ပြည်သူက ယုံကြည်မည်လား ဟားတိုက်မည်လား

အစိုးရနှင့် လွှတ်တော်ထိပ်ပိုင်း ပုဂ္ဂိုလ်ဟောင်းများ၏ ကိုယ်တိုင်ရေးမှတ်တမ်းစာအုပ်စာတမ်းများသည် ခေတ် ပြိုင်နိုင်ငံရေးသမိုင်းနှင့် ဆက်စပ်လျက်ရှိသည်။ ထိုထိုစာအုပ်၊ စာတမ်းများပါ အချက်အလက်များ၊ အယူအဆများ၊ သုံးသပ်ချက်များကို ခေတ်ပြိုင်သမိုင်း ဆိုင်ရာမှတ်တမ်းမှတ်ရာများနှင့် တိုက်ဆိုင်၊ သုံးသပ်နိုင်ရန် အရေးကြီးမည်ဖြစ်သည်။ သို့မဟုတ်ပါက မျိုးဆက်သစ် တို့အကြား အလွဲအမှားများကို ဖြစ်ရပ် မှန်များအဖြစ်ရှုမြင်ပြီး၊ တံလျှပ်ကို ရေထင်ကြမည်ဆိုလျှင် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ဆိုက်ဝါးဆန်ဆန်၊ လော်ဘီဆန်ဆန်၊ ပကာသနနှင့်ဘုန်းတော်ဘွဲ့ကဲကဲ ကိုယ်ရေးမှတ်တမ်းများကြောင့် လူငယ် ထုအကြားဝေဝါးထွေပြားပြီး၊ သိမြင်နားလည်မှုလွဲမှားကာ၊ ကောက်ချက်၊ သုံးသပ်ချက်မှားနိုင်သည်ကို မျက်ခြေ မပြတ် သင့်ပေ။
ဒီမိုကရေစီနိုင်ငံရေးတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အလွန် အစိုးရဟောင်းနှင့် အစိုးရသစ် အကြား အာဏာလွှဲအပြောင်းသည် ဗျူဟာမြောက်အရေးပါသော အပိုင်း ပင်ဖြစ်သည်။ မြန်မာ့ခေတ်ပြိုင်နိုင်ငံရေးသမိုင်း၌ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် နိုင်ငံ တော်အာဏာကို ချောချောမွေ့မွေ့လွှဲပြောင်းနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် အာဏာလွှဲအပြောင်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)သည် ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင်အနိုင်ရရှိခဲ့ပြီး၊ ဖွဲ့ စည်းခဲ့သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့် ပုဂ္ဂိုလ်များကို အာဏာ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ တပ်မတော် အစိုးရ(နအဖ)သည် နအဖအဖွဲ့ဝင် ဟောင်းများ၊ အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဖွဲ့စည်းထားသည့် အစိုးရကို အာဏာလွှဲပေးခဲ့သည်ဟု လည်း ဆိုနိုင်သည်။
၂ဝ၁၆ ခုနှစ် အာဏာအလွှဲအပြောင်းကမူ ၂ဝ၁၁ ခုနှစ်နှင့်မတူ၊ ကွဲပြားခြားနားသည်ဟု ကောက်ချက် ပြုနိုင်သည်။ ၂ဝ၁၆ ခုနှစ်တွင် တပ်မတော်အငြိမ်းစား အရာရှိကြီးများ ဦးဆောင်သည့် အစိုးရဟောင်းသည် ၂ဝ၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေး ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်ဝင်စားမှုနှင့် စောင့်ကြည့် မှုကို မြင့်မြင့်မားမားရရှိခဲ့သည့် အာ ဏာလွှဲပြောင်းမှုဟု ဆိုရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထု၏ စိတ်ဝင်စားမှုကိုလည်း မြင့်မြင့်မားမားရရှိ ခဲ့သည်။
စာရေးသူ စိုးသိန်း(ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် အငြိမ်းစား ပြည်ထောင်စုဝန်ကြီး) ရေးသားခဲ့သည့် ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန်စာအုပ်၊ စာမျက်နှာ(၁၂)၌ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင် ဒီမိုကရေစီအစိုးရသစ်ကို စတင်ဖွဲ့စည်း ခဲ့ပါသည်။ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံအာဏာကို အနိုင်ရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အာဏာလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည် ဟုဆိုလျှင်ပို၍ မှန်ပေလိမ့်မည်ဟု ဖော် ပြခဲ့သည်။ ဤနေရာတွင် စာရေးသူ အဓိကထားရည်ညွှန်းလိုသည့် စကား ရပ်မှာ ပါတီဖြစ်ပြီး၊ အာဏာကို အစိုးရ အဖွဲ့သို့ လွှဲပြောင်းခြင်း မဟုတ်ဟု ဆို လိုရင်းဖြစ်ပါသည်။ ထိုစဉ်က ပါတီဥက္ကဋ္ဌဖြစ်သည့် ဦးသိန်းစိန်ထံသို့ လွှဲ ပြောင်းပေးခဲ့ပါသည်ဟု ရေးသား၊ ဖော်ပြခဲ့သည်။
၂ဝ၁၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို အစိုးရသို့လွှဲပြောင်းပေးခဲ့ခြင်း မဟုတ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌထံသို့ လွှဲ ပြောင်းပေးခဲ့ခြင်းဟု စာရေးသူစိုးသိန်း က အတိအလင်းဖော်ပြခဲ့သည်။ အဆို ပါအချက်သည် ခေတ်ပြိုင်သမိုင်းနှင့် ဆက်စပ်၍ စိတ်ဝင်စားဖွယ်ဖြစ်နေသည်။ အချက်အလက်များအပေါ် အခြေပြု၊ ဆန်းစစ်မည်ဆိုလျှင် ၂ဝ၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ကို အာဏာလွှဲခဲ့ခြင်းမဟုတ်၊ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ကို အာဏာလွှဲခဲ့ခြင်းဟု စာရေးသူ စိုးသိန်း၏ဖော်ပြ ချက်သည် စာရေးသူ၏ ထင်မြင်ချက် သက်သက်၊ ယူဆချက်သက်သက်ဟုသာ မှတ်ယူနိုင်ပြီး၊ သမိုင်းတန်ဖိုးနည်း ပါးလွန်းသည်ဟု သုံးသပ်နိုင်သည်။
မှတ်တမ်းမှတ်ရာများအရ စာရေးသူစိုးသိန်းရေးသားသကဲ့သို့၊ နအဖအစိုးရသည် ဥက္ကဋ္ဌဦးသိန်းစိန်ခေါင်းဆောင် သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကို အာဏာလွှဲပေးခဲ့ခြင်းဖြစ် သည်ဆိုသည့်အချက်အား အတည်ပြု နိုင်ခြင်းမရှိပေ။ အစိုးရအဖွဲ့ဟောင်း၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးအနေဖြင့် တရားဝင် မှတ်တမ်းမှတ်ရာများနှင့် ကွဲလွဲသောအတွင်းရေးကို ဖော်ထုတ်ရေး သားသည်ဆိုပါက ကြောင်းကျိုးဆီလျော် ရန် အရေးကြီးမည်ဖြစ်သည်။ စာရေးသူ အနေဖြင့် ခေတ်ပြိုင်သမိုင်းနှင့်ဆက်စပ် သည့် အရေးကြီးဖော်ပြချက်တစ်ရပ်ကို လက်လွတ်စပယ်၊ ထင်ရာမြင်ရာရေးခဲ့ ခြင်း မဖြစ်တန်ရာဟုသုံးသပ်မိသည်။ စာရေးသူထံတွင် ခိုင်လုံသော အထောက်အထား ရှိကောင်းရှိနေနိုင်သည်ဟုလည်း ချင့်ချိန်မိပါသည်။ အငြိမ်းစားဗိုလ်ချုပ်ကြီး၊ အငြိမ်းစားပြည်ထောင်စုဝန်ကြီး၊ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဖြစ်သည့်အပြင် နိုင်ငံရပ်ခြား အတွေ့အကြုံများလွန်းသည့် စာရေးသူ အနေဖြင့် ၂ဝ၁၁ ခုနှစ် အာဏာအလွှဲ အပြောင်းနှင့်ပတ်သက်၍ အထောက်အထားမဲ့၊ ထင်မြင်ချက်သက်သက်ရေးသားခြင်း၊ လေဖမ်းဒန်းစီးခြင်းဖြစ်နိုင်ဖွယ်မရှိဟု ယူဆသည့်အားလျော်စွာ ပိုမိုစိတ်ဝင်စားမိသည်။
အကယ်စင်စစ် ၂ဝ၁၁ ခုနှစ် နအဖအစိုးရအဖွဲ့၏အာဏာအလွှဲအပြောင်း နှင့်ပတ်သက်၍ ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင် သည့် အထောက်အထားကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ပြန်တမ်းများတွင်တွေ့ရှိရသည်။ ၂ဝ၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ခဲ့သော နိုင်ငံတော်ပြန်တမ်း၊ အမှတ်(၆၄)၊ အတွဲ (၁၃)၊ စာမျက်နှာ(၆၅၁)တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ကြေညာချက်အမှတ် ၅/ ၂ဝ၁၁၊ ၆/၂ဝ၁၁ တို့ကို အပြည့်အစုံဖော်ပြ ထားသည်။ အဆိုပါကြေညာချက်များ သည် ၂ဝ၁၁ ခုနှစ် နိုင်ငံတော် အာဏာ အလွှဲအ ပြောင်းနှင့်သက်ဆိုင်သည့် ဆုပ်ဆုပ်ကိုင်ကိုင်အထောက်အထားများပင် ဖြစ်သည်။
နအဖကောင်စီ၏ ကြေညာချက် ၅/၂ဝ၁၁၊ အပိုဒ်(၂)တွင် သို့ပါ၍ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ် တင်မြှောက်ခြင်း၊ လွှတ်တော် ၏ သဘောတူညီချက် ရယူခြင်းများ ဆောင်ရွက်ပြီးသည့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များအား ၂ဝ၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးသည့်အချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျက်ရှိ သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာအာဏာများကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာ လိုက်သည်ဟု ဖော်ပြထားသည်။
နအဖကောင်စီ၏ ကြေညာချက် ၆/၂ဝ၁၁၊ အပိုဒ် (၂)တွင်လည်း သို့ပါ၍ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ရွေးချယ်တင်မြှောက်ခြင်း၊ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ရ ယူခြင်းများ ဆောင်ရွက်ပြီးသည့် တိုင်း ဒေသကြီးသို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များအား ၂ဝ၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ တွင် ကတိသစ္စာပြုပြီးသည့်အချိန်မှစ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာ အာဏာများကို လွှဲ ပြောင်းပေးအပ်လိုက်ကြောင်း ကြေညာ လိုက်သည်ဟု ဖော်ပြထားသည်။
နိုင်ငံတော်ပြန်တမ်းပါ ကြေညာ ချက်များအပေါ်အခြေပြုလျက် အချက် အလက်များမှ အမှန်ရှာဖွေမည်ဆိုလျှင် နအဖကောင်စီသည် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ် များအား အာဏာသုံးရပ်ကို လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ထံ အာဏာလွှဲပေး ခဲ့ခြင်းဖြစ်သည်ဆိုသည့် စာရေးသူ စိုး သိန်း၏ ဖော်ပြချက်သည် တက်တက် စင်အောင်လွဲနေပြီဟု သုံးသပ်ရမည် ဖြစ်သည်။ မည်သည့် အချက်အလက်၊ မည်သည့် နောက်ခံအကြောင်းတို့အ ပေါ်အခြေပြုလျက် စာရေးသူအနေဖြင့် ၂ဝ၁၁ ခုနှစ်အာဏာ အလွှဲအပြောင်းနှင့် ပတ်သက်၍ ကောက်ချက်ပြုခဲ့သည်ကို သိလို စိတ်ပြင်းပြမိသည်။
အချုပ်ဆိုရသော် ကိုယ့်အကြောင်း ကိုယ်ရေးသည့်၊ ကိုယ်ဖြတ်သန်းခဲ့သည့် အကြောင်းရေးသည့် ကိုယ်ရေးမှတ်တမ်း ဖြစ်လင့်ကစား သမိုင်းနောက်ခံကို မသိ ကျိုးနွံပြု၍ မရနိုင်ပေ။ အစိုးရအဖွဲ့ဝင် ဟောင်းတစ်ဦးအဖို့ တာဝန်ယူမှု၊ တာဝန် ခံမှုကပို၍ အရေးကြီးမည်ဖြစ်သည်။ လူသိနည်းသော အတွင်းသတင်းဟု အမည်တပ်ကာ ဆိုက်ဝါးဆန်ဆန်၊ လော်ဘီဆန်ဆန် မှတ်တမ်းမှတ်ရာမျိုး ဖြစ်မည်ဆိုလျှင် သမိုင်းတန်ဖိုးသုညဖြစ် သွားနိုင်ခြေရှိနေသည်။ လူသိနည်းသည့် အတွင်းသတင်းစစ်စစ် ဖြစ်ရိုးမှန်လျှင် အများပြည်သူ၏ ရင်ဘတ်ကိုရိုက်ခတ် မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အတွင်းသတင်းမဟုတ်သည်ကိုအတွင်း သတင်းဆန်ဆန် ပုံကြီးချဲ့ရေးသားမည် ဆိုလျှင် ပြည်သူက ဟားတိုက်ရယ်မောေ လှာင်ပြောင်မည်သာဖြစ်သည်။ ပြည် သူကယုံကြည်မည်လား၊ ဟားတိုက်ရယ် မောနေမည်လား စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ဒေါက်တာရန်မျိုးသိမ်း

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်