ရေချိုငါးလုပ်ငန်းဥပဒေသစ် အတည်ပြု ပြဌာန်းနိုင်ရေး ဧရာဝတီတိုင်း၌ ပြည်သူ့အသံ ကြားနာပွဲများပြုလုပ်နေ

ရေချိုငါးလုပ်ငန်းဥပဒေသစ် အတည်ပြု ပြဌာန်းနိုင်ရေး ဧရာဝတီတိုင်း၌ ပြည်သူ့အသံ ကြားနာပွဲများပြုလုပ်နေ

သတိ ( ဧရာဝတီတိုင်း ) အောက်တိုဘာလ ၂၁ ရက်

အရင် အစိုးရလက်ထက်က အတည်ပြု ရေးဆွဲ ပြဌာန်းခဲ့သော ၂ဝ၁၂ခုနှစ် ဧရာဝတီတိုင်း ဒေသ ကြီး ရေချိုငါးလုပ်ငန်း ဥပဒေကို ဖျက်သိမ်းကာ ယခု အစိုးရသစ်မှ အသစ် ရေးဆွဲထားသော ၂ဝ၁၇ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေအား အတည်ပြုပြဌာန်းနိုင်ရေး တိုင်း အတွင်း ခရိုင် ၆ ခုရှိ မြို့ကြီးများ၌ ပြည်သူ့အသံ ကြားနာပွဲများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ပြည်သူ့အသံ ကြား နာပွဲများအား ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥပဒေပြု ရေး ကော်မတီနှင့် စိုက်ပျိုးရေး မွေးမြူရေး ကော်မတီတို့မှ ဦး ဆောင်ကာ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများ ငါးလုပ်ငန်း ဦးစီးမှူးများ ရေလုပ်သားများ အင်းသားကြီးများ အရပ်ဖက်အဖွဲ့ အစည်းများနှင့် အခြားစိတ်ပါဝင် စားသူများအား ဖိတ်ကြားဆွေး နွေးခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်မှ သိရသည်။

” အစိုးရအဖွဲ့ဘက်က တင် သွင်းလာတဲ့ ၂ဝ၁၇ ခုနှစ်တိုင်း ရေချို ငါးလုပ်ငန်း ဥပဒေကြမ်း ရှိပါတယ်။ အဲဒီဥပဒေကြမ်းကို လွှတ်တော်ဘက်က ပြန်လည် ဖြည့်စွက် ပြင်ဆင်တာတွေ လုပ် သွားမှာပါ။ အဲဒါကို ပြည်သူလူ ထုတွေဘက်ကရော ဘယ်လို အကြံပြုချက်တွေ ပေးမလဲဆို တာကိုသိဖို့ ကွင်းဆင်းကြားနာပွဲ တွေလုပ်ရ တာပါ” ဟု ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးစံမင်းအောင် မှ ဆိုသည်။

အဆိုပါ ပြည်သူ့ အသံကြား နာပွဲများအား အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ကာ လပွတ္တာ မြို့၌ပြုလုပ်ခဲ့ပြီး အောက်တို ဘာလ ၁၄ ရက်နေ့ ၌ မြောင်းမြမြို့ အောက်တိုဘာလ ၁၆ ရက်၌ ဟင်္သာတမြို့နှင့် အောက်တို ဘာလ ၁၇ ရက်နေ့၌ မအူပင်မြို့ အောက်တိုဘာ ၁၉ ရက်၌ဖျာပုံ မြို့၊ကျင်းပခဲ့ကာအောက်တို ဘာလ ၂၂ ရက်နေ့၌ ပုသိမ်မြို့၌ ကျင်းပခဲ့ကြောင်းသိရသည်။

” အရင်အစိုးရလက်ထက် က ၂ဝ၁၂ ရေချိုငါးလုပ်ငန်း ဥပဒေက အင်းသားကြီးတွေနဲ့ လုပ်ငန်းရှင်တွေပဲ အဆင် ပြေအောင်ရေးဆွဲခဲ့တဲ့ ဥပဒေလို့ သုံးသပ်ပါတယ်။ အခု ပြည်သူ့ အစိုးရလက်ထက်မှာ ပြည်သူ့ မျက်နှာကြည့်သော ဥပဒေမျိုးပဲ ရေးဆွဲအတည်ပြုပေးဖို့ ပြောလို ပါတယ်။ ဒေသခံပြည်သူတွေ နဲ့ရေ လုပ်သားတွေ နှစ်ပေါင်းများ စွာ ဒုက္ခတွေ ခံစားခဲ့ရပြီးပါပြီ” ဟု သာပေါင်းမြို့နယ်မှ ဒေသခံ ကို ပြည့်လင်း မှဆိုသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်