ကျေးဇူးရှိသော လူနာများ

ယနေ့ ကျန်းမာရေးလောကတွင် ပြည်သူ့ဆေးရုံတို့နှင့်အပြိုင် အထူးကုဆေးခန်း၊ ဆေးရုံဟူ၍ အတော်ပင်ဖွင့် လာကြောင်း တွေ့ရ၏။
ကျန်းမာရေးအတွက် အားကိုးစရာဟု ယူဆ၍ရသော်ငြားလည်း အထူးကုဆေးခန်း၊ ဆေရုံတို့၏ ငွေကြေးဝန် ဆောင်မှုသည် လူနာများအတွက်များစွာ ဝန်တာကြီးလှကြောင်း တွေ့ရလေ သည်။
တချို့ အထူးကုများဆိုလျှင် ငွေမည်မျှတတ်နိုင်သနည်းဟူသော မေးခွန်းဖြင့်စတင်ကာ လူနာနှင့်လူနာရှင် အပေါ်လက်ဝှေ့ကြိုးဝိုင်းအတွင်း တွန်းပို့ လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
တတ်နိုင်၍ ကုချင်သည်ထားဦး မတော်တဆဆေးဘက်ဆိုင်ရာ ချွတ်ချော်မှုအတွက် တာဝန်ယူမှုတာဝန်ခံမှု ဆို သည့် စကားလုံးမျိုး မကြားရပါချေ။ ယနေ့ချိန်တိုင် ငုပ်လျှိုးနေဆဲဖြစ်နေတော့သည်။
အထူးကုဆရာဝန်ပင်ဖြစ်စေ၊ ရိုးရိုးဆရာဝန်ပင်ဖြစ်စေ အခြေခံအုတ်မြစ် ဆည်းပူးခဲ့ရာသည် ပြည်သူ့ဆေးရုံရှိ လူ နာများဖြစ်ခြင်းဟူသည့်အပေါ် မည်သည့်ဆရာဝန်မျှ ငြင်းဆန်၍ရနိုင်မည် မဟုတ်ချေ။
ဆရာဝန်များ၏ ဆေးပညာထူးချွန် ကောင်းမွန်လာရန် ပြည်သူ့ဆေးရုံမှ လူနာများသည် တစ်ယောက်ပြီးတစ် ယောက်ပြောင်းကာ ကုသခံခဲ့ရသည်ဟု ဆိုပါလျှင် မှားမည်မထင်ချေ။
ယင်းကြောင့် ပြည်သူ့ဆေးရုံရှိ လူနာများ၏ကျေးဇူးအား ယနေ့ဆေးကုသနေသော ဆရာဝန်များမမေ့အပ်ဟု ထင်မိပေသည်။ ငွေကြေးမြင့်မားစွာယူ၍ ကုသနေသော အထူးကုဆရာဝန်များ အနေဖြင့် ပို၍သတိချပ်သင့်ပေသည်။
ပြည်သူ့ဆေးရုံများတွင် ဆရာဝန်များ၏ မှားယွင်းသောဆုံးဖြတ်မှုကြောင့် (သို့တည်းမဟုတ်) ခွဲစိတ်မှုကြောင့် သေဆုံးခဲ့ရသော လူနာပေါင်းများစွာရှိနိုင်ပေသည်။ အဘယ်ကြောင့်ဤသို့ရေးရ သနည်းဆိုသော် စာရေးသူမိတ်ဆွေများ အတွင်း၌ တူမလေးအရွယ်တစ်ဦးမှာ ပြည်သူ့ဆေးရုံတစ်ခုတွင် ဗိုက်ခွဲကာ ကလေးမွေးရ၏။
သို့တိုင် ထိုတူမလေးမှာ ဗိုက်ခွဲကလေးထုတ်ပြီးကတည်းက သတိမရတော့။ ခွဲစိတ်သောဆရာဝန်မ မည်သို့ ပင်ကုကု တစ်ပတ်နီးပါးခန့် သတိပြန် မလည်လာတော့ပေ။
၎င်းအခြေအနေအား ဆေးပညာရှင်များသာ သိနိုင်ပေမည်။ မည်သို့ပင် မှားယွင်းခွဲစိတ်ခဲ့သည်ဟု စာရေးသူအ နေဖြင့် မှန်းဆ၍မရပါပေ။ နောက်ဆုံးတွင် တူမလေးမှာ သတိမလည်လာတော့ဘဲ အသက်ပင်တစ်ပါတည်း ဆုံးသွားခဲ့ ရလေသည်။
ထိုသို့ဖြစ်လင့်ကစား လူနာရှင်များသည် ပြန်မပြောသာခဲ့။ ” မမှားသော ရှေ့နေ၊ မသေသောဆေးသမား” ဟူသည့် စကားဖြင့်သာ နှစ်သိမ့်လျက် ကြိတ်ငိုပူ ဆွေးခဲ့ရ၏။ (ထိုအဖြစ်မျိုး မြန်မာနိုင်ငံ ၌ များစွာရှိနိုင်ပေသည်။) ရှိ၍လည်း ရဲစခန်းများတွင် အမှုဖွင့်ခဲ့ဖူးကြသည်။
ဤသို့သော အတွေ့အကြုံများ ကြောင့်လည်း သူတို့၏ပညာများရင့်သန်ခဲ့ရ၏။ တိုးတက်ကောင်းမွန်ခဲ့၏။ ဆုံးဖြတ်လုပ်ဆောင်မှုများ တိကျမြန်ဆန် လာခဲ့၏။ နောက်လူနာများအတွက် လှေကားထစ်ဖြစ်ခဲ့၏။
သို့တစေ ထူးချွန်သောဆရာဝန်တစ်ယောက်ဖြစ်လာခဲ့လျှင်ကား ထိုကျေးဇူးများကို မေ့ပျောက်ကွားကြလေ တော့သည်။ ငါတော်၍၊ ငါတတ်၍၊ ငါ ကြိုးစား၍ဟူသော မာန်စိတ်သာဝင်နေ ကြ၏။ ပြည်သူ့ဆေးရုံရှိ လူနာတို့၏ ကျေးဇူးတရားအပေါ်တွင် မမြင်နိုင်ကြ တော့။
အထူးကုဆေးခန်း ဆေးရုံများသို့ ရောက်လျှင် အဆမတန်ဈေးနှုန်းများဖြင့် လူနာများအား ဆေးကုသကြလေ တော့သည်။ (တချို့ စိတ်ထားကောင်း သည့် ဆရာဝန်များလည်း ရှိပေသည်။ လူနာရှင်များမှာ ငွေရှိရှိ၊ မရှိရှိ၊ ရောဂါပျောက်ရန်အတွက် ရှိသည့်ပစ္စည်းများ ပေါင်နှံရောင်းထုတ်၍ မျက်ကလူးဆန် ပြာဘဝဖြင့် ဆေးကုသရရှာလေသည်။ ဤသို့ဒုက္ခများခံခဲ့သော်လည်း လူနာအများစုမှာ အချို့ဆရာဝန်၊ ဆရာမများ ဆိုလျှင် လူနာမှမည်သူနှင့်အပ်ထား၍ ၎င်းတို့မဆိုင်ကြောင်း အပ်ထားသည့် ဆရာဝန်ထံသာသွားရန် ညွှန်ကြားကြ လေသည်။ စဉ်းစားကြည့်လျှင် မြင်ပါမည်။ ဥပမာပြောရလျှင် ဗိုက်ကြီးသည်များ မွေးဖွားကာနီးဆိုလျှင် အပ်သည့် ဆရာဝန်၊ မအပ်သည့်ဆရာဝန် ခွဲခြားနေသည်နှင့် ဟိုသည်သွားရင်း လမ်းတွင် မွေးဖွားခဲ့ရသည့်အဖြစ်များ ရှိခဲ့ရလေသည်။
လူနာဆိုသည်မှာ စက္ကန့်တိုင်း၊ အချိန်တိုင်းအရေးကြီး၏။ သူ့အပ်ထား၍၊ ငါ့အပ်ထား၍ ရွေးချယ်နေ၍မရ။ ကြား ထဲမှ လူနာသည်အလွယ်တကူ အသက်ဆုံးရှုံးသွားနိုင်၏။ အမြင်မတော်လျှင် အမုန်းခံကာဝင်လုပ်သင့်၏။ ထိုသဘောအား ဆေးကုသမှုနှင့်ဆိုင်သော တာဝန် ရှိသူများနားလည်ရန် လိုအပ်ပေသည်။ ပြီးမှ ဆရာဝန်အချင်းချင်း အကျိုးသင့် အကြောင်းသင့် ပြောဆိုညှိနှိုင်းလိုက် လျှင် အဖြေမှန်ကန်သင့်မြတ်ပေမည်။
ဤသို့မဟုတ်ပါဘဲ ဆရာဝန်များ၊ ဆရာမများ ပညာမာန်ဝင့်၍ မာနကြီးနေ ကြပါလျှင် ကြားထဲမှလူနာသည် ဘေး ဒုက္ခဆိုးခံရဖွယ်ရှိ၏။ လူနာ၏ရုတ်ချည်း ဖြစ်ပေါ်လာသော ရောဂါအခြေအနေ နှင့် အသက်အန္တရာယ်တို့သည် ဆရာဝန်များ၏ ပညာမာနကြားတွင် ရှိမနေသင့်ဟု မြင်မိသောကြောင့်ဤသို့ တင်ပြခြင်းလည်းဖြစ်သည်။
ထိုသို့ သူငါရွေးနေမည်ဆိုပါက မသေသင့်သောလူနာများ သေနိုင်သကဲ့ သို့ မဆုံးရှုံးသင့်သော လူ့အသက်များ သည်လည်း နှမြောစရာမဟုတ်ပါလော။ ဤ၌ ဆရာဇော်နိုင်၏ ဆေးပညာကျင့်ဝတ်များစာအုပ် (စာ-၂၅-၆)တွင် မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များ၌ ဘွဲ့လွန်ဒီဂရီနှင့် ဆေးပညာဘွဲ့ယူမည့်သူ များသည် ဆရာဝန်များခံယူအပ်သော အဓိဋ္ဌာန်ပြုကတိသစ္စာဆိုရ၏။ ၎င်းအချက်များထဲမှ အချို့အားထုတ်နုတ်တင် ပြရလျှင်-
-ကျွန်ုပ်သည် လူသားအားလုံးတို့ ၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ချမ်းသာရေးကို ကျွန်ုပ်တို့အရေးကဲ့သို့ ယူဆ ပါအံ့။
– ကျွန်ုပ်သည် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့်မွန်မြတ်သည့် ဂုဏ်သိက္ခာအစဉ်အလာကို ထိန်းသိမ်းပါအံ့။
– ကျွန်ုပ်သည် ဂီလာနပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့်စေတနာ၊ မေတ္တာရှေ့ထား၍ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး၊ စွမ်းစွမ်းတမံကုသပါအံ့။
-ကျွန်ုပ်သည် တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစေရှောင်ကြဉ် ပါအံ့။
-ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထား လေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့။
ဟူ၍ပါရှိသည်ကို ကြည်နူးဖွယ်တွေ့မြင်နိုင်ပေသည်။ မြန်မာနိုင်ငံသူနာပြု တက္ကသိုလ်များတွင်ဘွဲ့လွန်ဒီဂရီနှင့် ဘွဲ့ယူမည့်သူများလည်း အဓိဋ္ဌာန်ပြု ကတိသစ္စာပြုရသည်များ ရှိ၏။
– ကျွန်ုပ်သည် တတ်ကျွမ်းသမျှသော ပညာဖြင့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှကို အသုံးပြု၍ မမာမကျန်းဖြစ်သော လူများအား လူမျိုး၊ ဘာသာ၊ အသားရောင်၊ နိုင်ငံရေးနှင့် လူမှုရေးအဆင့်အတန်း မခွဲခြားဘဲ လူအများအသက်ချမ်းသာရရှိ ရေး၊ ရောဂါဝေဒနာ သက်သာမှုရရှိရေး နှင့် ကျန်းမာရေးတိုးတက်လာစေရန် အ တွက် ဆောင်ရွက်သွားပါမည်။
– အပြည်ပြည်ဆိုင်ရာ သူနာပြုကျင့်ဝတ်ကို လေးစားထိန်းသိမ်း၍ သူနာပြုအားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိရန် ထာဝစဉ်ဆောင်ရွက်သွားမည်ဟု ကတိသစ္စာ ပြုပါသည်။
ဖော်ပြပါအချက်များသည် ရွတ်ဆို ရန်သီးသန့်မဟုတ်ဘဲ လိုက်နာကျင့်သုံးပါက ဆေးလောကအတွက် ဂုဏ်တတ်စရာများ ဖြစ်လာနိုင်ပေမည်။ ဤသို့ ကြောင့်လည်း ယင်းစာအုပ် (စာ-၄ဝ) တွင် အောက်ပါအတိုင်းဖော်ပြထား၏။
၁၈ဝ၃ခုနှစ်တွင် ဗြိတိသျှလူမျိုး သမားတော် သောမတ်စ်ပါစီဗယ်လ် (Thomous Percival ) ၏ ပညတ်ကျင့် ဝတ် ၇၂ ချက်တွင် –
-ဆရာဝန်များအနေဖြင့် လူနာကိုကူညီစောင့်ရှောက်မှုနှင့် ဂရုတစိုက်ရှိရာ တွင် အထူးအားထုတ်ရမည်ဟု ဆို၏။
– လူနာတို့၏စိတ်၌ ကျေးဇူးတင် ရှိခြင်း၊ လေးစားခြင်း၊ ယုံကြည်ကိုးစား ခြင်းများ ပေါ်ပေါက်လာစေရမည်ဟူ၍ အတိအလင်းညွှန်ပြထားပေသည်။
လက်ရှိခေတ်ကာလတွင်မူထို အချက်များနှင့် ပြောင်းပြန်ဖြစ်ကုန်၏။ ဆရာဝန်များကလည်း ငွေရရန်အတွက် အထူးအားထုတ်နေကြ၏။ (အကုန် မဆို လိုပေ) လူနာတို့စိတ်၌လည်း ဆရာဝန် များအပေါ် အသပြာဆရာဝန်တွေပါကွာ ဟု မြင်ကုန်၏။ ထိုအရာသည် ဆေးလောကအတွက် မကောင်းဘက်သို့ ရောက်ရှိနေသော အခြေအနေဆိုးများ အပုပ်နံ့များဖြစ်၍ ဝမ်းနည်းစရာကောင်းလှသည်။ သူနာပြုများလည်း ထိုနည်း အတူတူဟု မှတ်ယူနေကြသည်။
၎င်းစာအုပ် (စာ-၃၇)တွင်လည်း လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က ရေးသားပြုစုခဲ့သည်ဟု ယူဆရသည့် အိန္ဒိယဆေးကျမ်းတစ်စောင်ဖြစ်သော စာရကသံဟိတတွင်-
” သင်ဘယ်လောက် အလုပ်များ သည်ဖြစ်စေ လူနာဝေဒနာသက်သာ စေရေးအတွက် သင့်စိတ်နှလုံး၊ သင့် ဝိဥာဉ်ထဲမှ လှိုက်လှိုက်လှဲလှဲ နေ့ရောညပါ အစဉ်ကြိုးပမ်းနေရမည်”
” သင့်ဘဝနှင့် သင့်သေရေး၊ ရှင်ရေးအတွက် ဖြစ်လင့်ကစားလူနာကို စွန့် ခွာပစ်ဖယ်မထားခဲ့ရ” ဟူ၏။
အထက်ပါအချက်အလက်များ နှင့် ယှဉ်ကြည့်လျှင် ယခုခေတ်၌ အလွန်အလုပ်များသော ဆရာဝန်များအား ချက် ချင်းခေါ်မရတတ်ပေ။ လူနာကမျက်ဖြူ ဆိုက်၍နေ၏။ လူနာရှင်များမှာခြေမ ကိုင်မိလက်မကိုင်မဖြစ်လျက် အချို့ ဆရာဝန်များဆိုလျှင် နောက်နေ့မှလာခဲ့ ရန် ဆရာ မအားသေးဘူး။ သို့မဟုတ် ဘယ်ဖြင့်သွားလိုက်ပါ စသဖြင့်ပြောဆိုကာ အပူမရှိအေးချမ်းလျက်နေ၏။ သူတို့စိုးရိမ်ရှာနေမှာပဲဟူသော အတွေး ဝင်ပုံမရ။ (အတွေ့အကြုံများ၍ ရင့်ကျက်နေခြင်းလည်းပါမည်) တကယ် ဆိုလျှင် လုပ်သက်ရင့်လေ ဂုဏ်သိက္ခာ ပိုပြီးကြီးလေ ဖြစ်ရမည်။
ဆေးကုသမှုရပ်ဝန်းသည် လူ့လော က၌ အကြင်နာတရား၊ မေတ္တာတရားများ ယိုဖိတ်လျှံကျနေရမည့် စက်ကွင်းဝိုင်း တစ်ခုဖြစ်သင့်နေလေပြီ။
စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံ၌ ဗုဒ္ဓတရားတော်များ ထွန်းကားနေမှု ကြောင့် ပို၍ပင်အကြင်နာတရားများ၊ ကိုယ်ချင်းစာတရားများ ပြည့်ဝနေသင့် သည်ဟု ယုံကြည်မိ၏။ သို့တစေ ဤသို့ ကားမဖြစ်ခဲ့။ မကောင်းသောအနံ့ထွက် လျက်ရှိ၏။ ဗုဒ္ဓဘာသာ၏ အနှစ်သာရများနှင့် သုတမှတ်စုစာအုပ် (စာ-၁၉၄)တွင် သမားတော်ဂုဏ် အင်္ဂါငါးပါးရှိ၏။
(၁) ရာသီ၊ နက္ခတာ၊ ဗေဒင်၊ ယတြာ ကျွမ်းရခြင်း။
(၂) ဆေးပေး၊ ဆေးကုသမှု၌ ကျွမ်းကျင်ရခြင်း။
(၃) ဆေးကျမ်းကောင်း အရပ်ရပ် တို့ကို တတ်သိလိမ္မာရခြင်း။
(၄) ကြည်ညိုအားထားဖွယ် တင့်တယ် သောရုပ်ဆင်းနှင့် ပြည့်စုံခြင်း။
(၅) ဗြဟ္မစိုရ်တရားလက်ကိုင်ထား ၍ ကံငါးပါးလုံခြုံသူဖြစ်ရခြင်း။
သို့ဖြစ်ရာ ဆေးကုသမှုရပ်ဝန်းရှိ ဆရာဝန်၊ ဆရာမများသည် ငွေကြေးမ ကြည့်ဘဲ အလုပ်သင်ဘဝက ပြည်သူ့ ဆေးရုံကုတင်ပေါ်ရှိ လူနာများ၏ကျေးဇူးတရားကို အမှတ်ရကာ လက်ရှိကုသရန်ရောက်ရှိသော လူနာများအပေါ် စေတနာမေတ္တာများဖြင့် ကျင့်ဝတ်ဖြောင့်မတ်စွာ ကုသကြပါလျှင် ကျေနပ်စရာ ကောင်းသော ဆေးလောကမြင်ကွင်းများ မြင်တွေ့လာနိုင်ပေမည်။
(ဆက်၍ ရေးပါအုံးမည်)
သင်္ကပ္ပ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်