နန်းယွန်းမြို့မှာ သံသယ ရာသီတုတ်ကွေးရောဂါကြောင့် သေဆုံးမှုဖြစ်ခဲ့တဲ့အတွက် ကျန်းမာရေးအဖွဲ့ကွင်းဆင်း

နန်းယွန်းမြို့နယ်၊ လန်သန်းကျေးရွာမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာတွေဖြစ်ပေါ်ပြီး ကလေး ၃ ဦး သေဆုံး ခဲ့တဲ့အတွက် နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှ်ိသူတွေ ကွင်းဆင်း ဆေးကုသမှု ပေးခဲ့ တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၅ ရက်ကနေ ၂၆ ရက်နေ့အထိ လန်သန်းကျေးရွာမှာ ရာသီတုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင်ရောဂါ လက္ခဏာတွေနဲ့ ကလေးငယ် ၃ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီကျေးရွာထဲက အသက် သုံးလကနေ အသက် ၅ဝ နှစ်ထိ ရှိတဲ့ ရာသီတုပ်ကွေးရောဂါ လက္ခဏာရှိသူ လူနာ ၆၄ ဦးကို ဆေးကုသမှုတွေ ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကွင်းဆင်းအဖွဲ့က ယာယီဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသမှုပေးတာတွေ၊ လူနာတွေနေထိုင်ရာ လန်သန်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေဆီ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလို ကွင်းဆင်းဆောင်ရွက်နေချိန်မှာ ပြင်းထန် အဆုတ်ရောင်ရောဂါ ဖြစ်ပွားတဲ့ ကလေးလူနာတွေ ထပ်မံတွေ့ရှိခဲ့တာကြောင့် လဟယ်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ကလေးငယ် တစ်ဦး၊ နန်းယွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကလေးငယ် နှစ်ဦး စုစုပေါင်း သုံးဦး လွှဲပြောင်းကုသစေခဲ့ရာ ပြင်းထန်အဆုတ်ရောင် ရောဂါနဲ့ လဟယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသခဲ့တဲ့ အသက် ၁ နှစ် ၃ လ အရွယ်ကလေးတစ်ဦး စက်တင်ဘာ ၂ ရက်နေ့က သေဆုံးခဲ့ပါတယ်။

ကွင်းဆင်းအဖွဲ့ရဲ့ တွေ့ရှိချက်အရ အခုဖြစ်စဉ်မှာ သေဆုံးသူ ကလေးငယ်တွေက အသက် ၂၈ ရက်ကနေ အသက် ၁ဝ နှစ်အတွင်း ရှိပြီး၊ နေထိုင်ရာ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေ ဖြစ်ပါတယ်။

အဲဒီ ခက်ခဲဒေသတွေမှာ ၂ဝ၁၇ ခုနှစ်က ရမ်စီကျေးလက်ကျန်းမာရေးဌာန၊ ရှမ်ဟဲနုတ်ညိုကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် လန်သန်းကျေးရွာရှိ အသက် လေးနှစ်အောက်ကလေး ၈၃ ဦးကို ငါးမျိုးစပ်ကာကွယ်ဆေး ပထမအကြိမ်မှာ ရ၉ ဦး (၉၆ ရာခိုင်နှုန်း)၊ တတိယအကြိမ်မှာ ၂၇ ဦး (၃၃ ရာခိုင်နှုန်း) နဲ့ ပေါ်ကွန်ကျေးရွာရှိ အသက် လေးနှစ်အောက်ကလေး ၁ဝ၇ ဦးကို ငါးမျိုးစပ်ကာကွယ်ဆေး ပထမအကြိမ်မှာ ၉၇ ဦး (၉၁ ရာခိုင်နှုန်း) နဲ့ တတိယအကြိမ်မှာ ၁၅ ဦး (၁၄ ရာခိုင်နှုန်း) သာ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်