ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် အပါအဝင် ဥပဒေအရာရှိ ၃ ဦးနဲ့ ဒုတိယခရိုင်တရားသူကြီးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထား

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တရားခံတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှု ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုတဲ့ အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။

အဲဒီလို စုံစမ်းစစ်ဆေးရေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုတဲ့ကိစ္စမှာ တရားလိုပြသက်သေတွေကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံတွေကို ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေတွေက ထွက်ဆိုနိုင်ခြင်းမရှိဆိုတဲ့ အခြေအနေဖြစ်ပေါ် အောင်ဖန်တီးကာ တရားခံတွေရဲ့ မိဘတွေဆီက လာဘ်ငွေနဲ့ တံစိုးလက်ဆောင်တွေရယူခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးက ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင် (ဥ/၂၃၉၀)၊ ဒေါ်သစ်သစ်ခင်ရဲ့ တင်ပြချက်ကို ဆက်လက်စိစစ်ရာ သေချာစွာစိစစ်ခြင်းမပြုဘဲ တရားခံသန်းထွဋ်အောင်ရဲ့ဖခင် ဦးခင်မောင်လေးဆီက လာဘ်ငွေနှင့်တံစိုး လက်ဆောင်တွေရယူပြီး ထောက်ခံတင်ပြခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး (ဥ/၂၄၄၃)၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် (ဥ/၁၈၄၆) တို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်အရေးယူထားသလို၊ ဒေါ်သစ်သစ်ခင်က စတင်ပြီး အဆင့်ဆင့် စိစစ်တင်ပြလာတဲ့ အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်မိန့် ချမှတ်ရာမှာ ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်ရဲ့ဖခင် ဦးခင်မောင်လေးဆီက လာဘ်ငွေနှင့် တံစိုးလက်ဆောင်ရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အမှုဖွင့်အရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စက်တင်ဘာလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်သစ်သစ်ခင် တင်ပြတဲ့ အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာမှာ တရားခံသန်းထွဋ်အောင်ရဲ့ ဖခင် ဦးခင်မောင်လေးထံက လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံတွေကို တရားရှင်လွှတ်ခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည် (တ/၂၄၃၇) အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်အရေးယူထားပြီး၊ အမှုစစ်အဖြစ်ဆောင်ရွက်ရာမှာ ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိတဲ့အပြင် ရာထူးတာဝန်ကို အလွဲသုံးစားပြပြီး တစ်စုံတစ်ရာကိုပြုလုပ်ဖို့အတွက် တရားခံသန်းထွဋ်အောင်ရဲ့ ဖခင်ဆီက လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့တဲ့ လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်အရေးယူထားပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် အပါအဝင် ဥပဒေအရာရှိ ၃ ဦး၊ ဒုတိယခရိုင်တရားသူကြီးနဲ့ ရဲအရာရှိတို့ကို သုဝဏ္ဏနယ်မြေရဲစခန်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်