တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာကို ဇွန်လ ၅ ရက်နေ့၊ နေ့လည် ၂ နာရီ အချိန်က ဖွင့်လှစ်ခဲ့ပါတယ်။
စင်တာဖွင့်ပွဲကို တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိုယ်စား ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ရွှေ့ ပြောင်းအလုပ်သမား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဒုတိယဆက်သွယ်ညှိနှိုင်း ရေးအရာရှိတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာအရာရှိများ၊ ထိုင်းနိုင်ငံ၊ ဖန်ငါး အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) မှ လက်ထောက်ဒါရီုက်တာ မအိအိချော နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့အနေနဲ့ကတော့ အခုလို ရွှေ့ပြောင်း အလုပ် သမားအရင်းအမြစ်စင်တာ ဖွင့်လှစ်လိုက်တာ တကယ်ကိုဝမ်းသာမိပါတယ်၊ ကော့သောင်းမြို့က ထိုင်းနိုင်ငံနယ်စပ်နဲ့ နီးစပ်တဲ့မြို့လည်းဖြစ်တယ်၊ အဲဒီအတွက် အခြားမြို့နယ်တွေက လာရောက်လုပ် ကိုင်စားသောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အန္တရာယ်ဖြစ်တဲ့ ခေါင်းပုံ ဖြတ်ခံရတာတွေ၊ ချုပ်နှောင်ပြီး အတင်းအကြပ် ခိုင်းစေခြင်းခံရတာတွေ၊ ရောင်းစားခံရတာတွေ မဖြစ်ပွားရလေအောင်ကော့သောင်း ခရိုင်အတွင်းမှ သက်ဆိုင်ရာတာဝန်ရှိ သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာမှ တာဝန်ရှိသူတွေပူးပေါင်းပြီးကူညီဖြေရှင်းပေးဖို့တောင်းဆိုချင်ပါတယ်” လို့ ကော့သောင်းမြို့မှ ရွှေ့ပြောင်းအလုပ် သမားတစ်ဦးဖြစ်သူ ကိုသန်းဦးကပြောပါတယ်။
သတင်း၊ ဓာတ်ပုံ ▪︎ကိုလူလေး(ကော့သောင်း)