နေပြည်တော် နှင်းဆီစံအိမ်သို့ တိုင်တည်ခြင်း

နေပြည်တော် နှင်းဆီစံအိမ်သို့ တိုင်တည်ခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၄)

ပြည်သူကြောင့် နေရာရလာတဲ့ အမတ်မင်းများဟာ ပွဲတက်၊ လမ်းလျှောက်၊ ဖဲကြိုးဖြတ်၊ မြို့နယ်ချမ်းသာသူတွေနဲ့ ပေါင်းပြီး သာယာနေတဲ့အပေါ် ထောက်ပြနေတဲ့ ကျွန်တော့်ကို နေပြည်တော် နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
အစိုးရအဖွဲ့ထဲမှာ အရည်အချင်းပြည့်မီတဲ့ သေဖော်သေဖက် ရဲဘော်ရဲဘက်တွေမပါလို့ အားမလိုအားမရ ဖြစ်နေတဲ့ ကျွန်တော့်ကို နေပြည်တော် နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
တစ်ချိန်က ရန်သူတော် ကြံ့ခိုင်ရေးလူထွက်တွေကို အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်သံနဲ့ အကာအကွယ်လုပ်ပြီး ထိပ်ပိုင်းရာထူးတွေ ဝေငှနေတဲ့အပေါ် ရင်လေးမိတဲ့အတွက် အဆိုးမြင်သမား တစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး အမုန်းခံ လူပိုလုပ်နေတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
နှစ်နှစ်ပြည့်တော့မယ့် အရပ်သားအစိုးရရဲ့ စွမ်းဆောင်ရည်အပေါ် ပြည်သူတွေ သံသယရှိနေတာကို ထောက်ပြပြောဆိုမိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ရန်ကုန်တိုင်းအာဏာရှိသူက ပါးစပ်စည်းမထားဘဲ နိုင်ငံရေးကစားကွက်ဖော်နေတဲ့အပေါ် အခါအခွင့်သင့်တိုင်း ဖော်ထုတ်ရေးသားနေတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ပြည်ထောင်စုဝန်ကြီးတွေကို ပညာပေးနေတဲ့ အကျင့်ဆိုးအတွင်းဝန်နဲ့ ညွှန်ချုပ်တွေအပေါ် တိုင်းပြည်အတွက် ဖြုတ် ထုတ် သတ် အမြန်လုပ်ဖို့ တသွင်သွင်ပြောနေတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ဩဇာကြီးလူကြီးဟောင်း သားသမီးတွေက အရပ်သားအစိုးရ အကျပ်အတည်းတွေ့အောင် လုပ်ငန်းရှင်တွေကို စီးပွားရေးမလုပ်ဖို့၊ ရှိတာလေးတွေ ထိုင်စားပြီး စောင့်ကြည့်ကြဖို့ ပြောကြားနေတဲ့အပေါ် အာဏာရသူတွေ သတိပြုနိုင်ရန်မျှဝေခဲ့တဲ့ ကျွန်တော့်ကို နေပြည်တော် နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံရိုက်ခြင်းရဲ့ အကျိုးဆက်ဟာ လူဟောင်းတွေဆီကခိုးထားတဲ့ ငွေတွေပြန်ထွက်အောင် လုပ်တာဖြစ်တဲ့ အတွက် ထောက်ခံအားပေးနေတဲ့ ကျွန်တော့်ကို “မိကျောင်းမင်း ရေခင်းမပြနဲ့ ငါတို့လည်း ဒီလောက်တော့ တတ်တယ်၊ သိတယ်” ဆိုတဲ့ အမတ်မင်းတို့အပေါ် ခပ်ကြမ်းကြမ်းဆက်ဆံမိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးတာဟာ အရေးပါပေမယ့် တခမ်းတနားဇာချဲ့လုပ်နေတဲ့ အမတ်မင်းတို့အပေါ် ထောက်ပြဝေဖန်မိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
နှင်းဆီစံအိမ်ကို ကိုယ်ကျင့်တရားကောင်းပြီး သစ္စာရှိသူတွေ မဝင်နိုင်အောင် ပိတ်ဆို့တားဆီးထားတဲ့သူကို ဖယ်ရှားပေးဖို့ အကြံပြုတဲ့ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
၈၈ ဒီမိုကရေစီတိုက်ပွဲမှာ ဘ၀ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ပါတီရဲ့ အမာခံရဲဘော်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ထုတ်ပယ်ပြီး အထက်ဖားအောက်ဖိ အလိုတော်ရိတွေ အာဏာရနေတဲ့အပေါ် စိတ်ပျက်မိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
၂၀၁၅ခုနှစ် အောင်ပွဲရခြင်းဟာ သတင်းမီဒီယာသများရဲ့ ပံ့ပိုးကူညီမှုက အရေးပါခဲ့လို့ Eleven သတင်းဌာနကို တရားစွဲခြင်းအပေါ် ရုပ်သိမ်းပေးဖို့ တိုက်တွန်းမှုလုပ်ခဲ့တဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ရန်သူဟောင်းနဲ့စစ်တပ်ကိုတောင် ရင်ကြားစေ့ရေးအမြင်နဲ့ လက်တွဲနိုင်သေးရင် နောက်ကျောဓားထိုးသူတွေ မဟုတ်တဲ့ ဒီမိုကရေစီမိတ်ဆွေတွေကို ပစ်ပစ်ခါခါငြင်းပယ်နေတဲ့အပေါ် အလိုမကျဖြစ်နေတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ရန်ကုန်တိုင်းဟာ သံတမန်တွေ၊ ချမ်းသာပြီးဩဇာရှိတဲ့ ကြံ့ခိုင်ရေးအဟောင်းနဲ့အသစ်တွေ၊ စစ်တပ်အရာရှိကြီး အဟောင်းအသစ်တွေ၊ မြန်မာပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေ၊ အတိုက်အခံ န်ိုင်ငံရေးသမားတွေ၊ ပြည်တွင်းပြည်ပ သတင်းသမားတွေ၊ ဒုစရိုက်မျိုးစုံရှိတဲ့ နေရာမှာ သူလိုကိုယ်လို သာမန်လူတစ်ယောက်အား တင်မြှောက်ထားခြင်းဟာ အန္တရာယ်စက်ကွင်းထဲ တွန်းပို့နေသလိုဖြစ်နေလို့ အမုန်းခံ ထပ်ခါတလဲလဲပြောနေတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
၂၀၂၀ မှာ ပါတီကိုကြည့်ပြီး မဲမပေးတော့ဘူး။ လူကိုကြည့်ပြီး မဲပေးတော့မယ်လို့ ပြည်သူ့အသံတွေ ဆူလောင်ထွက်ပေါ်နေတဲ့အပေါ် အလေးထားကြဖို့ သတိပေးမိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ရေရှည်အမြင်မရှိဘဲ ပြည်သူ့ဘဏ္ဍာငွေတွေကို ဖြုန်းပစ်နေတဲ့ လမ်းဘေးဈေးသည်ပပျောက်ရေးစီမံချက်၊ ဈေးကြီးပေးခဲ့ရတဲ့ တက်သုတ်ရိုက် YBS တရုတ်ကားဟောင်းတွေအပေါ် ဝေဖန်ပြောကြားနေ တာတွေ ဖုံးလွှမ်းတိမ်မြုပ်သွားဖို့အကြံနဲ့ သမဂ္ဂဖော်ဆောင်ရေး၊ န်ိုင်ငံရေးကစားကွက် အလျင်အမြန်လုပ်နေတဲ့အပေါ် ဖော်ထုတ်ခဲ့မိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
တိုင်းပြည်ရဲ့ အထက်တန်းကျောင်းအများစုမှာ စိုးရိမ်စရာကောင်းလောက်အောင် မူးယစ်ဆေးဝါးဖြန့်နေတာကို လူထုအားနဲ့ ဟန့်တားဖို့တဖွဖွပြောမိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ငါတို့အနစ်နာခံ ထောင်ကျခဲ့လို့ အရပ်သားအစိုးရဖြစ်လာပြီး သတင်းလွတ်လပ်ခွင့်ရနေတာဖြစ်တယ်လို့ ဂုဏ်ဖော်ပြောနေတဲ့ အာဏာမက်သူအပေါ် ဒိုးဒိုးဒေါက်ဒေါက် ဒဲ့ပြောခဲ့တဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
လိုင်းကားစီးပြီး လမ်းဘေးမှာ ပလတ်စတစ်ခုံနဲ့ ထိုင်ပြရင်း နိုင်ငံရေးစတန့်ထွင်တဲ့လုပ်ကွက်ကို ရပ်တန့်ဖို့ အာဏာရသူတွေအပေါ် ပြည်သူ့ကိုယ်စား ဟန်ပြမလုပ်ဖို့ သတိပေးပြောဆိုမိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
စားသောက်ဆိုင်တစ်ဆိုင်က တစ်နှစ်ကို အခွန်တံဆိပ်ခေါင်းဖိုး သိန်း၄၀၀ ဝယ်ယူပြီး ဘဏ္ဍာငွေဖြည့်တင်းနေတဲ့အပေါ် ဒီလောက် မဝယ်ဖို့ ဟန့်တားနေတဲ့ အကျင့်ပျက်အစိုးရဝန်ထမ်းတို့အပေါ် စောင့်ကြည့်အရေးယူဖို့ပြောနေတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
လက်ပံတန်းကျောင်းသားဆန္ဒပြပွဲမှာ နောက်က လက်ဝဲသမား တွေရှိတယ်လို့ စွပ်စွဲပုံဖျက်တင်ပြမှုအပေါ် မယုံကြည်ဖို့ အလေးထားပြောဆိုမိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ဒီငါးနှစ်အတွင်းမှာ မလုပ်မရှုပ်နေမယ်၊ လွှတ်တော်က အနားယူရင် စီးပွားရေးပဲလုပ်တော့မယ်ဆိုတဲ့ အမတ်တွေအပေါ် စိစစ်ပြီး အရေးယူဖို့ ပြည်သူ့ကိုယ်စားထောက်ပြနေတဲ့ ကျွန်တော့်ကို နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ပါတီအတွင်းမှာ နိုင်ငံခြားသွားဖို့ အပြိုင်အဆိုင် အထက်ကို ဖားနေတဲ့ အမတ်မင်းတွေအပေါ် ပြည်သူတွေက အံ့ဩနေမှုအတွက် တစ်ဆင့်ဖွင့်ချမိတဲ့ ကျွန်တော့်ကို နေပြည်တော်နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
ခြင်္သေ့တွေကို တစ်ခါတည်း အသားများများကြီးကြီးကျွေးရတယ်။ ငှက်တွေကျတော့ ကောင်းကောင်းနဲ့ နည်းနည်းချင်းကျွေးရတယ်။ ကျွေးရတာခြင်းအတူတူပါပဲကွာလို့ မထိတထိ ရိသဲ့သဲ့ပြောနေကြတဲ့ လုပ်ငန်းရှင်ကြီးတွေကို ဒေါသစိတ်နဲ့ တုံ့ပြန်မိခဲ့တဲ့ ကျွန်တော့်ကို နေပြည်တော် နှင်းဆီစံအိမ်က စိတ်ဆိုးနေပြီလား။
အတိတ်ကလူသိထင်ရှား သစ္စာဖောက်ခဲ့ပြီး အခုအချိန်ရောက်မှ အာဏာကိုဗန်းပြရင်း ကိုယ်ကျိုးရှာနေကြတဲ့သူတွေအပေါ် နှင်းဆီစံအိမ်တော်မှ အမြန်မောင်းထုတ်နိုင်မယ့် ဆုလာဘ်ကိုတော့ ပြည်သူတွေဆီပေးသနားဖို့ တိုင်တည်ပါရစေ။ ။

တင်ဆန်း(ယူနတီ)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်