ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်ပို့ဆောင်ရာမှ ယာဉ်တိမ်းမှောက်သေဆုံးပြီး၊ အသက်မသေကျန်ရှိသူများ ထိုင်းနိုင်ငံ ရနောင်းမြို ့မှ ကော့သောင်းသို့ ပြန်လည်ရောက် ရှိလာခဲ့ကြောင်းသိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ချွန်ဖွန်ခရိုင်၊ ချွန်ကထင်မြို ့နယ်၊ အမှတ် (၁၃) ကျေးရွာ၊ အမှတ် (၄၁) အာရှလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ အသက်မသေဘဲ ကျန်ရှိခဲ့ကြသည့် မြန်မာနိုင်ငံသားရွှေ ့ပြောင်းအလုပ် သမားများဖြစ်သည်။
အသက်မသေဘဲ ကျန်ရှ်ိသူ မြန်မာနိုင်ငံသားရွှေ ့ပြောင်း လုပ်သား ၁၇ ဦးအနက် မြန်မာနိုင်ငံသားစီစစ်အတည်ပြုပြီး နိုင်ငံသားအတည်ပြုရရှိသည့် ၁၃ ဦး အား ထိုင်းနိုင်ငံ ရနောင်းဘက်မှ မြန်မာနိုင်ငံ ကော့သောင်းခရိုင်သို့ ပြန်လည်လွှဲပြောင်းပေးခြင်းကို ယနေ့ (ဇွန်လ ၂၇ ရက်) က ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသားရွှေ ့ပြောင်း လုပ်သားများလွှဲပြောင်းခေါ်ဆောင်ရန် ကော့သောင်း လူကုန်တားရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများမှ ရနောင်းမြို ့သို့ သွားရောက်လက်ခံခဲ့ကြကြောင်းသိရသည်။
အဆိုပါ တရားမဝင်ပို့ဆောင်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ဇော်ဦး(ခ) ရဲဇော်ဦးပါ (၁၃) ဦးနှင့် အခြားအမှုမှ မြန်မာနိုင်ငံသား (၁၀) ဦး၊ စုစုပေါင်း (၂၃) ဦး အား ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးထွန်းဦး၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ခင်စန္ဒာဝင်း၊ မြို ့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ မြို ့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စန္ဒာငြိမ်းချမ်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဘုရင့်နောင်တံတား (၂) တွင် ကြိုဆိုခဲ့ကြပြီး၊ ကော့သောင်းမြို ့ (၄) မိုင် လူကုန်ကူးခံရသူများယာယီထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ပေးခဲ့ကာ ကော့သောင်းမြို ့နယ်တရားရုံးတွင် သက်သေခံတက်ရောက်ပြီးပါက နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးပြီး၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်ပို့ဆောင်ခဲ့ကြသူ(၇) ဦးအား ကော့သောင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်ကာ ကော့သောင်းမြို ့မရဲစခန်းတွင် ဥပဒေအရအရေးယူပေးရန်တိုင်တန်းရာ ကော့သောင်းမြို ့မရဲစခန်းမှ (ပ) ၂၃၀/ ၂၀၁၉၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။
သတင်း၊ ဓာတ်ပုံ ▪︎ ကိုလူလေး (ကော့သောင်း)