“မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ နိုင်ငံတော်သမ္မတရုံးထုတ်ပြန်”

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတင်းပေးတိုင်ကြားနိုင်တဲ့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၂၂ ရက်က ဖွဲ့စည်းခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်မှာတော့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနရဲ့ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်နဲ့ အီးမေးလ်လိပ်စာတွေကို ပြည်သူတွေသိရှိစေဖို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်သူတွေအနေနဲ့ အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ နဲ့ အီးမေးလ်လိပ်စာ antinarcotics@presidentoffice.gov.mm သို့ လုံခြုံစိတ်ချစွာတိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းနိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပြည်သူတွေရဲ့ပါဝင်မူကိုမြင့်တင်ဖို့ ဆုငွေချီမြှင့်ရေးအစီအစဉ်တွေ၊ အကာအကွယ်ပေးရေး အစီအမံတွေ၊ သတင်းအချက်အလက်လုံခြုံရေးစနစ်တွေကို အရှိန်အဟုန်မြင့်တင်ဆောင်ရွက်နေတယ်လို့ ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့၊ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပြောကြားခဲ့ပါတယ်။
သတင်းပေးပို့သူတွေနဲ့ ပေးပို့လာတဲ့ သတင်းအချက်အလက်တွေရဲ့ လုံခြုံမှုကို အထူးဂရုပြုတဲ့အနေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ စပ်လျဉ်ပြီး သတင်းပေးပို့တိုင်ကြားနိုင်တဲ့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနတစ်ခုကို နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားပြီးဖြစ်ကာ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်တာတွေလက်ဝယ်ထားရှိ သယ်ဆောင်တာတွေ ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားတာတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူပြစ်ဒဏ်ချမှတ်နိုင်ဖို့ နဲ့ ကွင်းဆင်းဖော်ထုတ်နိုင်ဖို့ ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုတွေမဖြစ်ပေါ်နိုင်စေဖို့ ဗဟိုအဖွဲ့ရဲ့ တိုက်ရိုက်ကွပ်ကဲ ကြပ်မတ်မှုအောက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ကို သီးခြားဖွဲ့စည်းထားတယ်လို့နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

“သတင်းတိုင်ကြားသူတွေရဲ့ တိုင်ကြားမူ၊ ဗဟိုမှာဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ဖော်ထုတ်ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ်အရေးယူမှုတွေ ထိထိရောက်ရောက်ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင်ပိုင်ဆိုင်မှုတွေကို သတင်းပေးတိုင်ကြားသူ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျှောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမှာဖြစ်ပါတယ်။ သတင်းပေးတိုင်ကြားနိုင်သူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးရာမှ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာမဟုတ်သလို့ နိုင်ငံတော်ရဲ့ချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်” လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကဆိုပါတယ်။

၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမိသည့် အမှုပေါင်း ၁၃၆၄၀ မှု ရှိခဲ့ပြီး မူးယစ်ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့မီးရှို့ဖျက်ဆီးမှုမှာ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၅၂၀၀၀ဝရှိခဲ့တယ်လို့သိရပါတယ်။
ဧပြီ ၁ ရက်မှ ဇွန် ၁၉ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမိတဲ့အမှုပေါင်း ၂၂၄၁ မှု ရှိခဲ့ကာ မူးယစ်တရားခံ ၃၁၇၅ ဦးကို အရေးယူခဲ့တယ်လို့လည်းသိရပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်