အဖိုးတန်သစ်များမရှိတော့သည့်အတွက် ပြန်လည်အစားထိုးစိုက်ရမည့်နေရာများ ရွေးချယ်စိစစ်ဆောင်ရွက်သွားရန် လိုအပ်

အဖိုးတန်သစ်များမရှိတော့သည့်အတွက် ပြန်လည်အစားထိုးစိုက်ရမည့်နေရာများ ရွေးချယ်စိစစ်ဆောင်ရွက်သွားရန် လိုအပ်

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၃)

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အမှန်တကယ်သစ်ပင်ရှိသည့် ဧရိယာများ၊ တောထူထပ်မှုများသည့် ဧရိယာများကို ရှောင်ပြီး အဖိုးတန်သစ်များမရှိတော့သည့်အတွက် ပြန်လည်အစား ထိုးစိုက်ရမည့်နေရာများ ရွေးချယ်စိစစ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

“မြေနေရာရွေးချယ်ရာမှာ အခုနှစ်ကစပြီး အောက်ခြေမှာလည်း စနစ်တကျဆောင်ရွက်နေသလို အမှန်တကယ် သစ်ပင်ရှိတဲ့ဧရိယာမျိုး၊ တောထူထပ်တဲ့ ဧရိယာမျိုးကိုရှောင်ပြီး အဖိုးတန်သစ်တွေ မရှိတော့တဲ့အတွက်ပြန်လည် အစားထိုးစိုက်ရမယ့်နေရာတွေကို ရွေးချယ်စိစစ်ဆောင် ရွက်သွားရမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းထံမှသိရသည်။

မြန်မာနိုင်ငံအနေဖြင့်တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်ကိုချီတက်နေခြင်းဖြစ်ပြီး တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်ကနောက်ကြောင်းပြန် အစစ်ဆေးခံနိုင်ရမည် ဖြစ်ကာ သစ်က မည်သည့်လမ်းကြောင်းမှလာသည်ဆိုခြင်းကိုစစ်သည့်အခါ ပေအရှည်ကိုသစ်ငုတ်တိုအထိ အစစ်ဆေးခံနိုင်မည့် အခြေအနေ ရှိရမည်ဖြစ်သလို ပင်ထောင်သည့်လုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ထမ်းအင်အားတိုးမြှင့် ဆောင်ရွက်နေကြောင်းသိရသည်။ လက်ရှိအစိုးရလက်ထက်တွင် သစ်တောဖုံးလွှမ်းသည့် ဧရိယာဖြစ်သည်ဆိုလျှင် သစ်တောသစ်ပင်ရှိလျှင် သစ်တောဝန်ကြီးဌာန၏ သဘောတူညီမှုရရှိပြီးမှသာ ဆောင်ရွက်ရသည့်အတွက် သစ်ပင်ရှိသည့်နေရာတိုင်းကို လုံးဝခုတ်ခွင့်မပြု ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ပုဂ္ဂလိက စိုက်ခင်းခွင့်ပြုထားသည်များ လုံး၀ မရှိကြောင်းသိရသည်။

“ပုဂ္ဂလိက ပင်ထောင်စိုက်ခင်းတွေမှာဝန်ထမ်းအင်အားကမလုံလောက်တဲ့အတွက် အမှားအယွင်းဖြစ်မှာကို စိုးရိမ်နေရတယ် ။ အများဆုံးပင်ထောင်စိုက်ရတဲ့ မော်လိုက်ဒေသ၊ ကသာဒေသတို့မှာ လိုအပ်တဲ့ဝန်ထမ်းအင်အားကို တခြားခရိုင်တွေကနေ ဖြည့်ဆည်း ဆောင်ရွက်နေပြီး အခြားလုပ်ငန်းတွေမှာ အကြပ်အတည်းဖြစ်ခဲ့တာတွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်ရင် သစ်ထုတ်လုပ်မှုပမာဏကို မများစေချင်ပါဘူး။ အစိုးရအနေနဲ့ စိုးရိမ်စိတ်တွေများသလိုသစ်တော ဌာနတာဝန်ထမ်းဆောင်နေသူတွေလည်း စိုးရိမ်စိတ်ကြီးကြပါတယ်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

ယခင်ကရှိခဲ့သည့်အပိုင်းများတွင်လည်း နှစ်အလိုက် ခွင့်ပြုထားခဲ့သည်များရှိရာ ထိုအပေါ်တွင် လက်ရှိစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေရာ ပြန်လည်သိမ်းဆည်းမှုများရှိသလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာအတော်များများရှိ စိုက်ရန်လိုသည့် ကွက်လပ်များတွင်ပြန်လည်စိုက်ပျိုးခြင်းထက် သဘာ၀ပေါက်ရောက်သည့် အပင်များကို ထိန်းသိန်းမည်ဆိုလျှင်ရနိုင်သော်လည်း လူအရောက်အပေါက်၊ ဝန်ထမ်းအရောက်အပေါက်နည်းရာ ဒေသများတွင် နေရာကျူးကျော်မှုများနှင့် အခြားပြဿနာများရှိနိုင်ကြောင်း ဦးခင်မောင်ဝင်းက ရှင်းပြသည်။

ထွန်း(မုံရွာ)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်