၂၀၁၈ မေလ၂၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၂၄)
အစ
မြစ်ရေသည် ကြည်လင်ငြိမ်သက်စွာစီးဆင်းလျက်ရှိသည်။ အချိန်အခါ အလိုက်ဖြစ်သည်။ မြင်းတစ်ကောင်ကဲ့သို့ ခုန်ပေါက်စီးဆင်းသွားသည် ရှိသကဲ့သို့ မြွေတစ်ကောင်ကဲ့သို့ အေးချမ်းစွာ တွန့်လိမ်လျှောဆင်းသွားသည့် အခါမျိုး လည်းရှိသည်။ ဤမြစ်တွင် ရေခဲရာ ဒေသမှစီးဆင်းလာ၍ အေးမြသောရေများနှင့် တောင်ကြိုတောင်ကြားချောင်း ကြိုချောင်းကြားမှ ကြမ်းတမ်းစွာ ဖြတ်သန်းလာရသဖြင့် ရေအလျဉ်ရွေ့လျားမှု အားပြင်းကာ သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်၊ မြေကြီးများနှင့်အတူ ရေဆိုးများလည်း စုပေါင်းစီးဆင်းသွားသည်။
သို့သော် ထိုမြစ်သည်များစွာအသုံးဝင်သည်။ အထက်မြစ်ဖျားဒေသများမှ အောက်မြစ်အစုန်တစ်လျှောက်သို့ လူ အများအပြားသွားလာနိုင်ခြင်းက ဤ မြစ်၏ အဖိုးမဖြတ်နိုင်သော အကြောင်း ဖြစ်သည်။ ထိုမြစ်သည် နွေဥတုသို့ရောက်သောအခါ ရေများနည်းပါးသွားပြီး ရေကကြည်လင်နေသည်။ သောင်များထွန်း လာသဖြင့် ခက်ခဲစွာသွားရသည့်အခါ မျိုးလည်းရှိသည်။ သောင်များထွန်းလျက် မြေနုကျွန်းများပေါ်လာသည်။ မြေနု ကျွန်းများသည် မြေဩဇာကောင်းသဖြင့် လူများအတွက်အကျိုးပြုသော စိုက်ပျိုး မှုများ ပြုလုပ်လာနိုင်သည်။ နောက်ဆုံး ထိုမြစ်သည် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာသို့ ရောက်ပြီး ဧရာဝတီမြစ်အတွင်းသို့ စီး ဝင်သွားတော့သည်။
ထိုမြစ်ကား ” ချင်းတွင်း” ။
အလယ်
ကျွန်တော်သည် ချင်းတွင်းမြစ်အထက်ဒေသ ခန္တီးမြို့၌ မွေးဖွားကြီးပြင်းခဲ့ သည်။ မီရိုးဖလာလုပ်ငန်းဖြစ်သော ကုန်သည်လုပ်ငန်းကို လုပ်ကိုင်သည်။ ကုန်သည်ဆိုသော်လည်း ဆိုင်ဖွင့်ပြီးရောင်းရသော ကုန်သည်မဟုတ်။ မြစ်ရိုးတစ်လျှောက် လှုပ်ရှားသွားလာပြီး အချိန်အခါအလိုက် အကျိုးအမြတ်ရှိသော ပေါ် ကုန်သီးနှံများကို ဝယ်ယူရောင်းချခြင်းဖြစ်သည်။ နွေအခါ၊ ဆောင်းအခါတို့တွင်သာ လုပ်နိုင်ပြီးမိုးတွင်း၌ အလုပ်ပါးသွား တတ်သည်။ ထိုဥတုများတွင် ဆောင်းအကုန်နွေအကူးသည် ကျွန်တော်တို့ လုပ်ငန်းအတွက် အကောင်းဆုံးအချိန် ပင်ဖြစ်သည်။ သီးနှံတွေပေါ်ပြီး ဈေးအတက်အကျအလိုက် လေ့လာပြီး ဝယ်ယူ ရောင်းချခြင်းများ ပြုလုပ်သည်။ ပြီးခဲ့ သောနှစ်က အရောင်းအဝယ်မဆိုးပါ။ အထက်အောက် နှစ်ခါသုံးခါလောက် စုန်ဆန်လုပ်ကိုင်ပြီးချိန်တွင် တစ်ရာသီစာလောက် အကျိုးအမြတ်ရလိုက်သည်။
ယခုလည်း နွေဦးရောက်ပြီ။ ရာသီကုန်သီးနှံများလည်း လှိုင်လှိုင်ထွက်ချိန် ရောက်ပြီဖြစ်သည်။ ကျွန်တော့်စီးပွား ရေးလုပ်ငန်း စတင်မည့်အချိန်ဖြစ်၍ ပြက္ခဒိန်ကြည့်ပြီး တစ်ရက်နှစ်ရက် အတွင်း ခရီးစတင်ရန်ဆုံးဖြတ်ခဲ့သည်။ သွားမည့်နံနက်စောစော သင်္ဘောဆိပ် သို့ရောက်ခဲ့သည်။ ယခုရက်ပိုင်း ရာသီ ဥတုသာယာပြီဖြစ်သဖြင့် ခရီးသွားလာ သူများပြားနေသည်။ မိမိနှင့် တပည့် တစ်ဦးသင်္ဘောအပေါ်ထပ်တွင် နေရာယူကြသည်။ နွေဦးရာသီရောက်ပြီဖြစ်၍ ခရီးသွားများနှင့် ကုန်စည်များသယ်ယူ မှုအထူးများပြားနေသည်ကို တွေ့ရ သည်။
သင်္ဘောက နှစ်ထပ်ဖြစ်သည်။ အပေါ်ထပ်တွင် ခရီးသည်အချို့နှင့် တပ်မတော်မှ ရဲဘော်အချို့သင်္ဘောအလယ် တွင်သီးသန့်စုစုစည်းစည်း နေရာယူထားကြသည်။ ခန့်မှန်းစစ်သည် ၃ဝ ခန့် ရှိမည်ထင်သည်။ ဝန်စည်စလယ် စစ်လက်နက်ပစ္စည်းများနှင့် စနစ်တကျ နေရာချထားသည်ကို တွေ့ရသည်။ သူတို့သည် ရှေ့ တန်းတာဝန်ထမ်းဆောင်ရာမှ နောက်တန်းသို့ ပြန်ကြမည့်သူများ ဖြစ်သည်ဟုသိရသည်။ အဖွဲ့လိုက်ထိုင် နေကြပြီး စကားပြောသူကပြော၊ လဲလျောင်းလျက်နေသူတို့ကလဲလျောင်း နေကြသည်။ ရာသီဥတုကလည်း သာယာနေပါသည်။ သင်္ဘောတစ်ခုလုံး ခရီးသွားများနှင့် စည်ကားဆူညံနေသည်။ သင်္ဘောစထွက်တော့ မြူနှင်းကွဲစ နေခြည်ဖြာစအချိန်ဖြစ်သည်။ အစုန်ခရီးဖြစ်၍ သင်္ဘောက ညင်သာစွာခုတ် မောင်းခဲ့သည်။ ပတ်ဝန်းကျင်ခြောက်သွေ့လျက် ချင်းတွင်းမြစ်၏ သဘာဝအလှအပများက ပေါ်လွင်နေသည်။ ဝန်းကျင်ဝဲယာရှုခင်းများကို ကြည့်မဝနိုင် ဖြစ်နေသည်။ မော်လိုက်တွင် ခေတ္တနား ၍ ခရီးသည်နှင့် ကုန်စည်များကိုတင်ပြီး ဆက်လက်ထွက်ခွာသည်။
အဆုံး
ကြေညာထားခြင်းမရှိသော ရာသီဥတုသည် ချက်ချင်းအမှတ်မထင် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်တစ် ခုလုံး မိုးတိမ်တိုက်များ ဖုံးလွှမ်းအုံ့ဆိုင်းပြီး မည်းမှောင်သွားသည်။ ခရီးအတော်လေးသွားမိရာတွင် လေပြင်းပါ, ပါလာသည်။ မိုးတွင်းကာလမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာချလိုက်သည်။ လေကလည်း ကြမ်းလာသည်။ သင်္ဘောကြီး ယိမ်းထိုးနေပြီ။ သင်္ဘောကို ဂရုစိုက်မောင်းနေရသည်။ ခရီးသည်အချို့ မိုးဒဏ်လေဒဏ်ကို ကြောက်ပြီး အော်ကြ ဟစ်ကြနှင့် ဆူညံစွာဖြင့် ဟိုရွှေ့ဒီပြောင်း လုပ်နေကြသည်။ သင်္ဘောက လူများ များရှိသည့်ဘက်သို့ တိမ်းစောင်းသွား သည်။ စောင်းလိုက်တည့်လိုက်နှင့် လှုပ်နေသည်။ ကျွန်တော်ပင် ကြောက်စိတ် ဝင်ခဲ့သည်။ သင်္ဘောမငြိမ်မသက်ဖြစ်ပြီးနောက် အလေးချိန်များရာဘက်သို့ တိမ်းစောင်းမှောက်သွားနိုင်သည်။ လွန်ခဲ့သော နှစ်များစွာက ရန်ကုန်မြစ်အတွင်း ‘တိုးအေး’သင်္ဘော နစ်မြုပ်ရာတွင် ခရီး သည်များ လေဒဏ်မိုးဒဏ်ရှောင်ရင်း တစ်ဘက်စောင်းနင်းဖြစ်ကာ တိမ်း မှောက်သွားခဲ့သည်ကို မှတ်သားခဲ့ဖူး သည်။
ယခုလည်း ဤကဲ့သို့ အခြေအနေ ဖြစ်နေသည်။ ခရီးသည်များက မိုးဒဏ်လေဒဏ် ကာကွယ်ရင်း လှုပ်ရှားနေသ ဖြင့် သင်္ဘောက မငြိမ်မသက်ဖြစ်နေသည်။ ထို့အချိန်တွင် ကျွန်တော့်ရှေ့၌ ရှိ သောအမိမြေမှ စစ်သားများက သူတို့ အရာရှိ၏ အမိန့်အတိုင်းထိုင်နေကြ သည်။ သူတို့အထက်အရာရှိက စစ်သား များ မိမိတို့လက်ရှိနေရာများမှ လုံးဝမ ဖယ်ရှား၊ မလှုပ်ရှားရန် အမိန့်ပေးထားသည်။ စစ်သားများကလည်း အမိန့်အ တိုင်း ထိုင်နေကြသည်။ နေရာက မရွှေ့ကြ။ သင်္ဘောမတိမ်းစောင်းရန် မလှုပ်ရှားကြဘဲ အမိန့်အတိုင်း လိုက်နာနေကြ သည်။ တဖြည်းဖြည်းနှင့် မိုးလေက ငြိမ်ကျသွားသည်။ မိုးတွင်းကာလလည်း မဟုတ်သဖြင့် ခေတ္တခဏသာ ရာသီဥတု ဖောက်ပြန် လှုပ်ရှားခြင်းဖြစ်သည်။ သင်္ဘောကြီးမှာတော့ ခရီးစဉ်အတိုင်း ဆက်လက်စုန်ဆင်းခဲ့ရာ လိုရာခရီးသို့ ချောမောစွာရောက်ခဲ့လေသည်။
ကျွန်တော် စဉ်းစားကြည့်သည်။ ရာသီဥတုဆိုးရွားချိန်တွင် စစ်သားများသည် ထိုအချိန်ထိုနေရာ၌ ခရီးသည် များကဲ့သို့ စိုးရိမ်လွန်ကဲစွာလှုပ်ရှား သွားမည်ဆိုပါက သင်္ဘော၏အခြေ အနေ တစ်မျိုးတစ်မည်ပြောင်းလဲသွား နိုင်သည်။ စစ်သည်များ ယခုကဲ့သို့ မလှုပ်မရှား တည်ငြိမ်စွာနေထိုင်ခြင်းက သင်္ဘော မမှောက်စေမည့် အချက် တစ်ချက်ဖြစ် မည်ထင်သည်။ လိုက်ပါ လာသော ခရီးသည်အားလုံး မုံရွာသို့ ရောက်သောအခါ ဆင်းသွားကြသည်။ စစ်သည်တစ်ဖွဲ့လုံးလည်း ဆင်းသွား သည်။ အချိန်တန်တော့ အိမ်ပြန်ရတာပဲ မဟုတ်ပါလား။
ကိုကြီးဆွေ