နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအနေနဲ့ မဟာအောင်မြေမြို့ နယ်လွှတ်တော်ကိုယ်စားလှယ်များဖလား ရပ်ကွက်ပေါင်းစုံဘောလုံးပွဲကျင်းပ

လူငယ်မျိုးဆက်သစ် အားကစားသမားကောင်းတွေ ပေါ်ထွက်လာရေးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ မဟာအောင်မြေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား၊ ရပ်ကွက်ပေါင်းစုံ အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့တာလို့ မဟာအောင်မြေ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား ကျင်းပရေးကော်မတီမှ ဒုတိယဥက္ကဌ ဦးအုန်းငွေက ပြောပါတယ်။ “ ရည်ရွယ်ချက်ကတော့ လူငယ်အားကစားသမားကောင်းတွေ ပေါ်ထွန်းလာရေးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃နှစ်မြောက်မွေးနေ့ နဲ့ အချိန်ကိုက်ပြီး ပြုလုပ်ဖြစ်တာပါ” လို့ ဦးအုန်းငွေက ပြောပါတယ်။
ဇွန်လ၁၉ရက် ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ် အားကစားကွင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ
ဖလား ၊ ရပ်ကွက်ပေါင်းစုံ အသက်၂၁နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ပွဲ
အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ဒီအခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ မဟာအောင်မြေမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်ကွက် ၁၈ရပ်ကွက်မှ ဘောလုံးပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဘောလုံးပြိုင်ပွဲတွေကို မေလ ၂၆ရက် က စတင်ကျင်းပခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၈ရပ်ကွက် က ဘောလုံးချစ်သူတွေ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဇွန်လ ၁၉ရက်မှာတော့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို တက်ရောက်ခဲ့တဲ့ စိန်ပန်းရပ်ကွက်နဲ့ သံလျှက်မှော်အနောက် တို့ ယှဉ်ပြိုင်ရာမှာ ဒေသခံပြည်သူ ၁သောင်းကျော် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
မဟာအောင်မြေမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးငြိမ်းသစ်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဖလား ဘောလုံးပြိုင်ပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ အခုလို ပြောပါတယ်။ ” ဒီဘောလုံးဆိုတဲ့အားကစားက တစ်နိုင်ငံလုံးတစ်ကမ္ဘာလုံးကစိတ်ဝင်စားမှုအရှိဆုံးအာရုံစူးစိုက်မှု အမြင့်တက်ဆုံးဖြစ်တယ်။ အားကစားကိုလူငယ် မျိုးဆက်သစ်တွေပါဝင်လာပြီးတော့ မြန်မာနိုင်ငံရဲ့ အားကစား ထွန်းကားလာဖို့လိုတယ်။ လူငယ်တွေ ကျန်းမာကြံခိုင်ပြီးစိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ဖို့ နောက်ပြီးတော့သူတို့ရဲ့ အကျင့်စာရိတ္တထိန်းသိမ်းနိုင်ဖို့ အတွက် ဒီအားကစားနဲ့ သွားဖို့လိုတယ်။ နောက်အားကစားလုပ်မှသာ သူ့တို့ရဲ့ ခန္ဓာကိုယ်တွေ ကြံ့ခိုင်သန်စွမ်းပြီးတော့ ဥာဏ်ရည်မြင့်မားလာမယ်။ တိုင်းပြည်ဂုဏ်ဆောင်နိုင်တဲ့အားကစားသမားကောင်းတွေပေါ်ထွက်လာမယ်။ ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်များဖလားဆိုပြီးလုပ်ဖြစ်တာပါ။” လို့ ဦးငြိမ်းသစ်က ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ဂုဏ်ပြုကာ လွှတ်တော်ကိုယ်စားလှယ်များဖလား ဆိုပြီး ပြုလုပ်တာကြောင့် နိုင်ငံရေးအနှစ်သာရအရ ရပ်ကွက်ပေါင်းစုံပါဝင်လာပြီး အခုလို စည်ကားတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ယခု ကျင်းပတဲ့ အခမ်းအနားကို မဟာအောင်မြေမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဟာအောင်မြေမြို့နယ် အား/ကာ အဖွဲ့ချုပ်နဲ့ မဟာအောင်မြေမြို့နယ် ပြည်သူတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မဟာအောင်မြေမြို့နယ် အား/ကာ အဖွဲ့ချုပ် က ၂၁နှစ်အောက်ဘောလုံးပြိုင်ပွဲမှ ထွက်ပေါ်လာတဲ့ အလားအလာရှိတဲ့ မျိုးဆက်သစ်အားကစားသမားတွေကို ရွေးချယ်ကာ မြို့နယ်လက်ရွေးစင်ဖြစ်ဖို့ လေ့ကျင့် ပျိုးထောင်ပေးသွားမှာ ဖြစ်တယ်လို့ လည်း ဦးငြိမ်းသစ်က ပြောပါတယ်။

သတင်း – သက်ခိုင်ဦး

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်