ကိုယ့်ဂိုးကိုယ်သွင်းမယ် အမတ်တွေ အစိုးရအဖွဲ့ဝင်တွေ

ဘောလုံးပွဲတစ်ပွဲကြည့်မိရင် ကိုယ့်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ အသင်းကို အားပေးကြစမြဲပဲ။ ဒါပေမဲ့ မြန်မာလူမျိုးကအဆန်းသား။ မန်ယူတို့ အာဆင်နယ်တို့၊ ချယ်လ်ဆီးတို့၊ လစ်ဗာပူးတို့၊ မန်စီးတီးတို့လောက်ပဲ ကြိုက်ကြတယ်။ ဘာလို့ မြန်မာအသင်းကိုမကြိုက် တာလဲ။ ရှင်းပါတယ်။ ထင်သလောက် ခရီးမပေါက်လို့ပေါ့။ မြန်မာအသင်းကလည်း သည်လောက် အစိုးရရော၊ ပုဂ္ဂလိက ကလပ်အသင်းပိုင်ရှင်ရော၊ ပြည်သူရော အားပေးကြသည့်တိုင် ပြိုင်ပွဲမှာဆိုရင် မထင်တာလုပ်ပြတတ်တယ်။ မထင်တာလုပ်ပြတယ်ဆိုတာ အကောင်းဘက်ကမဟုတ်ဘူး။ ပြီးခဲ့တဲ့ ၂ဝ၁၈ ဘရူနိုင်းဘုရင်ဖိတ်ခေါ်ဖလား ဝင်ပြိုင်တဲ့ မြန်မာ ယူ-၂၁ အသင်းပဲကြည့်။ ပွဲဦးထွက် ထိုင်းကို (၁-၁)သရေကျတယ်။ တီမော နိုင်တယ်။ အိမ်ရှင်ဘရူနိုင်းကို (ဝ-၁)နဲ့ နိုင်တယ်။ ဆီမီးဖိုင်နယ်မှာ ကမ္ဘောဒီးယားကို (၂-၁)နဲ့ရှုံးတယ်။ ဆီမီးဖိုင်နယ် မှာရှုံးခဲ့တဲ့ စင်ကာပူနဲ့ မြန်မာပူးတွဲ တတိယရတယ်။ ပူးတွဲတတိယ ဒေါ်လာ ၃၈ဝဝ ရတယ်။ နည်းပြကဦးကြည်လွင် ပါပဲ။
မကြာခင် အာဆီယံယူ-၁၉ ပြိုင်ပွဲ လာတော့မယ်။ နည်းပြချုပ်က ဦးမျိုး လှိုင်ဝင်း၊ မြန်မာကအုပ်စု(ခ)မှာ မလေး ရှား၊ တီမော၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း တို့နဲ့ ယှဉ်ပြိုင်ရမယ်။ အုပ်စုချောင်တယ်။ ဒါပေမဲ့ လူမရွေးရသေးဘူး။ အင်ဒိုနီးရှား နိုင်ငံမှာ ဇူလိုင် ၂ မှ ၁၄ ရက်အထိ ကျင်းပမယ့်ပွဲမှာ ကစားသမား ၃ဝ ဦးနဲ့ ဖွဲ့စည်းကာ လေ့ကျင့်ပွဲတွေကစားရင်း အပြီးသတ် လက်ရွေးစင် ၂၃ ဦးရွေးချယ်သွားမယ်သိရတယ်။ ဘယ်အဆင့်ထိ ရောက်မလဲ။
ပြောချင်တာက မြန်မာအသင်း မြန်မာနေရှင်နယ်လိဂ်ပွဲတွေ ကျင်းပ သက်တမ်းသာ ကြာမြင့်လာတယ်။ အ ရည်အချင်းတက်မလာဘူး။ ပွဲပြီးကာနီး ဆယ်မိနစ်လောက်ဆိုရင် အားကုန်သွားရော၊ ကပေါက်တိ ကပေါက်ချာပြန် ကစားချင်လာတယ်။ ကိုယ့်ဂိုးကိုယ်ပြန်သွင်းတတ်လာတယ်။ သည်တော့ ဆု ဖလားမချိတ်တာကြာပြီပေါ့။ မြန်မာအမျိုးသမီးအသင်းကလည်း ဒေသတွင်းက ဗီယက်နမ်၊ ထိုင်းအသင်းတို့ကိုမလှန်နိုင်သေးတော့ ဆုနဲ့ဝေးနေတယ်။
မြန်မာ့နိုင်ငံရေးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ကိုယ်စားလှယ်သုံးဦးဟာ ပါတီစည်းကမ်း ဖောက်ဖျက်လို့ အရေးယူဖို့ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာန တာဝန်ခံဒေါက်တာမျိုးညွန့်က ပြောကြားခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြုမူဆောင်ရွက်ရမယ့် အပြုအမူတွေနဲ့ မညီညွတ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မလုပ်ဆောင်ခြင်း၊ ငွေ စာရင်းရှင်းလင်းမှုတွေ တိကျမှန်ကန်မှု မရှိခြင်းစတဲ့ အချက်တွေကြောင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြကာ အရေးယူရခြင်းဖြစ်တယ်လို့ ဆိုတယ်။ ပြောရရင် ကိုယ့်ဂိုးကိုယ်သွင်းတဲ့ အသင်းသားတွေပေါ့။
မေလ ၈ ရက်ညပိုင်းက သတင်းထုတ်ပြန်ချက် ၂/၂ဝ၁၈ နဲ့ ထုတ်ပြန်ခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သူ့ရဲ့ ပိုင်ဆိုင်မှုစာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ထားပြီး နိုင်ငံတော်သမ္မတ ခန့်အပ်ထားတဲ့ ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်တို့ကလည်း ယင်းတို့ရဲ့ပိုင်ဆိုင်မှုစာရင်းကိုနိုင်ငံတော် သမ္မတထံ ပေးပို့ထားပြီးဖြစ်တယ်လို့ဆို တယ်။ သမ္မတဦးဝင်းမြင့် သမ္မတတာဝန် စတင်ထမ်းဆောင်စဉ်ရက်ပိုင်းအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဥက္ကဋ္ဌအဖွဲ့ကို လက်ခံတွေ့ဆုံပြီး မကြာမီအစိုးရဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဆန်းထွဋ်ကိုကျပ် သန်း ၁၅ဝဝ ကျော် မလျော်ဩဇာသုံးရ ယူခဲ့မှုနဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။ ဌာနအများစုမှာ ဘောလုံးမှ မကစားရသေးဘူး။ ခေါက်ဆွဲစားတဲ့ ကစားသမား တွေရှိနေတယ်။ ဌာနဆိုင်ရာတွေမှာ မိုးကျရွှေကိုယ် ၅၄၁ ယောက်ကျန်ရှိနေ သေးတယ်။
ပြီးခဲ့တဲ့ယူရို ၂ဝ၁၆ ကစားပွဲမှာ ဗိုလ်စွဲသွားတဲ့ ပေါ်တူဂီအသင်းကို သွားသတိရမိတယ်။ ပွဲစဉ်တစ်လျှောက်လုံး စီရော်နယ်ဒိုကို တစ်သင်းလုံးအားပြု ကစားသွားတယ်။ ဒိုလေးကပွဲတိုင်းကွင်း ထဲမှာေ နရာအနှံ့လှည့်ကစားသွားတယ်။ အသင်းအဖိခံနေရပြီဆိုရင် ခံစစ်မှာသူပါ တယ်။ ကစားကွက်ပြန်ဖော်ပြီဆို ကွင်းလယ်မှာ သူရောက်နေပြီ။ တိုက်စစ်ဆင် ပြီဆိုလည်း မြှားဦးရောက်နေတဲ့သူ ဂိုးသွင်းဖို့ သူဖန်တီးပေးနေပြီ။ အဲဒီလိုတွေ ကစားပြီး၊ နောက်ဆုံးဗိုလ်လုပွဲမှာ အိမ်ရှင်ပြင်သစ်ကို အနိုင်ယူကာနိုင်ငံ့အတွက် ပထမဆုံးဥရောပဖလား ရယူပေးနိုင်ခဲ့ တယ်။ ဖိုင်နယ်ပွဲမှာ ဒိုလေးဒဏ်ရာရပြီး ပွဲကို ပထမပိုင်းပြီးအောင် မကစားလိုက်ရဘူး။ ဒါပေမဲ့ ပေါ်တူဂီမှာ ရော်နယ်ဒိုလောက် မကောင်းပေမယ့် အသင်းကို ထိန်းနိုင်တဲ့ ဝါရင့်သမ္ဘာရင့် နာနီရှိတယ်။ နာနီက ကစားကွက်ယိုင်မသွားအောင် အသင်းကို ဦးဆောင်သွားနိုင်ခဲ့လို့ ဗိုလ် စွဲတယ်။ မြန်မာဘောလုံးအသင်းကိုလည်း ပေါ်တူဂီအသင်းလို အနိုင်ရပါစေ လို့ ကြိတ်ဆုတောင်းနေသူများစွာရှိပါ တယ်။ မြန်မာအစိုးရအဖွဲ့မှာလည်းကိုယ့် ဂိုးကိုယ် မသွင်းဘဲနိုင်ငံတော်အတွက် ပေးဆပ်မယ့် တိုက်စစ်မှူးတွေလိုတယ်။
ဘောလုံးအသင်းနဲ့ မတူညီတာက လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်လောင်းတွေရဲ့ ခြေစွမ်းကိုမိခင်ပါတီ NLD ကမသိတာဘဲ ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ ဝန်ကြီးရာထူးစိတ်ကူးမယဉ်ဖို့ ပြောခဲ့ဖူးတယ်။ တကယ်တမ်းပြည်ထောင်စုဝန် ကြီး၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ သိပ်မပါရပါဘူး။ သည်တော့ ကိုယ်တော်တွေက ဒေသန္တရအုပ်ချုပ်ရေးတွေမှာ ပါဝင်စွက်ဖက်လာတယ်။ လွှတ်တော်ကပေးတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ရန် ငွေကျပ်သိန်းတစ်ထောင်ကို ပြကွက်၊ ပြင်ကွက်မပေါ်ဘဲ အသုံးပြုလိုက် ကြတယ်။ ပါတီကသိတော့ စုံစမ်းတယ်။ စုံစမ်းတဲ့အတိုင်း အရေးယူမယ်လုပ်တော့ တစ်ဖက်ပါတီက စောင့်ကြည့်နေတယ်။ ခုလည်း ဧပြီ ၂၂ ရက်က လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူခဲ့တယ်။
ဒီမိုကရေစီနိုင်ငံတိုင်းမှာတော့ စည်းကမ်းဖောက်ဖျက်တဲ့ လွှတ်တော်ကိုယ်စားလှယ်အနည်းနဲ့အများ ရှိတတ် ကြပါတယ်။ အမေရိကန်သမ္မတတွေဖြစ် ခဲ့တဲ့ ဂျွန်အက်ဖ်ကနေဒီ၊ ဘီကလင်တန် နဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်တို့မှာ အပြာပုံရိပ်တွေ သမ်းခဲ့ကြတယ်။ အမေရိကန်နိုင်ငံမှာတော့ သိပ်မထူးဆန်းလို့ လက်ခံကြတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် အရှေ့တိုင်းမှာဆိုရင်တော့သမ္မတ အာဏာလက်လွှတ်ရမယ့် သဘောရှိပါ တယ်။
စစ်အာဏာရှင်များလက်ထက်နဲ့ ပြည်ခိုင်ဖြိုးလက်ထက်ထိ လူကြီးချင်းတွေ့ပြီဆိုရင် လုပ်ငန်းအဆင်ပြေဖို့အရင် ညှိနှိုင်းကာ သူတို့နဲ့ပတ်သက်တဲ့ ခရိုနီတွေကို လုပ်ပိုင်ခွင့်ပေးတယ်။ ခရိုနီတို့က သူတို့အင်အားနဲ့ အလုပ်စရတာမျိုး မဟုတ်ဘဲ သူတို့နောက်ကဝန်းရံပေးထား သူရှိနေလေတော့ သိပ်အားမစိုက်ရဘဲ အလုပ်တွင်ကျယ်တယ်။ အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်ပေါတယ်။ ခရိုနီ အစိုးရခွဲမရအောင် လုပ်ပြသွားတယ်။
NLD ပြည်သူ့အစိုးရလက်ထက်မှာ အမျိုးသားထုတ်ကုန် GDP က အကုန်သုံးစွဲသွားပြီးတဲ့အပြင် စီမံကိန်းသဘောတူထားခဲ့တဲ့ ရန်ကုန်မြို့တွင်း ကားလမ်းခုံးကျော်တံတား၊ လူကူးခုံးကျော်တံတားတွေ ဆက်လုပ်တယ်။ တကယ်တမ်းစစ်စစ်ပေါက်ပေါက် လွှဲပြောင်းပေးကြေးဆိုရင် ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် သီးသန့်ရန်ပုံငွေတွေ ရှိကြပါတယ်။ ဒီရန်ပုံငွေကို ဖောင်ဒေးရှင်းနာမည်ပြောင်းပြီး ယူသွားတဲ့အခါ မကွေးတစ်ခုပဲပြန်ရ လိုက်တယ်။ သည်လိုပဲ ဝန်ကြီးဌာနသီး သန့်ရန်ပုံငွေတွေ ပျောက်နေတယ်။ ကိုယ်တိုင်အခွန်ကောက်တယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်ဝင်မလာဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လွယ်ကူမှုညွှန်းကိန်းက ၂ဝ၁၈ ခုနှစ်မှာ နိုင်ငံပေါင်း ၁၉ဝ မှာ အဆင့် ၁၇၁ ရပ်တည်ကာ အမြင့်ဆုံးစွမ်းဆောင်မှု ကွာလှမ်းရမှတ်မှာ ကဏ္ဍငါးခု အတွက်မြင့်လာတယ်။ စီးပွားရေးလုပ် ငန်းတစ်ခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်သွယ် တန်းရယူခြင်း၊ မြေနှင့်အိမ်ရာအဆောက် အအုံမှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ ဒေဝါလီခံခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူ တွေအကာအကွယ်ပေးခြင်း၊ ပြည်ပကို ကုန်သွယ်ခြင်း၊ စာချုပ်တွေ သဘောတူ ညီမှု အာဏာတည်လိုက်နာစေခြင်းစတဲ့ အချက်တွေနဲ့ တိုင်းတာရာမှာ နိမ့်ကျ ကျန်ရစ်ဖြစ်နေတယ်။ ထိုင်းနိုင်ငံမှာနိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ၁၅ ရက် နော်ဝေးနိုင်ငံမှာ နာရီပိုင်းအတွင်း ဆောင်ရွက်မှုမျိုးနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါ တယ်။
မြန်မာနိုင်ငံရဲ့ ရေတိုစီးပွားရေးတိုး တက်မှုအပေါ် ယုံကြည်မှုဟာပြည်ခိုင်ဖြိုး အစိုးရလက်ထက် ၇၃ ရာခိုင်နှုန်းထိ အကောင်းမြင်မှုရှိခဲ့ရာမှ NLD ပြည်သူ့အစိုးရလက်ထက် ၄၉ ရာခိုင်နှုန်းထိ အကောင်းမြင်မှု ကျဆင်းခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေအပေါ် ယုံကြည်မှုကျ ဆင်းတာဟာ စီးပွားရေးမူဝါဒနဲ့ စီမံကိန်းမရှိခြင်း၊ မလုပ်တတ်ခြင်းတို့အပေါ်အပြစ်ပြောရမှာပဲဖြစ်တယ်။ လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ အားမရကြဘူး။ ဘောလုံးအသင်းနဲ့ပြောရင် ကစားကွက်လှပသေသပ်အနိုင်ရမယ့် အသင်းမျိုးမဟုတ်ဘဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိတဲ့ လူတွေ၊ သွင်းချင်တဲ့သူတွေ တောင်ရှိနေတယ်။ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်အားပြုပြီး ကစားနေကြတာ လက်ခံပါတယ်။ ကိုယ့်စွမ်းကိုယ်စမပြကြ သလို အပြစ်တင်အရေးယူခံရမှာစိုးရိမ် နေတယ်။ လုပ်ငန်းမကျွမ်းကျင်ကြဘူး။
ဆိုရရင် ချိုမိုင်မိုင်နည်းပြတွေ ခန့်ထားမိရက်သားဖြစ်နေတော့ ရှေ့မသွားတဲ့အပြင် နောက်ဆုတ်နေတယ်။ အမြဲ တမ်းအတွင်းဝန်နဲ့ အောက်ဦးစီးအရာရှိ နဲ့ နိုင်ငံ့ဝန်ထမ်းကြားမှာ လာဘ်ပေးလာဘ်ယူမှုတွေရှိတယ်။ တရားရေး မဏ္ဍိုင်ယိုင်နွဲ့ စောင်းနေတယ်။ ပြန်လည်တည့်မတ်ပြီး အကျိုးမပြုတဲ့ ယောင်ဝါးဝါးတွေကို အသစ်လဲလှယ်ခန့် ထားနိုင်ရမယ်။ အရည်အချင်းပြည့်မီတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်ထောင်စုအဆင့် အစိုးရကောင်းလိုအပ်တယ်။

ဒေါက်တာထူးပြည့်စုံသျှင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်