စိတ်ကိုအရောင်မဆိုးကြသူများ

အာရုံမှန်သမျှ သိခြင်းသဘောကို စိတ်ဟုခေါ်သည်။ စိတ်သည် သဘောလက္ခဏာအားဖြင့် တစ်ပါးသာဖြစ်သော် လည်း အကြောင်းခြင်းရာကိုလိုက်ပြီး စိတ် ၈၆ ပါး (အကျယ် ၁၂၁) ဖြစ်လာပေသည်။
လူတို့သည် ကာယကံ၊ ဝစီကံ၊ မနောကံဟူသော ကံသုံးပါးဖြင့်ပြုမူ၊ ပြောဆို၊ လုပ်ကိုင်လျက်ရှိရာ ပြုမူ၊ ပြောဆို၊ လုပ်ကိုင်မှုပေါ်မူတည်ပြီး အပြစ်ကင်း ကောင်းကျိုးရှိသော ကုသိုလ်စိတ်။ အပြစ်မကင်း မကောင်းကျိုးရှိသော အကုသိုလ်စိတ်တို့ ဖြစ်ပေါ်လာပေသည်။ ထိုသို့စိတ်ကိုမှီတွယ်၍ စိတ်ကို ခြယ်လှယ်သော သဘောတရားကို စေတသိက်ဟု ခေါ်ပေသည်။
စေတသိက် ၅၂ ပါးရှိရာ ထိုစေတသိက်များသည် စိတ်ဖြင့်အတူဖြစ်ခြင်း၊ စိတ်ဖြင့်အတူချုပ်ခြင်း၊ စိတ်နှင့်တူသော အာရုံရှိခြင်း၊ စိတ်နှင့်တူသော မှီရာဝတ္တုရှိခြင်းတို့လည်း ဖြစ်ပေါ်ပါသည်။ ထိုစေတသိက်များကို အုပ်စုခွဲပါက စိတ်ကိုမကောင်းအောင် ခြယ်လှယ်သည့် စေတသိက် ၁၄ပါး၊ စိတ်ကိုကောင်းအောင် ခြယ်လှယ်သည့် စေတသိက် ၂၅ ပါးနှင့် စိတ်ကိုမကောင်းအောင်၊ ကောင်းအောင် ရောနှောခြယ်လှယ်သည့် စေတသိက် ၁၃ ပါးတို့ ရှိပေသည်။
စိတ်ကိုမကောင်းအောင် ခြယ်လှယ်သည့်စေတသိက်များကြောင့် လူတို့သည်နေ့စဉ်နှင့်အမျှ အကုသိုလ်အမှု များကို ကံသုံးပါးဖြင့် ကျူးလွန်လျက်ရှိကြ ပေသည်။ စိတ်ကိုမကောင်းအောင် ခြယ်လှယ်သည့် စေတသိက် ၁၄ ပါးမှာ
၁။ လောဘ= ကာမဂုဏ်အာရုံကို ကပ်ငြိတပ်မက်လို ချင်ခြင်းသဘော။
၂။ ဒိဋ္ဌိ= လွဲမှားစွာ ထင်မြင်ယူဆ ခြင်းသဘော။
၃။ မာန= ထောင်လွှား ဝင့်ကြွား ခြင်းသဘော။ (အကုသိုလ်လောဘစေတသိက်သုံးပါးဟုလည်းခေါ်ပါ သည်။)
၄။ ဒေါသ= ခက်ထန်ကြမ်းတမ်းခြင်း သဘော။
၅။ ဣဿာ= သူတစ်ပါးချမ်းသာ ကောင်းစားမှုကို မနာလိုငြူစူခြင်း သဘော။
၆။ မစ္ဆရိယ= မိမိ၏ချမ်းသာ ကောင်းစားမှုကို လျှို့ဝှက်ဝန်တို နှမြောခြင်း သဘော။
၇။ ကုက္ကုစ္စ= နောင်တတစ်ဖန်ပူပန်ခြင်းသဘော။ (အကုသိုလ်ဒေါသစေတသိက်လေးပါးဟုလည်းခေါ် ပါသည်။)
၈။ မောဟ= အာရုံ၏ သဘောအမှန်ကိုမသိ တွေဝေဖုံးကွယ်ခြင်းသဘော။
၉။ အဟိရိက= မကောင်းမှုဒုစရိုက် ပြုလုပ်ရန် မရှက်ခြင်းသဘော။
၁ဝ။ အနောတ္တပ္ပ= မကောင်းမှု ဒုစရိုက်ပြုလုပ်ရန် မကြောက်ခြင်းသဘော။
၁၁။ ဥဒ္စစ္စ= အာရုံပေါ်၌မငြိမ်သက် ပျံ့လွင့်ခြင်း သဘော။ (အကုသိုလ်မောဟ စေတသိက်လေးပါးဟုလည်း ခေါ်ပါ သည်။)
၁၂။ ထိန= စိတ်လေးလံထိုင်းမှိုင်း မခိုင်ခံ့ခြင်းသဘော။
၁၃။ မိဒ္ဓ= စေတသိက်တို့ ထိုင်းမှိုင်း မခိုင်ခံ့ခြင်း သဘော။
၁၄။ ဝိစိကိစ္ဆာ= ကံ၏အကျိုးကို တွေးတော ယုံမှားသံသယဖြစ်ခြင်း သဘောတို့ ဖြစ်ပါသည်။

ထိုအကုသိုလ် စေတသိက်များကြောင့် လူတို့သည် စောင့်ထိန်းသင့်၊ စောင့်ထိန်းအပ်သော သီလများကို မစောင့်ထိန်းနိုင်ဘဲ ချိုးဖောက်လျက်ရှိ ကြရာ တချို့သောသူများသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်ကြောင့် မလွှဲမရှောင်သာဘဲ သီလတချို့ ကိုချိုးဖောက်ကာအကုသိုလ် ဒုစရိုက်အမှုများကို ပြုလုပ်မိမှန်းမသိ ပြု လုပ်ရသူနှင့် သိသိချည်းဖြင့် ပြုလုပ်နေရ သူတို့လည်း ရှိကြပေသည်။ တချို့မှာမူ တမင်သက်သက် အကုသိုလ်အမှုကိုလည်း ပြုတတ်ကြပေသည်ကို လူမှုကွန်ရက်စာမျက်နှာတွင် သဘောထားမှတ်ချက်ပေးခြင်းဖြင့် လုပ်ဆောင်နေကြပေ သည်ကိုလည်း မမြင်တွေ့ချင်ဘဲ မြင်တွေ့ရပေသည်။
ထိုသူများထဲမှ သိသာထင်ရှားသော လူများ သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို သာဓကဆောင်ဖော်ပြရလျှင် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် အစိုးရနှင့် ဌာနဆိုင်ရာများကို အလွယ်ကူဆုံးဥပမာပေး ရေးသားရမည်ဖြစ်ပေသည်။
တချို့သောသူများသည် အုပ်ချုပ်ရေးအာဏာပိုင်များကိုအားကျပြီး ထိုသူများကဲ့သို့အာဏာရှိပြီး လုပ်ကိုင်ခွင့်များ ရချင်သည့်သဘောဆန္ဒရှိသောကြောင့် အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိကြပေသည်။ (အစိုးရဆိုသည်မှာ ပြည်ထောင်စုအစိုးရမှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအထိ ဆိုလိုပါသည်)။ ထိုသူများသည် မသိမှုဆိုသည့်အဝိဇ္ဇာကြောင့်သာ အစိုးရဆိုသည့် အုပ်ချုပ်ရေးရာထူး အာဏာကို လိုချင်သည့် လောဘစိတ် ဖြစ်ပေါ်နေကြခြင်း ဖြစ်ပေသည်။
အမှန်တကယ်တွင်မူ အစိုးရဆို သည့်ရာထူးကို ရယူထားသူများသည် ငရဲပန်းဖြစ်သည့်ဓားစကြာကို ပန်ဆင် ထားသူများဖြစ်ပေသည်။ ဤသည်ကို မသိဘဲ ငရဲပန်းကိုရွှေပန်းဟုထင်ကာ ပန်ဆင်လိုနေကြသူများသည် မိမိကိုယ်တိုင်လွှဲပြောင်းပန်ဆင်ရသည့်အခါကျမှ သာထင်သလို ရွှေပန်းမဟုတ်ဘဲဦးခေါင်း ကို သွေးချင်းနီအောင်လုပ်မည့်ငရဲပန်းမှန်း သိမည်ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် အစိုးရဟူသည်မှာ အကုသိုလ်အမှုဖြစ်သည့် သူတစ်ပါး၏ပစ္စည်းဥစ္စာကို ဥပဒေ အရဟုဆိုကာ ကံသုံးပါးဖြင့် မတရား သိမ်းဆည်းခြင်းကို ကိုယ်တိုင်လည်း ပြုခြင်း၊ အခြား သူကိုလည်းပြုစေခြင်းတို့ ပြုလုပ်သည် သာမကသတ္တဝါအပေါင်း တို့အား ကိုယ်တိုင်လည်းသတ်ခြင်း၊ အခြားသူကိုလည်း သတ်ရန် ခွင့်ပြုခြင်း၊ တိုင်းပြည်တွင်း ဖြစ်ပျက်နေသည့် အခြေအနေကိုအမှန် တရားအတိုင်း အသိမပေးဘဲ လိမ်လည်ပြောဆိုအသိပေး ထုတ်ပြန်ခြင်း၊ မူးယစ်စေတတ်သည့် ပစ္စည်းများကို ကိုယ်တိုင်သော်လည်းကောင်း၊ တခြားသူကိုသော်လည်းကောင်း ချက်လုပ်ဖော်စပ်ဖြန့်ဖြူး ရောင်းချစေခြင်း စသည့်အမှုကိစ္စများကို သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ မလွှဲမရှောင်သာ ပြုလုပ်နေကြသည်။ ထို့ကြောင့် အပြင်ပန်းလောကီအနေဖြင့် ကြည့်လျှင် အစိုးရကို ရွှေပန်းပန်ထား သည်ဟု ထင်ရသော်လည်း လောကုတ္တ ရာအနေဖြင့်ကြည့်လျှင်မူ သူတို့သည် ငရဲပန်းကို ကျေကျေနပ်နပ်သဘောကျ နှစ်ခြိုက်စွာ ပန်ချင်လွန်းသောကြောင့် မရရအောင်ပန်ထားသူများဖြစ်နေသည် ကို တွေ့ရမည်ဖြစ်ပေသည်။
ထိုသို့သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေပြုမူလိုက်သည့် အကုသိုလ်များ ဖြစ်ပေါ်လာရသည့်အဓိက လက်သည် တရားခံသည် စိတ်ကိုအရောင်ဆိုး ခြယ်လှယ်လိုက်သောလောဘ၊ ဒေါသ၊ မောဟဆိုသည့် အကုသိုလ်စေတသိက် များကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ် ပေသည်။
လောဘသည် ကာမဂုဏ်အာရုံကို တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက်တွယ်တာလိုချင်သည့် သဘောဖြစ်သောကြောင့် သတ္တဝါတို့အား မည်သည့်အခါမျှ မရောင့်ရဲ၊ မတင်းတိမ်နိုင်ဘဲ အာရုံသစ်များကို အမြဲရှာဖွေနေစေပါသည်။ ထို့ကြောင့် လောဘဖြင့် သေသောသူ၏ လားရာဂတိမှာ ပြိတ္တာဘုံဖြစ်ပေသည်။
ဒေါသသည် အဖျက်ဆီးတတ်ဆုံး တရားဖြစ်ပြီး ဒေါသနှင့်တူသော အပြစ်သည်မရှိဟု ဗုဒ္ဓဘုရားက ဟောကြားထား ပေသည်။ ဒေါသသည် မြွေပွေး၊ မြွေ ဟောက်ကဲ့သို့ မြွေဆိုးနှင့်တူပြီးတက်ကြွ သောဒေါသကြောင့် ပျက်စီးတတ်သည် မဟုတ်ဘဲ ဆုတ်နစ်သော ဒေါသကြောင့် ဖြစ်ပေါ်လာသည့်ကြောက်လန့်ခြင်း၊ စိတ်ပျက်ခြင်း၊ ငိုကြွေးခြင်း၊ ပူဆွေးဝမ်း နည်းခြင်း၊စိတ်နှလုံးမသာယာခြင်း၊ လွန် ကဲစွာပူဆွေးခြင်းတို့သည်လည်း စိတ် ရော ကိုယ်ပါ ပျက်စီးစေပါသည်။ ဒေါသ ဖြင့်သေသောသူ၏ လားရာဂတိမှာ ငရဲဘုံသာ ဖြစ်ပေသည်။
မောဟသည် တွေဝေမသိတတ်ခြင်း၊ အာရုံ၏သဘောအမှန်ကို မသိခြင်း၊ ဖုံးကွယ်ခြင်းသဘောဖြစ်သည့် အတွက် မောဟသည် ရုပ်နာမ်သဘော၊ ကံသဘော၊ သစ္စာသဘောစသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အားအမှောင်တိုက်၌သာ ကျင်လည်စေပါသည်။ မောဟဖြင့်သေသူ၏ လားရာဂတိမှာတိရစ္ဆာန် ဘုံသာ ဖြစ်ပေသည်။
သို့သော်သတ္တဝါဆိုသည်မှာ ဘဝ ရပ်တည်ရှင်သန်ရေးအတွက် လောဘရှိ မှသာ စီးပွားဥစ္စာရှာဖွေနိုင်ခြင်း၊ ဒေါသရှိ မှသာမိမိနှင့် မိသားစုအပေါ်ကျရောက် လာမည့်အန္တရာယ်ကို ကာကွယ်စောင့် ရှောက်နိုင်ခြင်း တို့ပြုလုပ်နိုင်မည်ဖြစ်ပေသည်။ ထိုသို့ရှာဖွေ ကာကွယ်ရာတွင်လည်း ရှိသင့်ရှိထိုက်သည့် လောဘ၊ ဒေါသထက်ပိုမိုကာ မိမိနှင့်သူတစ်ပါး ပျက်စီးဆုံးရှုံးစေမည့် လောဘ၊ ဒေါသ စိတ်ထားရှိပါက ကျန်ရှိသည့်အကုသိုလ် စေတသိက်များကပါ မဖိတ်ခေါ်ဘဲ လာရောက် စွဲလမ်းကပ်ငြိမည်ဖြစ်ရာ လား ရာဂတိမှာလည်း အပါယ်လေးဘုံမှလွဲပြီး အခြားမရှိနိုင်တော့ပေ။
ထို့ကြောင့် ရခဲလှသည့်လူ့ဘဝတာ ခဏအတွင်း မိမိ၏ပယောဂကြောင့် မိမိရော၊ အခြားသူများရော မပျက်စီးစေရန် လူသားမှန်သမျှ အကုသိုလ်စေတသိက် များဖြစ်သည့် လောဘ၊ ဒေါသတို့ကို လျှော့ချရမည် ဖြစ်ပေသည်။
ထို့ပြင် ရင်းစားလေးပြန်လည် ရရှိနိုင်ရန်အတွက် စိတ်ကိုအကုသိုလ် အရောင် ဆိုးလွန်းသူများမဖြစ်ရန် ဟီရိဆိုသည့် မကောင်းမှုကိုလုပ်ရမှာ ရှက်ခြင်း၊ ဩတ္တပ္ပဆိုသည့် မကောင်းမှုကို လုပ်ရမှာကြောက်ခြင်းစသည့် ကုသိုလ်စေတသိက်များဖြင့် အသင့်အတင့် နှလုံးသွင်း နေထိုင်နိုင်ရမည် ဖြစ်ပေသည်။
ထိုမှသာကံသုံးပါးဖြင့် လုပ်မည် ကြံစည်တိုင်း ‘သူ့နေရာမှာ ငါသာဆိုရင် ဒီလိုဒုက္ခခံစားရမှာပဲ’ဆိုသည့် ကိုယ် ချင်းစာနာစိတ်ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပေသည်။ ထိုသို့ကိုယ်ချင်းစာစိတ်သာ ထားရှိနိုင်ကြပါက လူသားမှန်သမျှ စိတ်ကို မကောင်းသောစေတသိက် အရောင်ဆိုးကြသူများ မဖြစ်ကြတော့သည့် အတွက် ငြိမ်းချမ်းအေးမြသည့်ဘဝများ ပိုင်ဆိုင်သော မြန်မာနိုင်ငံသားများ ဖြစ်လာစေရန်အတွက် စိတ်ကိုအရောင် မဆိုးကြရန် အသိပေးရေးသားလိုက်ရပေသည်။
နောင်တင်စိုး

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်