စည်ပင်မနိုင်တဲ့ ဆောက်၊ မှိုက်၊ ရေ

စည်ပင်မနိုင်တဲ့ ဆောက်၊ မှိုက်၊ ရေ

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၄)

ရန်ကုန်မြို့မှာ မိုးအရမ်းရွာရင်ရေကြီး ရေလျှံမှု ကိစ္စတွေက မဆန်းသလိုဖြစ်နေပါတယ်။ အကြောင်းရင်းတွေကတော့ မိုးရွာသွန်းတာနဲ့ ရေစီးဆင်းမှုအား မညီမျှလို့ပဲ ဖြစ်ပါတယ်။ မိုးအရမ်းရွာရင် စာသင်ကျောင်းတွေထဲ ရေဝင်လို့ ကျောင်းတွေပိတ်ရသလို ကားလမ်းတွေမှာလည်း ရေကြီးနေတာကြောင့် ခရီးသွားလာမှုတွေ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ တာမွေအဝိုင်းနဲ့ ရွှေဂုံတိုင်ဘက်မှာဆိုရင် တော်တော်ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ဖူးပါတယ်။ ရေသည်မြင့်ရာမှ နိမ့်ရာသို့စီးဆင်းသည်ဆိုပေမယ့် ရေစီးဆင်းရာလမ်းကြောင်းမှာ အတားအဆီး၊ အပိတ်အဆို့တွေရှိနေရင်တော့ နှောင့်နှေးစွာစီးဆင်းမှာပဲ ဖြစ်ပါတယ်။ မိုးအရမ်းရွာတဲ့အချိန်မှာ ရန်ကုန်မြစ်အတွင်း ဒီရေတက်မှု မရှိသေးရင်တော့ ရေကြီးတာအချိန်သိပ်မကြာပါဘူး။ ဒီရေတက်လို့ မြစ်ရေသာထောက်နေရင်တော့ အပေါ်ရေစီးဆင်းမှုရပ်တန့်ပြီး ပိုမိုဆိုးရွားမှုနဲ့ ရင်ဆိုင်ရမှာမလွဲပါဘူးဆိုတာ ကမ်းနားလမ်းက သက်သေပြမှာပါ။ မိုးရာသီကုန်လို့ ရေကြီးတာသက်သာပြီအောက်မေ့တယ်။ တန်ဆောင်မုန်း၊ နတ်တော်မှာ အချိန်အခါမဟုတ် မိုးရွာလာတော့ ရေမြောင်းတွေထဲ အမှိုက်တွေရှိလို့ ရေကြီး၊ ရေလျှံတာခဏတော့ဖြစ်တာပါပဲ။ အဲဒီလိုသာ ရေမြောင်းတွေထဲမှာ အမှိုက်တွေရှိနေရင် မိုးတွင်းရောက်တဲ့အခါ ပိုဆိုးတော့မှာပေါ့။

ဒီလိုမဖြစ်အောင်လုပ်ဖို့ ဘယ်သူ့မှာတာဝန်အရှိဆုံးလဲဆိုတော့ စည်ပင်သာယာရေးကော်မတီမှာ တာဝန်ရှိပါတယ်လို့ပြောရမှာပါ။ စည်ပင်သာယာရေးတာ ဝန် ရှိသူ အချို့ဟာ အကောင်းဘက်ကို မျှော်တွေးချင့်ချိန်ပြီး မလုပ်ခဲ့တာတွေကြောင့် အခွန်ထမ်းပြည်သူတွေ အခုလိုရေကြီးမှုဒဏ်ကို ခံခဲ့ရတာလို့ ပြောရမှာပါ။ ဒီလိုရေးလိုက်တဲ့အတွက် စည်ပင်ဝန်ထမ်းတွေက စိတ်ဆိုးလိမ့်မယ်လို့ထင်ပါတယ်။ အခွန်ထမ်းပြည်သူတွေကလည်း ရေစီးရေလာမကောင်းတာကို မြင်တိုင်းစည်ပင်ကို ဒေါသထွက်ကြမှာပါပဲ။ စည်ပင်ဝန်ထမ်းပဲဖြစ်ဖြစ်၊ အခွန်ထမ်းပြည်သူပဲဖြစ်ဖြစ်၊ ကိုယ့်တာဝန်ကို ကျေပွန်ကြရင်တစ်ဦးနဲ့တစ်ဦး အမြင်မကြည်ဖြစ်စရာအကြောင်းမရှိပါဘူး။ ခုနကရေးခဲ့သလို အကောင်းဘက်ကို မျှော်တွေးချင့်ချိန်ပြီး မလုပ်ခဲ့တာကြောင့်ဆိုတာ ရမ်းပြီးရေးတာတော့မဟုတ်ပါဘူး။ စည်ပင်သာယာရေးကော်မတီဟာ မြို့တော်ဝန်နဲ့ကော်မတီဝင် တွေသာ ပြောင်းသွားကြတယ်။ သူတို့ စီမံခန့်ခွဲခွင့်ရှိတဲ့ အဆောက်အအုံရယ်၊ အမှိုက်ရယ်၊ ရေစီးသန်တဲ့မြောင်းတွေ ကိုတော့ ယနေ့အချိန်အထိ နိုင်နင်းစွာစီမံ ခန့်ခွဲနိုင်ခြင်း မရှိသေးလို့ရေးရတာပါ။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး လက်တွေ့ ဖြစ်နေတဲ့ကိစ္စတစ်ခုကိုပဲ တိတိကျကျ ရေးသားတင်ပြလိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ ဒေါပုံမြို့နယ်နဲ့ သာကေတမြို့နယ်တို့ကိုပဲ ကြည့်။ အဲဒီနှစ်မြို့မှာ မြစ်ကူး၊ ချောင်းကူးတံတားကြီး ခုနစ်စင်းရှိပါတယ်။ ချောင်းဆိုလို့ ချောင်းကျဉ်းကျဉ်းလေးမဟုတ်ပါဘူး။ သင်္ဘောကြီးတွေတောင်ဝင်လို့ရတဲ့ ချောင်းအကျယ်ကြီးပါ။ အဲဒီလိုချောင်းအကျယ်ကြီး ရှိရဲ့သားနဲ့ ရေကြီးတာရေလျှံတာကနှစ်စဉ်လို ဖြစ်နေပါတယ်။ ဒေါပုံမြို့နယ်မှာရှိတဲ့ ရပ်ကွက်တွေတောင် ရေကြီးရင် အဲဒီရပ်ကွက်တွေကနေ ဖြတ်သန်းစီးဆင်းရမယ့် သာကေတမြို့နယ် (က) ရပ်ကွက်ဆိုရင် ပိုဆိုးတော့တာပေါ့။ ဒီလိုဘာကြောင့် ဖြစ်ရတာလဲဆို ရင်စည်းကမ်းတကျဆောက်လုပ်ထားခြင်း မရှိတဲ့ အဆောက်အအုံတွေ၊ စည်းကမ်းမဲ့ ပစ်တဲ့အမှိုက်တွေ၊ ရေစီးဆင်းမှုအဓိကထွက်ရမယ့် မြောင်းကြီးတွေကိုအချိန်ပြည့် မရှင်းလင်းနိုင်မှုကြောင့်ပါပဲ။

သာကေတမြို့နယ်ဆိုရင် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တုန်းက မြို့တော်ဝန်ဗိုလ်မှူးကြီးထွန်းစိန် အကောင်အထည်ဖော်ပေးခဲ့တဲ့မြို့ပါ။ ရေပေးဝေမှုစနစ်အတွက် ရေပိုက်လိုင်းတွေ မြှုပ်ပေးခဲ့တယ်။ ရေစီးရေလာစနစ်အတွက် ရေမြောင်းကြီးတွေကို မြစ်၀၊ ချောင်းဝအထိ ဖောက်ပေးခဲ့တယ်။ အမှိုက်ကန်တွေလည်း လုပ်ပေးခဲ့တယ်။ အဲဒီတုန်းက ဆောက်ထားတဲ့အိမ်တွေဆိုရင် အိမ်အောက်ဝင်ပြီး ကလေးတွေ ကစားလို့ရသလို လူကြီးတွေလည်း အိမ်အောက်မှာဖျာခင်းပြီး အိပ်လို့ရခဲ့တယ်။ ဒါဟာ ဟိုတုန်းက ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ စစ်သားတစ်ယောက်ရဲ့ ဖြောင့်မတ်သော စီမံခန့်ခွဲမှု၊ တာဝန်ယူမှုပါပဲ။ နဝတ အစိုးရတက်လာပြီး နောက်ပိုင်းမှာ မြို့တော်ဝန်တာဝန်ကို ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေ တာဝန်ယူခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာ မြို့သစ်တွေအကောင်အထည်ဖော်ပေးခဲ့ပေမယ့် အိမ်စောင့်အစိုးရ လက်ထက်တုန်းကလိုစည်းစနစ်မကျခဲ့ပါဘူး။ ဒဂုံမြို့သစ်တွေမှာဆိုရင် ရေပေးဝေဖို့လုပ်တာနဲ့ အချိန်တွေ တော်တော်ကုန်ခဲ့တယ်။ ရေစီးရေလာကောင်းဖို့လည်း ရေမြောင်းတွေတူးကောင်းတုန်း ရှိပါသေးတယ်။ စစ်အစိုးရ လက်ထက်တုန်းက ပြောပြောနေတဲ့ စကားတစ်ခွန်းရှိပါတယ်။ ယခင်အစိုးရလက်ထက် နဲ့ယခုအစိုးရလက်ထက်ဆိုတဲ့စကား။ အခုလည်း တစ်ခါတလေကြားရပါသေးတယ်။ ယခင် စစ်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်ဆိုတဲ့စကားကြား ရကြားရနားမသက်သာ ဖြစ်ရပါတယ်။ဗိုလ်မှူးကြီးထွန်းစိန်လို တာဝန်ယူတာဝန်ခံရဲတဲ့ စစ်သားကောင်း သို့မဟုတ် အရပ်ဘက်လူကောင်းလူမွန် တစ်ယောက်ယောက် လက်ရှိစည်ပင်ကို စီမံ ခန့်ခွဲသင့်ပါတယ်။ သူ့လက်ထက်က ရန်ကုန်မြို့ဟာ အာရှမင်းသမီးလို့ တင်စားခံခဲ့ရတာက သူ့အရည်အချင်းပါပဲ။

ကဲဒါတွေထားပါတော့။ ရေးချင်တဲ့အကြောင်းအရာက ဒီလိုပါ။ ဒေါပုံနဲ့ သာကေတကြားမှာ မင်းနန္ဒာဆိုတဲ့ လမ်းမကြီးရှိပါတယ်။ လမ်းမကြီးရဲ့ဘေး၊ ဒေါပုံဘက်ခြမ်း တစ်လျှောက်မှာ လူနေအိမ်တွေရှိပါတယ်။ သာကေတဘက်ခြမ်းမှာတော့ ဌာနဆိုင်ရာနဲ့ အဖွဲ့အစည်းတွေရဲ့လူနေဆိုင်ခန်းတွေ တောက်လျှောက်လိုလိုရှိပါတယ်။ အရင်တုန်းက ပုံစံတူဆိုင်ခန်းတွေဟာလည်းနောက်ပိုင်းမှာတော့ ဆောက်ချင်သလိုဆောက်လာကြတဲ့အတွက် လူနေအိမ်လိုလို၊ လူနေဆိုင်ခန်းလိုလိုတွေအဖြစ် ယနေ့အထိတိုင် တွေ့မြင်နေရဆဲပဲဖြစ်ပါတယ်။ အဲဒီဆိုင်ခန်းတွေ ဘယ်လိုဖြစ်လာသလဲဆိုတော့ စည်ပင်ခွင့်ပြုချက်နဲ့ ဖြစ်လာတာပါ။ အရင် ပြည်ခိုင်ဖြိုးအသင်းကြီးရှိစဉ်တုန်းက ဆောက်ခဲ့တဲ့ ဆိုင်ခန်းတွေကများပါတယ်။ အဲဒီတုန်းက စည်ပင်နဲ့ ပြည်ခိုင်ဖြိုးဆိုတာ ညီအစ်ကိုလိုပါပဲ။ ဒီလိုပြည်ခိုင်ဖြိုးဆိုင်ခန်းတွေဆောက်ဖို့အတွက် မြေနေရာကို စည်ပင်ကနေ စနစ်တကျနဲ့ လုပ်ပေးခဲ့တာပါလို့ ပြောရမှာဖြစ်ပါတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ မင်းနန္ဒာ လမ်းမကြီးနဲ့အပြိုင် သာကေတဘက်ခြမ်းမှာ ရပ်ကွက်က ရေတွေထွက်ဖို့အတွက် ရေမြောင်းကြီးတွေ ရှိပါတယ်။ အဲဒီရေမြောင်းက ရေတွေကစက်မှုလက်မှုရပ်ကွက်ကိုဖြတ်ပြီး ငမိုးရိပ်ချောင်းထဲစီးဆင်းပါတယ်။ လမ်းမကြီးနဲ့ ရေမြောင်းအကွာအဝေးဟာ ပေ ၅၀ ကျော်ဝေးသလို လမ်းမကြီးက ရေမြောင်းထက်ပိုမြင့်ပါတယ်။ ဒီလိုရေစီးရေလာ အသင့်အတင့် ကောင်းမွန်နေချိန်မှာ စည်ပင်သာယာ အမှိုက်ကားတွေက သတ်မှတ်ထားတဲ့အမှိုက်ပုံမှာ သွားမပစ်ဘဲလမ်းမကြီးနဲ့ မြောင်းကြားမှာ အမှိုက်တွေလာပစ်ခဲ့ပါတယ်။ အမှိုက်တွေက အနံ့ထွက်ရင် စက်မှုလက်မှုရပ်ကွက်မှာရှိတဲ့ စက်ရုံကထွက်တဲ့စပါးခွံ ဖွဲပြာတွေနဲ့လာဖုံးပါတယ်။ တစ်နည်းပြောရရင် ဖွဲပြာဆိုတာကလည်း စွန့်ပစ်စရာနေရာမရှိလို့ အမှိုက်တွေအပေါ်လာစွန့်ပစ်တာလို့ ပြောရမှာပါ။ ဒီလိုနဲ့ ကြာလာတော့ အမှိုက်တွေ၊ ဖွဲပြာတွေက မြောင်းထဲကျပြီး ရေစီးရေလာစီးဆင်းမှုကို နှောင့်နှေးစေပြီး မြောင်းကော၊ မြောင်းကျဉ်းပြီး ကျွန်းမျှောကြီးလို ဖြစ်လာပါတော့တယ်။ ဒီလိုဖြစ်တဲ့အတွက်လည်း စည်ပင်အမှိုက်ဌာနက သူ့ပစ်လက်စအလုပ်ကို ပစ်တုန်းပါပဲ။ ကြာလာတော့ မြောင်းနဲ့လမ်းမကြီးကြားမှာရှိတဲ့ အမှိုက်ပုံဟာအသားသေပြီး နေရာသစ်တစ်ခု ဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့အချိန်မှာ လူနေဆိုင်ခန်းတွေ အခိုင်အမာဆောက်လုပ်လာကြတာ ကို တွေ့ရပါတော့တယ်။

လေ့လာချင်တယ် ဆိုရင်တော့ မင်းနန္ဒာလမ်းမကြီးနဲ့ တပ်ဖွဲ့မှတ်တိုင်နားက ရေမြောင်းဘေးတစ်လျှောက်မှာရှိတဲ့ မြေကို စက်နဲ့ကော်ကြည့်ရင် ဖွဲပြာနဲ့ အမှိုက်တွေ ထွက်လာတာကို တွေ့ရမှာပါ။ ဒီလိုဆိုင်ခန်းတွေ တောက်လျှောက်ဆောက်တဲ့ အကျိုးဆက်ကြောင့် ဆိုင်ခန်းတွေကထွက်တဲ့ အမှိုက်တွေဟာ လွယ်လွယ်ပဲရေမြောင်းထဲ ရောက်ကုန်ပါတယ်။ အဲဒီအမှိုက်တွေ ဘယ်သူလာဆယ်သလဲဆိုတော့ ဘယ်သူမှလာမဆယ်ပါဘူး။ ဆိုင်ခန်းတွေခံနေတာကြောင့် စက်နဲ့ ဆယ်ဖို့ခဲယဉ်းသလို လူအင်အားနဲ့လည်း ဆယ်ဖို့မလွယ်ပါဘူး။ စက်မှုလက်မှုရပ်ကွက်မှာဆိုရင် စက်လှေကြီးတွေတောင်ဝင်လို့ရတဲ့ ချောင်းလက်တက်မြစ်ထွက်ပေါက် အရင်တုန်းကရှိခဲ့ပါတယ်။ စက်မှုဇုန်ထဲမှာ အဆောက်အအုံတွေ အများအပြားဆောက်လုပ်လိုက်ချိန်မှာတော့ အဲဒီချောင်းရိုးပျောက်သွားသလို ရှုခင်းသာရပ်ကွက်ဆိုရင်လည်း အဆင့်မြင့် အိမ်ရာလုပ်လိုက်တော့ ထို့အတူပဲ ချောင်းရိုးပျောက်ပြီး မြောင်းပဲ ကျန်ရစ်ခဲ့ပါတယ်။ ရန်ပြေရပ်ကွက်မှာဆိုရင်လည်း မကြာသေးခင်ကမှအုတ်ရိုးစီပြီး သေသေချာချာလုပ်ပေးထားတဲ့ ရေမြောင်းကြီးဟာ အမြဲလိုလိုအမှိုက်တွေနဲ့ တောက်လျှောက်ပုံထားတာ မြင်မကောင်းအောင် တွေ့နေရလို့ ရေမြောင်းလည်းပိတ်မိနေပါပြီ။ မင်းနန္ဒာလမ်းမပေါ်မှာရှိတဲ့ သဒ္ဒါရုံမှတ်တိုင်နဲ့ ဝက်စုမှတ်တိုင်ကြား နေရာဟာဆိုရင်လည်း အရင်တုန်းကဝက်စုရေကန်လို့ခေါ်တဲ့ ရေကန်တစ်ခု ရှိခဲ့ပါတယ်။ နောက်တော့ စည်ပင်ကထုံးစံအတိုင်း အမှိုက်တွေ လာပစ်၊ ဆိုင်ခန်းတွေဆောက်လုပ်ခဲ့ပါတယ်။ အမှိုက်ပုံ အသားကျသွားတော့ စည်ပင်ဝန်ထမ်းတွေနေတဲ့ တဲတွေဆောက်ထားသလို ဆေးရုံမြေနေရာဆိုပြီး ဆိုင်းဘုတ်ထောင်ကာ လုပ်လိုက်ပါသေးတယ်။ နေရာကလည်း တော်တော်လေးကျယ်တာကြောင့် ကလေး၊ လူကြီးဘောလုံးတောင်ကန်တာ အမြဲလိုလိုတွေ့ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က လူနေဆိုင်ခန်းတွေပျောက်ပြီး အဆောက်အအုံ သစ်တွေဆောက်လာတာ ယနေ့ထိ ဆောက်နေဆဲ တွေ့နေရတာပါပဲ။ ရေးချင်တာက အဲဒီ ဝန်းထဲမှာ ရေထွက်မြောင်းကြီးတစ်ခု ရှိနေပါတယ်။ အဲဒီ မြောင်းကြီးရဲ့ ကံကြမ္မာကလည်း ကောင်းလား။ မကောင်းလားဆိုတာ သေသေချာချာသွားကြည့်မှ ပဲ သိရမှာပါ။

ဒီတော့ စည်ပင်သာယာတာဝန်ရှိသူတွေ အနေနဲ့ မြေနေရာတွေ၊ အဆောက်အအုံတွေကို ခွင့်ပြုပေးမယ် ဆိုရင်တောင် နောင်ဖြစ်လာမယ့် ဆိုးကျိုးတွေကိုအဆောက်အအုံဌာန၊ အမှိုက်ဌာန၊ လမ်းတံတားဌာန တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးမှ မျှော်တွေးစဉ်းစားပြီး ခွင့်ပြုပေးသင့်ပါတယ်။ မိမိတို့ ခွင့်ပြုပေးလိုက်တဲ့အတွက်ကြောင့် ရေစီးရေလာကို အနှောင့်အယှက်ဖြစ်စေနိုင်မလား။ မိမိတို့အမှိုက် တွေကြောင့် ဘာတွေဆိုးကျိုး ဖြစ်လာနိုင်မလဲ။ ဒါတွေထည့်စဉ်းစားသင့်ပါတယ်။ ကိုယ့်အိမ်ရှေ့ ကနေ ရေမြောင်းကိုယ်တိုင်မဖော်နိုင်ပေမယ့်အဓိက ရေထွက်မြောင်းကြီးတွေ ဖော်ဖို့အတွက်ကတော့ စည်ပင်မှာပဲ တာဝန်ရှိတာပါ။ အဲဒီလိုလုပ်ဖို့ အတွက် လည်း ပြည်သူတွေက အခွန်တွေ ပေးပါတယ်။

ဒီလိုအခွန်တွေပေးထားရဲ့သားနဲ့ ဆောက်ချင် သလို ဆောက်နေတဲ့ အဆောက်အအုံ တွေကိုလည်း မနိုင်၊ အမှိုက်ပစ်တော့လည်း အခြားသူတွေ စည်းကမ်းမဲ့ပစ်သလို အရေးယူဖို့နေနေသာသာ စည်ပင်ဝန်ထမ်းတွေကိုယ်တိုင်က စည်းကမ်းမဲ့ပစ်နေ ပါတယ်။ ရေစီးရေလာ ကောင်းဖို့အတွက်လည်း ဘာမှမလုပ်ပေးနိုင်ဆိုရင်တော့ စည်ပင်မနိုင်တဲ့ ဆောက်၊ မှိုက်၊ ရေ လို့သာ ပြောရတော့မှာပါပဲဖြစ်ပါ တယ်။

နောင်တင်စိုး

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်