ်ပြန်ပို့ခြင်းခံခဲ့ရသည်။ အိမ်ရှင်က ၎င်းတို့ကိုအမှုမပတ်စေရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို အိမ်ပြန်ပို့ပြီးကြောင်း လက်မှတ်ထိုးခိုင်းခဲ့သည်။ ထိုသို့လာပို့ပြီး မိနစ်ပိုင်းအတွင်း မကရင်မ အသက်ကုန်သွားခဲ့ သည်။ လူမမည်ကလေးလေးယောက် ကျန်ခဲ့သည်။ ဆင်းရဲ၍ လယ်ပိုင်ယာပိုင် မရှိ၊ ပညာမတတ်၊ သက်မွေးဝမ်းကျောင်း အတတ်ပညာလည်း မရှိသဖြင့် ဝင်ငွေအတွက် အိမ်အကူလုပ်ရရှာသော ကျေးလက်နေ အမျိုးသမီးတစ်ယောက် အသက်မပါဘဲ အိမ်ပြန်ရောက်ခဲ့ပြန်ပြီ။ ဘယ်လောက်ရင်နာစရာအဖြစ်အပျက်ပါလဲ။
ထို့ထက် ပိုဆိုးသည်မှာ ကျူးလွန်သူက ဥပဒေအရာရှိ အမျိုးသမီးတစ်ယောက်၊ အရာရှိကတော်တစ်ယောက်၊ မီဒီယာများတွင် ဖော်ပြသည့် အချက်အလက်များအရ ဆွဲကြိုးပျောက်သဖြင့် အခန်းတွင်းပိတ်လှောင်၊ အစာမကျွေးဘဲ ရိုက်နှက်စစ်ဆေးသည်တဲ့။ အဲ့သလောက်တောင် ဥပဒေမဲ့နေရသလားဟုသာ မေးချင်သည်။ မိမိကိုယ်တိုင် ဥပဒေ အရာရှိဖြစ်သည်နှင့် မိမိမသင်္ကာသူကို ပိတ်လှောင်ခွင့်၊ ရိုက်နှက်စစ်ဆေးခွင့်၊ ဆေးကုသမှုကို ငြင်းပယ်ခွင့်ရနေသည်လား။ မိမိက အရာရှိကတော် တစ်ယောက်ဖြစ်သည်နှင့် မိမိအိမ်မှဝန်ထမ်းတစ်ယောက်ကို ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခွင့်အာဏာ အလိုအလျောက်ကျင့် သုံးနိုင်သည်လား။
အခြေအနေမဟန်တော့မှ နေရပ်ကို ပြန်ပို့၊ မိမိတို့အပြစ်လွတ်စေရေးအတွက် ပြန်ပို့ပြီးကြောင်း ရပ်ကျေးအုပ်ချုပ် ရေးမှူးများကို သက်သေလက်မှတ်ထိုး ခိုင်းသည်တဲ့။ ဒါဆိုရင် အပြစ်လွတ်ပြီ၊ ၎င်းတို့တာဝန်လွတ်ပြီဟု ယူဆပုံပေါ်သည်။ တကယ်အပြစ်လွတ်၊ မလွတ်ကိုတော့ ဤအမှုတရားရုံးရောက်လျှင်ကြားရပေမည်။ ဒီအဖြစ်အပျက်ကို ကံဆိုးသူ မိန်းမတစ်ဦးဆိုသည့်အဖြစ်ထက်ပိုပြီး မြင်စေ့ချင်ပါသည်။ ဒီအဖြစ်အပျက်သည် အကာအကွယ်မဲ့နေသည့် ဆင်းရဲသား၊ ပညာမဲ့ကျောမွဲလူတန်းစား၏ အဖြစ်အပျက်ကို မီးမောင်းထိုးနေသည့်အဖြစ်ဟု မြင်စေ့ချင်ပါသည်။ ဤအဖြစ်အပျက်သည် လူသားတစ်ယောက်၏ လုံခြုံခွင့်၊ အသက်ရှင်သန်ခွင့်၊ ဆေးကုသခွင့်ကို စော်ကားလိုက်သည့် အဖြစ်အပျက်သာ ဖြစ်သည်။
ဤအဖြစ်အပျက်သည် နိုင်ငံတော်၏ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်မှုများ ရှိနေကြောင်း ပြသလိုက်သည့်သက်သေ ဖြစ်သည်။ ဤအဖြစ်အပျက်သည် နိုင်ငံတကာ လူ့အခွင့်အရေးသဘောတူစာချုပ်ပါ လူသားတစ်ယောက်၏ ဂုဏ် သိက္ခာနှင့်လုံခြုံခွင့်ကို ငြင်းပယ်ခံနေရမှု များဖြစ်နေကြောင်း ပြသလိုက်သည့် သက်သေဖြစ်သည်။ အလုပ်သမားအခွင့်အရေး၊ လစာငွေမျှတရေး၊ လုပ်ငန်းခွင်တွင် တန်းတူညီမျှဆက်ဆံခံရရေးစသည့် များပြားလှစွာသော မြန်မာနိုင်ငံအလုပ်သမားထုကြီးအတွက် လုပ်ပေးစရာတွေ များပြားလွန်းလှသည်။ နိုင်ငံတော်အစိုးရမှ အလုပ်သမားများသက်သာချောင်ချိ ရေးအတွက် လုပ်ငန်းခွင်အခြေအနေတိုး မြင့်ရေး၊ လစာငွေတိုးမြင့်ပေးရေး လုပ်ဆောင်မှုများကိုလည်း မြင်နေကြားနေရသည်။ သို့သော် ပြည်တွင်း ပြည်ပတို့ တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေကြရသော အမျိုးသမီးနှင့်အရွယ်မရောက် သေးသည့် ကလေးသူငယ်များအတွက် အကာအကွယ်ပေးမည့် ဥပဒေနှင့်မူဝါဒများကတော့ လက်လှမ်းဝေးနေသေးသည်။
အရွယ်နှင့်မမျှအောင် ရိုက်နှက်နှိပ်စက်ခံရသည့် ကလေးအိမ်ဖော်လုပ်သားများ၏ သတင်းဓာတ်ပုံများ လူမှုကွန်ရက် မီဒီယာပေါ်တွင် မြင်နေရသလို ကျူးလွန်သူများမှာ ပညာတတ်၊ ငွေကြေးတတ် နိုင်သူများ၊ ရပ်ရွာတွင်အများကအားကိုး အားထားပြုရသည့် လူများပင်ပါဝင်သည်ကို တွေ့မြင်နေရသည်။ ယင်းဓာတ်ပုံ များ၊ သတင်းများတက်လာလျှင် သနား ကြင်နာတတ်သော လူမျိုးပီပီ စုတ်သပ်ကြ၊ အလှူငွေလှူကြတာတွေလည်း အများအပြားပင်။ ပြည်သူတွေ တာဝန်ကျေ ကြပါသည်။ သနားပေးကြသည်။ နိုင်သလောက် ဝိုင်းဝန်းပေးကြသည်။ လှူ ဒါန်းထောက်ပံ့ပေးကြသည်။ ဒါဆိုလျှင် ပြီးရောတဲ့လား။ ဒါသည် နိုင်ငံတော်၏ မြစ်ပွားနာသာဖြစ်သည်။ ၂ဝ၁၄ ခုနှစ် ကောက်ခံရရှိခဲ့သည့် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံသား ၂၅ ရာခိုင်နှုန်းခန့်သည် တစ်နေရာ မှတစ်နေရာသို့ အကြောင်းမျိုးစုံဖြင့် ရွှေ့ပြောင်းသွားလာနေကြသည်။ လူဦးရေ အများဆုံးထွက်ခွာရာ တိုင်းဒေသကြီးများမှာ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြပြီး မွန်၊ ကရင်၊ ကချင်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်း တို့ကလည်း အများအပြားပြောင်းရွှေ့နေထိုင်ကြသည်။ ပြည်ပသို့ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသားလေးသန်း ကျော်ရှိသည်ဟု ဆိုသည်။
ပြည်တွင်း ပြောင်းရွှေ့နေထိုင်မှုတွင် အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုမိုများပြားပြီး ၅၃ ရာခိုင်နှုန်းရှိ သည်။ ပြောင်းရွှေ့ရခြင်းအကြောင်းအရင်းမှာ မိသားစုနောက်လိုက်ရန်နှင့် အလုပ်အကိုင်ရှာဖွေရန်ဟု ဆိုကြသည်။ ပြောင်းရွှေ့ကြသည့် အသက်အရွယ်အများစုမှာ အသက် ၁၅ နှစ်မှ ၄ဝ ကြား ဖြစ်သည်။ ၎င်းအမျိုးသမီးဦးရေ၏ ၅ ဒဿမ ၇ ရာခိုင်နှုန်းသည် အိမ်တွင်းမှု အလုပ်လုပ်ကိုင်ရန်ဖြစ်ကြောင်း အိုင်အိုအမ်က ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်မှု ဒီဇင်ဘာလ ၂ဝ၁၆ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်း ကိန်းဂဏန်းအရဆိုလျှင်ပင်သိန်းဂဏန်း နီးပါးရှိသော အမျိုးသမီးနှင့်အရွယ်မရောက်သေးသော ကလေးငယ်များအိမ်အကူအဖြစ် လုပ်ဆောင်နေကြသည်ကို တွေ့နိုင်သည်။ အိမ်အကူသည် တရား ဝင်အလုပ်အကိုင်ဖြစ်ပါသလား၊ အိမ်အကူတစ်ယောက်၏ အလုပ်ချိန်၊ အချိန်ပို လုပ်အားခ၊ အားလပ်ရက်၊ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ လုံခြုံခွင့်များကိုတရား ဝင်ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ မူဝါဒ များရှိပါသလား။ အိမ်အကူများနှိပ်စက် ညှဉ်းပန်းခံရသည့်အခါ လုပ်ခလစာများ ထိုက်သင့်သည့်အတိုင်း မရသည့်အခါ အိမ်အကူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သည့်အခါ မည်သို့လုပ်ကိုင်လေ့ရှိကြပါသလဲ။
ထို့ကြောင့် ဤအရေးသည်လှူဒါန်း ပေးကမ်းရုံမျှဖြင့် ယခုအမှု၏ကျူးလွန်သူကို အပြစ်ပေးနိုင်ရုံမျှဖြင့် ရပ်နေသင့် သော အရေးမဟုတ်ဟု တာဝန်ရှိသူများကို တိုက်တွန်းချင်သည်။ ဤအရေးသည် ဤနိုင်ငံအတွင်း မှီတင်းနေထိုင်နေသော ဤနိုင်ငံသားများကို ဤနိုင်ငံသားများကပင် ဖိစီးနှိပ်စက်နေမှုအရေးဟုသာ ဆို ချင်သည်။ ဤအရေးသည် နိုင်ငံတော် အနေဖြင့် မိမိနိုင်ငံသားများကို မိမိနိုင်ငံတွင်း မြို့ကြီးပြကြီးများတွင်ပင် အကာအကွယ်မပေးနိုင်သေးသည့် သက်သေဟုသာ ဆိုချင်သည်။ ဤအရေးသည် လွှတ်တော်အနေဖြင့် မျက်နှာလွှဲမနေသင့်သော အရေးဟုသာဆိုချင်သည်။
မကရင်မရေ ဒီလိုအဖြစ်ဆိုးမျိုးနှင့် ကြုံရတာ ဒီနိုင်ငံမှာ ရှင်နောက်ဆုံးဖြစ်ပါ စေတော့။
နောက်နောင် မကရင်မတွေထပ်မပေါ်လာပါစေနဲ့တော့။
ဇာခြည်ညိမ်း

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်