နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် ( ထိုအချိန်ကသမ္မတတာဝန်ထမ်းဆောင်နေသူ)အားဆဲဆိုခဲ့သူနှစ်ဦးကို မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်တရားရုံး ဒုမြို့နယ်တရားသူကြီးမှ တစ်ဦးကို ဒဏ်ငွေ ငါးသောင်းကျပ်ဒဏ်ငွေပေး ဆောင်စေပြီး တစ်ဦးကို အပြီးအပြတ်လွှတ်ပေးခဲ့မှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူနှင့် မိသားစု ဝင်များက ကျေနပ်မှုမရှိ၍ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်ကြီး တံခွန်မြို့နယ်တရားရုံးသို့ ဆန္ဒထုတ်ခဲ့ကြကြောင်း သိရသည် ။
“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကို ဆဲဆိုတဲ့အမှုမှာ တစ်ယောက်ကို ဒဏ်ငွေ ငါးသောင်းတပ်ရိုက်ပြီး တစ်ယောက်ကို အပြီးအပြတ်လွှတ်ပေးလိုက်တဲ့အတွက် အခုလို ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ပါတယ် ကျွန်တော်တို့နိုင်ငံတော်ခေါင်းဆောင်တွေကို ဒီလောက်ပဲပြစ်ဒဏ်ပေး နေမယ်ဆိုရင် နောက်နှောင်ကိုလည်း ကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေကို ဒီလိုပဲလွယ်လွယ် စော်ကားလို့ရတယ်ဆိုတာထင်မှတ်သွားကြမှာစိုးလို့ အခုလိုဆန္ဒထုတ်ဖော်ခဲ့တာပါဟု ´´ မိသားစု ဝင်တစ်ဦးဖြစ်သူ ဦးဇော်လင်းက ပြောသည် ။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သဖန်းကုန်းရပ်ကွက်နေ ဦးစော၏ သားနှစ်ဦးဖြစ်သည့် ဦးစိုးဦးနှင့် ဦးစိုးညွန့်တို့ပိုင် လယ်မြေ ၁၃ ဧကကျော်အား ၁၉၉၂ – ၁၉၉၃ ခုနှစ်က မြို့ရာစီမံကိန်း အကောင် အထည်ဖော်ရန်အတွက်ဟုဆိုကာ သိမ်းယူသွားခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်ခဲ့သည့်တိုင် စီမံကိန်း ဖော်ဆောင်ခြင်းမရှိသဖြင့် ပလပ်နေသည့်မြေ ၃ ဧကကျော်ပေါ်တွင် ၄င်းတို့ညီအစ်ကိုနှစ်ဦးက နေထိုင်စရာမရှိသဖြင့် အိမ်ယာဆောက်လုပ်နေထိုင်နေခဲ့ကြရာမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ၄င်းတို့ညီအစ်ကိုနှစ်ဦးကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စျေးနှင့်သားသတ်ဌာနခွဲမှုး ဗိုလ်မှုး သန်းဇော်ထွန်းက တရားလိုပြုလုပ်၍ ပုဒ်မ ၄၄၇ ဖြင့်တရားစွဲဆိုခဲ့ရာ ၂၀၁၈ ခုနှစ် မေလ ရ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဒုမြို့နယ်တရားသူကြီးက ၄င်းတို့ညီအစ်ကိုနှစ်ဦးအား ထောင်ဒဏ် ၂ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည် ။
ယင်းအပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စျေးနှင့်သားသတ်ဌာနမှ ဝန်ထမ်း တစ်ဦးဖြစ်သူ ဦးလကျ်ာဆိုသူနှင့် ၄င်း၏ဇနီးဖြစ်သူဒေါ်မိုးမိုးဆိုသူ တို့သည် ၂၀၁၆ ခုနှစ် နိုဝက်ဘာလ ၅ ရက်နေ့က ပြန်လည်ဝင်ရောက်လာပြီး ညီအစ်ကိုနှစ်ဦးမိသားစုနေထိုင်နေသည်ကို ဆက်လက် နှင်ထုတ်ခဲ့ရာ ၄င်းမိသားစုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီးတို့ထံ ၄င်းတို့ပိုင်ဆ်ုင်မှုအထောက်အထားများ တင်ပြထားကြောင်း ပြောဆိုရှင်းလင်း ပြခဲ့သည်ကို ဦးလကျ်ာနှင့် ဇနီးဖြစ်သူ ဒေါ်မိုးမိုးတို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးထင်းကျော်အား ညစ်ငြမ်းစွာ ဆဲရေးတိုင်းထွာ ခဲ့ကြောင်း ယင်းညီအစ်ကိုနှစ်ဦး၏ မိသားစုဝင်များက ပြောသည်။
ယင်းသို့့ဆဲဆိုခဲ့မှုနှင့်ပတ်သက်၍ ဦးစိုးဦးက တရားလိုပြုလုပ်၍ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ပုဒ်မ ၂၉၄/၅၀၆ ဖြင့်တရားစွဲဆိုခဲ့ရာ အဆိုပါတရားရုံးမှ ဒေါ်မိုးမိုးအား ဒဏ်ငွေ ငါးသောင်းကျပ် ဒဏ်ငွေတပ်ရိုက်ခဲ့ပြီး ဦးလကျ်ာ ကို ပြစ်ဒဏ်မှ အပြီးအပြတ်လွှတ်ပေးခဲ့ကြောင်း အဆိုပါ မိသားစု ဝင်များက ပြောသည် ။
ကေဝိုင်
