ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး

သမိုင်းနှင့်ချီ၍ပြောရလျှင် ကုန်းဘောင်ခေတ်မြန်မာ့နန်းတွင်းအကွဲအပြဲ ဗုဒ္ဓဘာသာကလျဏယုဝ အသင်း (ဝိုင်အမ်ဘီအေ) အကွဲအပြဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) အကွဲအပြဲ၊ တို့ဗမာအစည်းအ ရုံးအကွဲအပြဲ (ထိုအကွဲအပြဲက ရဲဘော်သုံးကျိပ်အထိ ဂယက်ရှိပါသည်) ဗမာ ပြည်ကွန်မြူနစ်ပါတီအကွဲအပြဲ ပထစ အကွဲအပြဲအထိ သမိုင်းတွင်အမည်းစက်များရှိခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝက လွတ်လပ်ကာနီး ဗြိတိသျှတို့၏ သွေးခွဲ အုပ်ချုပ်သည့် အမွေဆိုးကြောင့်မြန်မာတို့နှင့်အတူ တိုင်းရင်းသားသွေးချင်းတို့သည် တစ်ချိန်တည်း တစ်ပြိုင်တည်း လွတ်လပ်ရေးယူသင့်၊ မယူသင့်ပြဿနာ များပေါ်လာသည်။ ဒီပြဿနာကို ဦးဆောင်ဖြေရှင်းပေးခဲ့သူက ဗိုလ်ချုပ်အောင်ဆန်းပင်။
” တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင်လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင် မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်မျိုး၊ ရှမ်း၊ ကချင်၊ ချင်း တို့ကတခြား အကွဲကွဲအပြားပြားလုပ်နေရင် အကျိုးရှိမှာမဟုတ်ဘူး စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ် ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်မယ်” ဟု ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်ညပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင် ညီညွတ်ရေးအရေးကြီးပုံကို ပြောခဲ့သည်။
သို့ကြောင့်လည်း ဗိုလ်ချုပ်၏ဦးဆောင်မှုဖြင့် တောင်တန်းဒေသနှင့် ပြည်မပေါင်းစည်းညီညွတ်စွာဖြင့် လွတ် လပ်ရေးစခန်းကို အရောက်လှမ်းမည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၄၇ခု၊ ဇူလိုင် ၁၃ရက်က ရန်ကုန်မြို့ တော်ခန်းမကြီးတွင်ပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရန် အာမခံ ကြောင်း၊ လွတ်လပ်ရေးနှင့်ထိုက်တန်သော ညီညွတ်မှုရှိရန်နှင့် အလုပ်ကြိုးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။
” အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေးအဲဒီ ညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ တက်တက် ဖာသည်တိုင်းပြည်ဖြစ်နေ မှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲ့ဒီတော့ ဒီနှစ်ခုကိုခင်ဗျားတို့ မပျက်ပြားပါ စေနဲ့။ ဘယ်သူက ဘာလုပ်လုပ်မပျောက် ပါစေနဲ့။ အဲ့ဒါအင်မတန်အရေးကြီးပါ တယ်” ဟု ညီညွတ်ရေးနှင့် ပတ်သက် ၍ပြောခဲ့သည်။
ညီညွတ်ရေးသင်္ကေတအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ပြဆိုမည်ဆိုပါက ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ဆရာကြီးသ ခင်ကိုယ်တော်မှိုင်းကို ညွှန်းဆိုရပါမည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး မကြာမီအတွင်းမှာပင် တောခိုသွားကြ သည့်အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေ က များလှသည်။ လွတ်လပ်ရေးရပါသော် လည်း ငြိမ်းချမ်းရေးမရ၊ ညီညွတ်မှုမရှိ ဖြစ်နေသည်။ အချင်းချင်းမညီမညွတ် ဖြစ်နေကြပုံကို ဆရာကြီးက-
” အဲ . . . ခုတော့ တို့မြန်မာပြည် သုံးပါးလေးတွေပဲ။ အကွဲအပြဲအသင်းအလင်းတွေက သိပ်များနေတာ။ မသင့် မတင့် မသင့်မြတ်တာတွေကများနေ တယ်။ လုပ်လို့လည်းမလွယ်ကြဘူး။ ရှေးဆရာတို့လည်း တိုင်းရေးပြည်ရေး စပေါ်လာကတည်းက မီခဲ့၊ တွေ့ခဲ့၊ ကြုံ ခဲ့ရတယ်။ တို့တွေ့ရတာ ဂျီစီဘီအေ၊ ဝိုင် အမ်ဘီအေ၊ လှိုင်ပုကျော် ၂၁ ဦးတဲ့၊ လေးငါးဦးလောက် အကွဲအပြဲတွေ့ရ တယ်။ အခုတော့တစ်ပြည်လုံး ဟိုက တစ်သင်း၊ ဒီကတစ်သင်းနဲ့အသင်းတွေ လည်းငါးယောက်နဲ့လည်း တစ်သင်း၊ ပြီးတော့တစ်သင်းနဲ့တစ်သင်းလည်း ရန်ဖြစ်နေကြတယ်ပေါ့လေ” ဟု ပြော ဆိုခဲ့သည်။


မအေးချမ်းလေတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူ့တပည့်တွေ အချင်းချင်းမညီမညွတ်ဖြစ်နေတာ အပြစ်မဲ့ပြည်သူတွေအေးအေး ချမ်းချမ်း မနေရတာကို သူဘဝင်မကျ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းသည်။ ပထမဦးဆုံး ၁၉၅၆ခုနှစ်မှစ၍ ရှစ်ဦးကော်မတီဖွဲ့ပြီး ဆောင်ရွက်သည်။ ထိုအဖွဲ့ပျက်သောအခါ ၁၉၆၁ခုနှစ်တွင် ဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းဆောင်ရွက်ပြန်သည်။ ထို အဖွဲ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဖြစ်ပါသည်။ ထိုအဖွဲ့တွင် လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်က အတွင်းရေးမှူးဖြစ်ကာ အဖွဲ့ဝင်များအဖြစ် ဗန်းမော်တင်အောင်၊ တော်ဘုရား ကလေး၊ မုံရွာဦးတင်ရွှေ၊ ဦးစိုးမင်း(ပ ၊ထ စ)၊ ဦးလှကျော်၊ ဦးဘကျော်၊ ဦးလှတင် စသည့် ပုဂ္ဂိုလ်များနှင့်ကရင်အမျိုးသား ခေါင်းဆောင် မန်းကျော်အုန်း၊ စောကျော်စိန်တို့ပါဝင်သည်။
ထိုအဖွဲ့ကြီးမှာ တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေးတရားများလှည့်လည် ဟောပြောစည်းရုံးသည်။ ခရိုင်တော်တော် များများတွင် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ခွဲများ တည်ထောင်လာနိုင်သည်။ အရှိန်ကောင်းနေဆဲမှာပင် ၁၉၆၂ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင် စီအစိုးရက အာဏာသိမ်းလိုက်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တုံ့နှေးသွားသည်။
ဗိုလ်နေဝင်းအစိုးရက ပြည်တွင်း ငြိမ်းချမ်းရေးကို ၁၉၆၃ခုနှစ်တွင် တောတွင်းအဖွဲ့သားများနှင့် ဟန်ပြစေ့စပ် ဆွေးနွေးသည်။ နိုဝင်ဘာလတွင် ဆွေးနွေးပွဲပျက်ပြားသွားပြီးမကြာမီမှာပင် အဖွဲ့အစည်းများအားလုံးကို ဖျက်သိမ်း သည့်အမိန့်ထုတ်ပြန်လိုက်သဖြင့် ပျက် ပြားခဲ့ရတော့သည်။ ဗိုလ်နေဝင်းလက်ထက်တွင် ယနေ့ကာလကဲ့သို့ ခြစားမှု မကြီးထွား၊ မပျံ့နှံ့ခဲ့။
ဆရာကြီးကသူ့တပည့်တွေ အချင်း ချင်းကွဲပြဲနေတာကိုစိတ်မကောင်း ” ငါ မသေခင် ငြိမ်းချမ်းရေးရတာကို မြင်ချင် သကွာ” ဟု ညည်းညူပြောဆိုရှာသည်။ ဆရာကြီးမှာ ၁၉၆၄ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ကွယ်လွန်သွားခဲ့သော်လည်း ငြိမ်းချမ်းရေးအစစ်ကို မတွေ့လိုက်၊ မမြင်လိုက်နိုင်ပေ။
ဟိုးယခင်အစိုးရများလက်ထက်က လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ကိုလက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်နိုင်ခဲ့သည် ဟု မှတ်တမ်းရှိခဲ့သော်လည်း နောက်ပိုင်းပြန်ပြီး ငြိမ်းချမ်းရေးပျက်ပြားသွားခဲ့ သည်။
ယခုအရပ်သားအစိုးရဟုခေါ်သော အစိုးရတက်လာပြီးနောက်ပိုင်း ငြိမ်းချမ်း ရေးတွေ ပြန်ခေတ်စားလာသည်။ အောင်မြင်မည်ဟု ယုံကြည်ရပါသည်။ ညီညွတ်ရေးမှ ငြိမ်းချမ်းရေးရမှာလား။ ငြိမ်းချမ်းပြီးမှ ညီညွတ်ရေးရမှာလားဆိုသည်ကတော့ စောင့်ကြည့်ရပါမည်။
သေချာသည်ကတော့ ညီညွတ် ရေးစကားလုံးတွေ၊ လှုပ်ရှားမှုတွေ၊ ငြိမ်း ချမ်းရေးရဖို့ဆိုလျှင်တော့ တန်းတူအခွင့် အရေးရှိဖို့ လိုအပ်မှာဖြစ်ပါသည်။ ကရင် တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ် ဖြစ်ဖို့လိုသည်။ ပွင့်လင်း မြင်သာမှုရှိဖို့ လိုသည်။ ဝှက်ဖဲမရှိစေရ။
ရည်ညွှန်း
(က) ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ပေါင်း ချုပ်။
(ခ) ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း (မောင်ဇေယျာ)။
(ဂ) မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က အကွဲ အပြဲဇာတ်လမ်းများ (ဖိုးအောင်လေး) ။
နန်းညွှန့်တေဇ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်