ဦးရဲလွင်(မဇ္စျိမလှိုင်း) အသည်းရောဂါဖြင့် ကွယ်လွန်

ဦးရဲလွင်(မဇ္စျိမလှိုင်း) ဟာ အသည်းရောဂါနဲ့ ရန်ကုန်ဆေးရုံသစ်ကြီး ကုတင်ငါးရာ ဆေးရုံမှာ ဒီကနေ့ ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီ ၁၀မိနစ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၅ ရက်နေ့ကတည်းက ဆေးရုံမှာတက်ရောက်ပြီးဆေးကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။ ဦးရဲလွင်နဲ့ အတူ ငယ်စဉ်ကတည်းက ဂီတဖန်တီးမှုတွေ အတူပြုလုပ်ခဲ့တဲ့ ဦးသားထွေးကတော့ ဦးရဲလွင်ကွယ်လွန် သွားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျွန်တော်ငယ်ငယ်ကတည်းက သူနဲ့ အတူသွားလာလှုပ်ရှားပြီး နေခဲ့ရတော့ အခုချိန်မှာ ဘာပြောရမှန်းကို မသိတော့တာ” လို့ ဆိုပါတယ်။ ဦးရဲလွင် ရဲ့ရုပ်အလောင်းကို ၅ရက်ထားရှိမည်ဖြစ်ပြီး ဂူသွင်းသဂြိုလ်ဖို့ သူ့မိသားစုက အကြမ်းဖျဉ်းစီစဉ်ထားကာ ဒီနေ့ ည ထပ်မံဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဦးသားထွေးက ဆိုပါတယ်။ ကိုတိုးလွင် (ဥတ္တရအလင်း) ကလည်း “ကျွန်တော်တို့ ၂၀၀၇ ရွှေဝါရောင်က စပြီး လှုပ်ရှားမှုတွေ စလုပ်ခဲ့တယ်။ နာဂစ်မှာလည်း လူမှုရေးလုပ်ရှားမှုတွေ လုပ်ခဲ့တယ်။

 
နောက်ပိုင်းမှာ ပန်းရဲ့လမ်း ကို ဖွဲ့စည်းခဲ့ပြီး စစ်ဘေးရှောင်ဒေသတွေကို ကူညီမှုတွေပြုလုပ်ခဲ့ ကြတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ၊ NLD ပါတီအောင်နိုင်ရေးလှုပ်ရှားမှုတွေ အတူလုပ်ခဲ့ကြတာရှိတယ်။ ဦးရဲလွင် ကွယ်လွန်တာဟာ နိုင်ငံရေးနယ်ပယ်မှာရော၊ ငြိမ်းချမ်းရေးနယ်ပယ်မှာရော၊ အနုပညာနယ်ပယ်မှာရော ဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်တာပါပဲ” လို့ ဆိုပါတယ်။ တေးရေး ၊ တေးဆို ၊ ဘေစ့်ဂီတ ပညာရှင် ကိုရဲလွင် (မဇ္စျိမလှိုင်း) ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပါတယ်။


ဖခင်ဖြစ်သူ ဦးမောင်မောင်(စက်ရှင်တရားသူကြီး) ၊မိခင်ဖြစ်သူ ဒေါ်ကြိုင်တို့မှမွေးဖွားခဲ့သူဖြစ်ကာ မွေးချင်းမောင်နှမ ၁၀ ယောက်မှာ သူက ရှစ်ယောက်မြောက်သားဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဘုရားရှိခိုးကျောင်းတွေမှာ သီချင်းသီဆိုတာတွေ ခရစ်စမတ် ကာလတွေမှာ ဖိတ်ကြားထားသော အိမ်တွေ သို့ သီချင်းတွေ လှည့်လည် သီဆိုခဲ့တာတွေကြောင့် ဂီတကို ချစ်မြတ်နိုးသော စိတ် သူ့မှာ သန္ဓေတည်ခဲ့ပါတယ်။ ဆယ်တန်းအောင် သောအခါ ရန်ကုန်စက်မှုတက္ကသိုလ် RIT မှာ Electronic အထူးပြု ဘာသာရပ်နဲ့ တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ် တက်နေဆဲ အချိန်မှာ E.Machine တီးဝိုင်းတွင် Bass ဂစ်တာသမားအဖြစ် သူပါဝင် တီးခတ်ခဲ့ပါတယ်။ RIT မှာ နောင်တစ်ချိန် မဇ္ဈိမလှိုင်း အဖွဲ့သားတွေ ဖြစ်လာမယ့် တေးသံရှင် ခင်မောင်တိုး၊တေးရေး မောင်မောင်တို့နဲ့ သူသိကျွမ်းခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ ဦးမောင်မောင် (အဥ္စလီ) ဦးရဲလွင် (ဘေစ့်) တို့ဟာ မဇ္ဈိမလှိုင်း ဆိုတဲ့ ဂီတသင်တန်းကို မန္တလေး မှာစတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ မဇ္ဈိမလှိုင်း အဖြစ်စတင်ဖွဲ့စည်းခဲ့ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပွားတဲ့ အချိန်မှာ သူပါ၀င်ခဲ့တဲ့ ကဗျာ ၊ သီချင်း ၊ ပန်းချီ အဖွဲ့နဲ့ အတူ နာဂစ်မုန်တိုင်း ဒဏ်ခံစားရတဲ့ ဒေသတွေကို သွားရောက်ပြီး ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးလှုပ်ရှားမှုတွေမှာလည်း ပါ၀င်ခဲ့ပါတယ်။ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ ဂီတဖျော်ဖြေရေး အဖွဲ့ကို ၂၀၁၂ ခုနှစ် မေလမှာ သူအပါအဝင် ကိုသားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) တို့နှင့် စုပေါင်း၍ ဖွဲ့စည်းခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေ ကို အကူအညီ ပေးနိုင်ဖို့ အတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ နဲ့ အလှူငွေကောက်ခံပြီး ရန်ပုံငွေ ရှာဖွေခဲ့ပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် သူတတ်ကျွမ်းတဲ့ ဂီတအနုပညာနဲ့ တစ်ဖက် တစ်လမ်းမှ ကူညီပေးခဲ့တဲ့ အတွက် ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုတွေ က ဂုဏ်ပြုပေးအပ်တဲ့ ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများပေးအပ်ပွဲမှာ ဦးရဲလွင် ဟာ ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။
မေရည်ငြိမ်းချမ်း

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်