သတင်းထုတ်ပြန်ချက် ရန်ကုန်မြို့တော်အတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်နေမှုများ အဆုံးသတ်ပြီ

ရန်ကုန် ၊ အောက်တိုဘာ ၃ ။ ။ ရန်ကုန်မြို့တော်အတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်နေမှုများအား အပြီးသတ် တိုက်ဖျက်တော့မည်ဖြစ်ကြောင်း ကြေညာချက်​ကို ခရိုင်နှင့် မြို့နယ်အသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရောင်းဝယ်နေမှုများကို ချက်ချင်း အဆုံးမသတ်ပါက ရောင်းဝယ်သူများကို ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။

“ရန်ကုန်က အရှေ့တောင်အာရှဒေသတွင်းမှာ ‘ တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုကင်းမဲ့တဲ့ ‘ ပထမဆုံးမြို့တော်ကြီးတစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ ပူးပေါင်းပြီး စျေးကွက်တွေနဲ့ အရောင်းဆိုင်တွေအနေနဲ့ ဒီအစီအစဉ်ကို သိအောင် ပြည့်စုံလုံလောက်တဲ့ အသိပညာပေးလုပ်ငန်းတွေနဲ့ အသိပေးသွားပြီး သူတို့အနေနဲ့လည်း သဘောတူလက်ခံပြီး ရောင်းချနေတာကို အဆုံးသတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ဥပဒေနဲ့ အညီအရေးယူသွားမှာပါ။ “ ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ
ညွှန်ကြားရေးမှုး ဦးသိန်းတိုးကပြောကြားခဲ့သည်။

ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များမှ ထုတ်လုပ်သော ပစ္စည်းများအား ရောင်းချခြင်းသည် ၁၉၉၄ ခုနှစ်ကတည်းက တရားမဝင်လုပ်ငန်းဖြစ်ခဲ့သော်လည်း ဥပဒေစိုးမိုးမှုလုပ်ငန်းမှာမူ အားနည်းနေခဲ့သည်။ယခုနှစ် မေလအတွင်းက ဇီဝမျိုးစုံ မျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ကာကွယ်ထားသော တိရစ္ဆာန် သို့မဟုတ် CITES ကွန်ဗင်းရှင်းအောက်တွင် ကာကွယ်ထားသောသော တိရစ္ဆာန်အား အမဲလိုက်ဖမ်းဆီးခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းအတွက် မဖြစ်မနေ ထောင်ဒဏ်ကျခံရမည့် ပြဌာန်းချက်အသစ်ပါ၀င်လာသည်။

“WWF အနေနဲ့ ရန်ကုန်က အခုလိုမျိုး ခြေလှမ်းသစ်ကို ကြေညာလိုက်တဲ့အပေါ် ဝမ်းသာဂုဏ်ယူပါတယ်။ တိုင်းဒေသကြီးအတွင်း အစိုးရရဲ့ ဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီပေးဖို့လည်း အသင့်ရှိပါတယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ မြန်မာတစ်နိုင်ငံလုံးမှာ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုတွေ ကင်းစင်သွားဖို့ဖြစ်ပါတယ် “ ဟု WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှုး ခရစ္စတီး ဝီလျံက ပြောကြားလိုက်သည်။

ယခုကြေညာချက်သည် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ရောင်းဝယ်မှုပပျောက်ရေးအတွက် အစိုးရဌာနများ ၊ အန်ဂျီအိုများ ၊ စီးပွားရေးလုပ်ငန်းစုများ နှင့် အနုပညာရှင်များ ပူးပေါင်းကြိုးပမ်းခဲ့ကြသည့် “မိုမိုတို့အတွက် ရင်တွင်းစကားသံ” လူထုလှုပ်ရှားမှု စတင်ပြီး (၁၁)လအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
လာမည့် ကြာသပတေးနေ့တွင် ဆင်စွယ်အပါအဝင် ဖမ်းဆီးရမိထားသည့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို ပထမဆုံးအကြိမ်အဖြစ် အစိုးရမှ မီးရှို့ဖျက်စီးသွားမည်ဖြစ်သည်။ လာမည့် ရက်သတ္တပတ်တွင်လည်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လန်ဒန်ကွန်ဖရင့်ကို တက်ရောက်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံ အစိုးရက ကမကထပြု ကျင်းပသည့် အဆိုပါ ကွန်ဖရင့်သည် အစိုးရအဖွဲ့အစည်းများ
ဦးဆောင်ကျင်းပသော တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်မှုဆိုင်ရာ ကွန်ဖရင့်တစ်ခုဖြစ်ပြီး
၂၀၁၄ ခုနှစ် လန်ဒန်တွင် စတင်ကျင်းပခဲ့ကာ ယခုအကြိမ်သည် စတုတ္တအကြိမ်ဖြစ်သည်။ ယင်းကွန်ဖရင့်တွင် ပြည်ထောင်စုဝန်ကြီးအနေဖြင့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုများအား တိုက်ဖျက်နေမှုရဲ့ တိုးတက်မှုအခြေအနေတွေကို ပြသဆွေးနွေးသွားမှာဖြစ်ပြီး သစ်တောရဲတပ်ဖွဲ့ ၊ အကောက်အခွန်ဦးစီးဌာန နှင့် ရှေ့နေချုပ်ရုံးတို့ အပါအဝင် နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေစိုးမိုးရေး လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့် အနာဂတ်အစီအစဉ်များကိုလည်း တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်