အမေ့ခံ မြန်မာ့ပင်လယ်ပြင်က သယံဇာတ ဆုံးရှုံးမှုများ (ယူနတီသတင်းအဖွဲ့)

၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်နေ့ ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၅)
မြိတ်မြို့အနီး ပင်လယ်အတွင်းမှ ကြည့်လျှင် ပေ ၂၅၀ ခန့် ရှည်လျားသည့် ဆိပ်ကမ်းတစ်ခုကို တွေ့မြင်နိုင်သည်။ ထိုဆိပ်ကမ်းမှာ မြန်မာန်ိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တရားဝင်ခွင့်ပြုထားသော နိုင်ငံတကာ ငါးလေလံဈေးဆိပ်ကမ်းတစ်ခု ဖြစ်သည်။ အမည်နာမအရ နိုင်ငံတကာ ငါးလေလံဈေး ဟုခေါ်ဝေါ်ကြသော်လည်း နိုင်ငံတကာမဆိုထားနှင့် မြန်မာတကာပင် ရောက်အောင်မလာကြပေ။ အမည်နာမနှင့်လိုက်ဖက်စွာ နိုင်ငံတကာ ငါးလေလံဝယ်ယူမည့်သူများ ကြက်ပျံမကျ စည်ကားနေရမည်ဖြစ်သော်လည်း ယခုထိုနေရာကား တစပြင်နယ်နယ် ခြောက်ကပ်လွန်းလှသည်။
ထိုငါးလေလံဈေး မစည်ကားရ ခြင်မှာ မနေ့တနေ့ကမှ တည်ထားခဲ့ခြင်းကြောင့် ထင်မှတ်လျှင် လုံးဝမှားယွင်းမည်သာဖြစ်မည်။ ယခုငါးလေလံဈေးကို ဦးသိန်းစိန်အစိုးရလက်ထက်မတိုင်ခင် တပ်မတော်အစိုးရလက်ထက် ၂၀၀၁ ခုနှစ်ကပင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တနင်္သာရီတိုင်းမှူး ဗိုလ်ချုပ်စစ်မောင်၏ ဖိတ်ခေါ်ချက်ဖြင့် တနင်္သာရီ တိုင်းဒေသသို့ရောက်ရှိလာသည့် ပြင်သစ်နိုင်ငံသား မစ္စတာပီရွှန်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ငါးသယံဇာတများ မဆုံးရှုံးစေရန်အတွက် အကြံပြုချက်အရ တည်ဆောက်ထားသော ငါးလေလံဈေးကြီးဖြစ်သည်။
ထိုင်းန်ိုင်ငံတွင် စစ်သံမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့သော မစ္စတာပီရွှန်း ထိုင်းန်ိုင်ငံ ရနောင်းမြို့ရှိ ငါးဈေးတွင် မြန်မာပိုင်ငါးများလာရောက် ရောင်းချနေသည့် မြန်မာ့လှေများကို လေ့လာရင်း မြန်မာပိုင် မြိတ်မြို့တွင် ငါးလေလံဈေးတည်ဆောက်ပြီး ဆုံးရှုံးနေသည့် ငါးသယံဇာတအပြင် လူစွမ်းအားများ ၊ နိုင်ငံရေး ဂုဏ်သိက္ခာများ ပြန်လည်းရယူရန် အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သော ရည်ရွယ်ချက်ကောင်းများဖြင့် ဧက ၁၀၃.၅၇ ဧကရှိ မြိတ်နိုင်ငံတကာ ငါးလေလံဈေးကြီးကို ၂၀၀၁ ခုနှစ် က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၆၀၀ ကျော်ကို စတင်အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့သည်။ သို့သော် ၂၀၀၂ခုနှစ် မေလတွင် ထိုင်း-မြန်မာ နယ်စစ်ပြဿနာဖြစ်ပွားပြီးနောက် နယ်စပ်မြို့ရနောင်းကိုသွားလာခွင့် ပိတ်ပင်ခဲ့ ခြင်းနှင့်ရနောင်းမြို့မှ ဝယ်လက်များနည်းပါးလာခြင်းကြောင့် ငါးလေလံဈေးကိုပိတ်ပစ်ခဲ့ရသည်။
ယခုငါးလေလံဈေး စီမံကိန်းကို စတင်အကောင်အထည်ဖော်စဉ်က အစိုးရပိုင်း ငါးလုပ်ငန်းဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံသားပိုင် Setraco International Limited က ၆၀ ရာခိုင်နှုန်းနှင့် ရန်ကုန်အခြေစိုက် Asia Blue Line က ၁၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်တွင် လက်ရှိရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၀ သန်း ရှိသည်။ မြန်မာန်ိုင်ငံရင်နှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်အရ ဒေါ်လာ သန်း ၇၀ ထိ ရင်းနှီးမြှုပ်နှံခွင့်ရှိပြီး ထပ်မံရင်းနှီးမြှုပ်နှံရန် ဒေါ်လာသန်း (၂၀) ကိုမြန်မာနိုင်ငံသို့ လွှဲပြောင်းနိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်စောင့်ဆ်ိုင်းနေရသည်။
ထိုသို့ စောင့်ဆိုင်းနေရသည်မှာ တစ်ရက်နှစ်ရက်မဟုတ်သလို တစ်လနှစ်လလဲမကတော့။ အချိန်ကာလအားဖြင့် အတိအကျ ဆိုရလျှင် တစ်နှစ်နှင့် ခြောက်လခန့်ကြာမြင့်ပြီးဖြစ်သည်။ ထို့သို့ကြာမြင့်ရသည့် အကြောင်းပြချက်ကိုမူ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဤသို့ဆိုထားသည်။
“ ဥပဒေနဲ့အညီဖြစ်အောင် စိစစ်နေလို့ ကြာနေတာပါ ။ အဲအကြောင်းကြောင့် ဆွဲနေတာမဟုတ်ပါဘူး” ဟု တနင်္သာရီ ဂျာနယ်တွင် ဖြေကြားထားသည်။
ထို့အပြင် စတင်လုပ်ကိုင်ချိန်က ၃၀ ရာခိုင်နှုန်းပါဝင်ခဲ့သော ငါးလုပ်ငန်းဦး စီးဌာနက ယခုအချိန်တွင်ပါဝင်လုပ်ကိုင်နေခြင်းမရှိတော့ ဟု ဆိုကာ လုပ်ငန်းမှ နုတ်ထွက်ရန်လိုအပ်သည့် စည်းမျဉ် စည်းကမ်းများကို ပြင်ဆင်ရန်လိုအပ်သည်ဟု ဆိုထားသည်။ ထိုအတွက် လိုအပ်သည့် အသင်းအဖွဲ့ စည်းမျဉ်းပြင်ဆင်မှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥပဒေပါ အတိုင်း ဆက်လက်လုပ်ကိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက မှတ်ချက်ပြုပြီးဖြစ်သည်။
သို့သော် အချိန် ၁၈ လ ကြာသည့် တိုင် ငါးလေလံကိန်းစီမံကိန်း မဆိုထားနှင့် ဒေါ်လာ သန်း ၂၀ ငွေလွဲပို့ န်ိုင်ရန် အတွက်ပင် အကောင်မထည်မပေါ်လာသေး။ ထိုသို့ ကြန့် ကြာနေမှုအတွက် မြိတ် ငါးလေလံဈေးကို တာဝန်ယူ အကောင်အထည်ဖော်နေသည့် Myanmar Fisheries International Joint Venture Limited (MFIJVLtd) ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါ်ဌေးဌေးဝင်းက အောက်ပါအတိုင်း မေးခွန်းထုတ်သည်။
“ စာချုပ်ကိုပြန်လို့ ကြန့် ကြာတယ်ဆိုရင် အချိန် ၁၈ လလောက် ကြာဖို့လိုလား” ဟူ၍ဖြစ်သည်။ သို့သော် ဤမေးခွန်းကို ဖြေမည့်သူကား ယနေ့အထိမပေါ်သေးပေ။
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ၁၈ လကြာသည့်အထိ စိစီနေသော်လည်း မြန်မာန်ိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၅၂ တွင် တည်ဆဲဥပဒေများနှင့် အညီဆောင်ရွက်ခြင်းမှအပ ရင်းနှီးမြှုပ်နှံမှု များကို သိမ်းပိုက်ယူခြင်းကိုဖြစ်စေ၊ ရပ်ဆိုင်းစေခြင်းသဘော သက်ရောက်သောဆောင်ရွက်မှုများကိုဖြစ်စေ မပြုလုပ်ဟု အာမခံဟု ပြဋ္ဌာန်းထားသည်။
ထိုသို့သော ပြည်ထောင်စုအစိုးရ အဆင့်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်၊ ဝန်ကြီးဌာန၏အကျိုးစီးပွား၊ နိုင်ငံတော်အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်သည့် စီမံကိန်းကို ဥပေက္ခာပြုကာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သောထာဝယ်ခရိုင်သရက်ချောင်းမြို့ ဆင်ဖြူပင် ဆိပ်ကမ်းတွင် ငါးလေလံ ဈေးတစ်ခုတည်ဆောက်ရန် စတင်လုပ်ဆောင်နေပြီး ဖြစ်သည်။
ထိုစီမံကိန်းအတွက် ကုန်ထုတ်လမ်းများ စတင်ဖောက်လုပ်နေပြီးဖြစ်သော်လည်း အစိုးရကို Check & Balance ပြုလုပ်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် လွှတ်တော်ကမူ ယခုစီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုအားနည်းကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်ဝန်ခံပြောဆိုထားသည်။
လွှတ်တော်ကိုတရားဝင် အသိပေး တင်ပြခြင်းမရှိသည့် သရက်ချောင်း ငါးလေလံဈေးကို ဒီဇင်ဘာ ၃ ရက် နေ့က ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူလာရောက်ချိန်တွက်မူ အခြေအနေက ပိုမိုပြင်းထန်လာခဲ့သည်။
အတည်ပြုပြီးသား မြိတ်မြို့ ငါးလေလံဈေးကို မလာရောက်ဘဲ လွှတ်တော်ပင် အသိမပေးရသေးသည့် သရက်ချောင်းငါးလေလံဈေးကို သွားရောက်ခဲ့သည် ဒုတိယ သမ္မတ ခရီးစဉ် ကို ပြည်သူများကဝေဖန်ခဲ့ကြသည်။
ထို့အပြင် ၁၆ နှစ်ခန့်ပြုလုပ်ခဲ့ သည့် ငါးလေလံဈေးကြီးအကောင်အထည်ဖော်ရန် ကြန့် ကြာနေချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်း၏မဲဆန္ဒနယ်တွင် ငါးလေလံဈေးပေါ်ပေါက်ရန် ကြိုးပမ်းအားထုတ်နေသည်ဟု မြိတ်မြို့ ဒေသခံများက ဝေဖန်ခဲ့ ကြသည်။
သရက်ချောင်း ငါးလေလံဈေးနှင့်ပတ်သက်ပြီး မြိတ်မြို့တွင် ငါးလေလံဈေးပေါ်ပေါက်ရန် ပြုလုပ်နေသည့် ဒေါ်ဌေးဌေးဝင်းက “ ကျွန်မတို့က မြိတ်ဆိုရင်ကန့် ကွက်တယ်။ ကော့သောင်းဆိုလည်းကန့်ကွက်စရာမရှိဘူး။ ထားဝယ်မှာလည်းကန့် ကွက်စရာမရှိဘူး။ ခရိုင်တစ်ခုမှာ တစ်ခုစီရှိတာ ကိစ္စမရှိဘူး။သူ့မိန့်နဲ့သူလာမယ်” ဟုဆိုသည်။
မြိတ်ငါးလေလံဈေး၊ ထာဝယ်ငါးလေလံဈေးစသဖြင့် ပြောဆိုနေသော်လည်း ငါးရောင်းချသူဒေသခ ံများက မူ မည်သည့်နေရာတွင်လုပ်လုပ် ရောင်းချသည့်သူက ရောင်းမည်ဖြစ်ပြီး မရောင်းချတဲ့ သူကမရောင်းဟု ပြောဆိုကြသည်။ ဒေသခံများ မျှော်လင့်နေကြသည်က Buyer ခေါ် ငါးဝယ်ယူမည့်သူပင်ဖြစ်သည်။
“ ကျွန်တော်တို့ဒေသခံတွေ မျှော်လင့်တာက အဓိက ကဝယ်သူပေါ့နော် ဝယ်သူ ဘယ်ကနေရှာပေးမလဲ။ ဘယ်လောက်ရှာပေးမလဲ။ ဒီကနေ့ပြီး တော့ ယိုးဒယားသွားတဲ့ ဈေးနဲ့မနည်းဦးတော့ တူနေရင်တောင် မဆိုးဘူးပေါ့။ မျှော်လင့်တာတော့ ဒီထက်ဝယ်နိုင်တဲ့သူတွေ ဈေးကောင်းပေးပြီး ဝယ်မယ့် သူတွေမျိုးကိုမျှော်လင့်တယ်” ဟု မြိတ်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ဆိုသည်။
လက်ရှိအချိန်တွင် မြိတ်မြို့၌ ကမ်းနီးလှေ၊ ကမ်းဝေးလှေ၊ ဒေသခံကမ်းဝေးလှေ စုစုပေါင်း မှတ်ပုံတင်ထားသည့်လှေ ၈၀၀ ရှိကြောင်း၊ လိုင်စင်လျှောက်ထားဆဲလှေ ၃၀၀ ကျော်ရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ဆိုသည်။
၎င်းက အတိအကျ ဆိုသော်လည်း ငါးဖမ်းလိုင်စင်တစ်ခု ရယူထားသူတစ်ဦးက ထိုလိုင်စဉ်ဖြင့်ပင် ငါးဖမ်းစက်လှေ မြောက်မြားစွာ ပွားယူသည်များ လည်းရှိသေးသည်။ ရန်ကုန်မြို့တွင် အုံနာဘုတ်ဖြင့် တခြားကားတစ်စီးကို ပွားယူသကဲ့သို့ သော အခြေအနေမျိုး ကုန်းမြေပြင်တွင်သာမက မြန်မာ့ရေပြင်တွင် လည်း ယခုအဖြစ်မျိုးရှိနေပြန်သည်။
MFIJVLtd ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ဌေးဌေးဝင်းကမူ မြိတ်ခရိုင်အတွင်းငါးဖမ်းစက်လှေ ၁၃၆၇ စီးရှိကြောင်းအတိအကျဆိုသည်။ ထို့ပြင် ကမ်းနီးလှေများမှာလည်းသောင်းဂဏန်းအထိရှိသည်ဟုဆိုသည်။
ထိုစက်လှေများကို ထိုင်းလူမျိုးများက ပိုင်ဆိုင်မှုများလည်းရှိပြီး ဒေသ အခေါ် ထောင်ကဲ (ထိုင်းသူဋ္ဌေး) များက ၎င်းတို့အနေဖြင့် ယုံကြည်ရသည့် မြန်မာလူမျိုးများက်ို ငွေကြေးစိုက်ထုတ်ပေးကာလှေထောင်ခိုင်းသည်များလည်းရှိနေပြန်သည်။
ထိုလှေများပေါ်တွင်ပင် အလုပ်ခိုင်းစေရန်အတွက် အလုပ်သမားများအဖြစ် မြန်မာလူမျိုးများကို လူပွဲစားများမှတစ်ဆင့် ခေါ်ယူခိုင်းစေပြီး မူးရစ်ဆေးဝါးများ တိုက်ကျွေးကာ အသုံးပြုမှုများလည်း ရှ်ိနေပြန်သည်။ ထိုသို့ ခိုင်းစေမှုများ မပြုလုပ်ပါက ထိုင်းလူမျိုး ပဲကိုင်များက သေနတ်ဖြင့် ပစ်သတ်မှုကြောင့် နေ့စဉ်လူသေဆုံးမှု များလည်းရှိနေကြောင်း ထိုင်းငါးဖမ်းလှေတွင် သုံးနှစ်ကြာ ရောင်းစားခံခဲ့ရသည့် ဦးမောင်မောင်ကဆိုသည်။
ငါးဖမ်းစက်လှေတစ်စီးလျှင် သိန်း ၁၀၀၀ ခန့်မှ သိန်း ၄၀၀၀ ခန့်အထိ တန်ဖိုးရှိပြီး ၎င်းစက်လှေများက်ို ရင်းနှီးမြှုပ်နှံထားသည့် ငွေများသည် ငွေဖြူ ငွေမဲဖြစ်သည်ကို အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်သင့်သည်ဟု ဒေါ်ဌေးဌေဝင်းက ထောက်ပြသည်။
ထို့အပြင် ငါးဖမ်းစက်လှေ တစ်ခါထွက်ပါက သိန်း ၃၀၀ ခန့်ကုန်ကျပြီး ထိုလုပ်ငန်းအတွက် တရားဝင် စာရင်းဇယားမရှိသည့်အပြင် ဝင်ငွေခွန်များလည်း နိုင်ငံတော်အတွက် နစ်နာနေခြင်းဖြစ်သည်။ ထိုသို့မဖြစ်စေရန်အတွက် ငါးဖမ်းစက်လှေများကို VMS(Vessel Moniotoring System) ခေါ် ငါးဖမ်းစက်လှေစောင့်ကြည့်ထိန်းသိန်းသည့် စနစ်တပ်ဆင်ရန်အတွက် နိုင်ငံတော်ကို အကြံပြုခဲ့သည့်အပြင် ထိုစနစ်တပ်ဆင်ခကုန်ကျငွေ ငါးနှစ်စာကိုလည်း ကုမ္ပဏီက ကျခံပေးမည်ဟု ကမ်းလှန်ခဲ့သော်လည်း ထိုစနစ်တပ်ဆင်ရန် အကြောက်အကန်ငြင်းဆန်မှုများရှိခဲ့ကြောင်းသူကဆိုသည်။
ထိုစနစ်သည် ငါးဖမ်းလှေတစ်စီး၏ သွားရောက်ရာလမ်းကြောင်းများ ၊ ငါးဖမ်းသည့်လုပ်ကွက်များကို အသေးစိတ်ဖော်ပြနိုင်သည့်အပြင် ရေလုပ်သားများအတွက် ရာသီဥတုဒဏ်မှာလည်း အကာအကွယ်ပြုလုပ်နိုင်ကြောင်း ဒေါ်ဌေးဌေးဝင်းက ဆိုသည်။
မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်ကမူ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယင်းစနစ်ကို တပ်ဆင်မည်ခဲ့ပြီး မည်သို့အသုံးပြုရမည်ဆိုသည့် နည်းပညာကိုသင်ကြားမပေးခဲ့ကြောင်း ၊လက်ရှိအချို့အိမ်များတွင် ယင်းစက်များရှိသေးကြောင်းဆိုလေသည်။
ယင်းစက်များကိုလှေပိုင်ရှင်များအနေဖြင့်တပ်ဆင်လိုပြီး မိမိငါးဖမ်းလှေ မည်သည့်နေရာတွင် ရောက်ရှိနေသည်၊ တစ်နေ့ငါးဘယ်လောက်ရသည်ကိုပင် သိနိုင်ပြီးသတ်မှတ်ရေ မိုင်များ ကျော်လွန် ငါးဖမ်းပါကလည်း သတိပေးမှုများပြုလုပ်နိုင်သဖြင့် လှေပိုင်ရှင်များအတွက် အကျိုးရှိကြောင်း ၎င်းက ဆိုလေသည်။
သို့သော် စက်တန်ဖိုး သိန်းလေးဆယ် ငါးဆယ်ခန့်ရှိသဖြင့် တပ်ဆင်နိုင်ခြင်းမရှိကြောင်း ၊ ထိုင်းနိုင်ငံတွင် ကျပ်ဆယ်သိန်းခန့်သာကျသင့်သည် ဟု ကြားသိရကြောင်း ၊ ထိုကိစ္စကို အစိုးရအနေဖြင့် ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်စေချင်ကြောင်း ဦးစန်းမောင်ကဆိုသည်။
မည်သို့ပင်ဆိုစေကာမူ အကန့်အသတ်မဲ့ ငါးဖမ်းခြင်းများ၊ သတ်မှတ်ကာလအတွင်းငါးခိုးဖမ်းခြင်းများ ၊အိမ်နီးချင်းနိုင်ငံက မြန်မာရေပိုင်နက်များအတွက် ငါးခိုးဖမ်းခြင်းများအပြင်ရရှိလာသည့် ငါးသယံဇာတများကိုလည်း တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် မထုတ်လုပ်နိုင်ဘဲ ကုန်ကြမ်းအဖြစ်သာ ရောင်းချနိုင်ခြင်းသည် မြန်မာနိုင်ငံအတွက်ပြောမပြနိုင်သည့် ဆုံးရှုံးမှုများပင်ဖြစ်သည်။
ထိုသို့ ငါးသယံဇာတမှ ဆုံးရှုံးနေမှုများကို လေ့လာခဲ့သည့် မစ္စတာပီရွှန်းကမူ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒေါ်လာ ဘီလျံ ၃၀ ခန့် ဆုံး ရှုံးနေကြောင်း ပြောဆိုခဲ့ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုမှာလည်း မခန့်မှန်းနိုင်လောက်အောင် ဆုံးရှုံးနေကြောင်းပြောဆိုခဲ့သည်။
“ ထိုင်းနိုင်ငံကရေလုပ်ငန်းကို စီးပွားရေးအရ အကြီးအကျယ်လုပ်နေတယ်။ ဒီလုပ်ငန်းက ထိုင်းနိုင်ငံသားခြောက်သန်းကို အလုပ်အကိုင် အခွင့်အလမ်းပေးနေသလို မြန်မာလုပ်သားတစ်သိန်းကိုလည်း အလုပ်အကိုင်ပေးနေတယ်” ဟု ၎င်း၏လေ့လာခဲ့မှုများကို ပြန်ပြောဆိုခဲ့သည်။
၁၉၇၂ ခုနှစ်ကတည်းက ငါးသယံဇာတရှားပါးလာပြီး တစ်နာရီလျှင် ၂၅ ကီလိုခန့်သာ ဖမ်းမိတော့သည့် ထိုင်းနိုင်ငံသည်ဆယ်စုနှစ်တစ်ခုကြာသည့်တိုင်အောင် နံပတ်(၁) ပို့ကုန်တင်ပို့သောနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်းမှာ မြန်မာငါးသယံဇာတများဖြင့် ရပ်တည်နေခြင်းသည်ဟု ၎င်းက ထောက်ပြခဲ့သည်။
၎င်းသွားရောက်လေ့လာခဲ့သည့် ရနောင်းမြို့တွင် ငါးလေလံဈေးသာရှိပြီး တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်သည့် စက်ရုံများတည်ဆောက်မှုမရှိကြောင်း၊ ထိုသို့ တည်ဆောက်မှုမရှိခြင်းမှာ မြန်မာငါးသယံဇာတကို မှီခိုနေရသည့်အတွက် မြန်မာအစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွားအတွက် မူဝါဒပြောင်းလဲခဲ့ပါက ရနောင်းသည် အချိန်မရွေး ခြောက်ကပ်သွားနိုင်သဖြင့် စက်ရုံများတည်ဆောက်ခြင်းမရှိဟု ၎င်းကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး ရနောင်းကဆိုပါက ၁၁ နာရီခန့်သွားရောက်ရသည့် မဟာချိုင်တွင်သာ ကုန်ချောထုတ်စက်ရုံများတည်ရှိပြီး ထိုင်းအစိုးရအနေဖြင့် ထိုစီးပွားရေးလုပ်ငန်းကို ကောင်းမွန်စွာ စီမံခန့်ခွဲ အုပ်ချုပ်နိုင်ပြီး ငါးသယံဇာတ၊ လူသယံဇာတ ပေါကြွယ်လှသည့် မြန်မာနိုင်ငံအနေဖြင့် ငါးလေလံဈေးတစ်ခု တည်ထောင်နိုင်သင့်ကြောင်း ၎င်းက ထောက်ပြသည်။
ငါးလေလံဈေး အကောင်အထညာ်ဖော်နိုင်ရန် ကြိုးစားသူများကလည်း ကြိုးစားနေသကဲ့သို့ပင် ငါးလေလံဈေးက်ို စောင့်မျှော် ကြိုဆိုနေသူများကလည်း ရှိနေသည်။ ထိုအထဲတွင် ဂျိမ်းစဘွန်း ငါးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုထွန်းနောင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
“ ကျွန်တောတို့ ယိုးဒယား (ထိုင်း) လည်း သွားရောင်းနေတာပဲ၊ ယိုးဒယားမှာ ရောင်းရတာ ဒီထက်နိမ့်တယ်။ ဈေနှုန်းတူရင်တောင်မှ ကီလိုလျှော့တာတွေ စိုးရိမ်ရတယ်” ဟု သူ၏ ထိုင်းနိုင်ငံ ငါးရောင်းအတွေ့ အကြုံကိုပြောပြသည်။
ငါးလှေတစ်စီး ဝင်ရောက်လာပါက နေရာအနှံ လိုက်လံရောင်းချရမှုကြောင့် အလုပ်သမားများ ပင်ပန်းပြီး ကုန်ကျစရိတ်များ ပိုမိုကုန်ကျလျက်ရှိသောကြောင့် ဒေသခံ ငါးလုပ်ငန်းရှင်များက ငါးလေလံဈေးကြီး အမြန်ပေါ်ပေါက်ရန် ဆန္ဒရှိနေသည်။
“ ငါးဈေးဖွင့်ဖြစ်လို ဈေးနှုန်းတူရင် ကျွန်တော်တ်ို့ ငါးဈေးမှာပဲ သွားရောင်းမယ်။ ငါးဈေးမဖွင့်သေးတာတော့ သူတို့အပိုင်းပေါ့။ တကယ်လို့ ဖွင့်ဖြစ်ရင် ကျွန်တော်တို့ တစ်စီးလောက် သွားစမ်းရောင်းမယ်။ အဆင်ပြေရင် ဆက်ရောင်းသွားမယ်” ဟု ကိုထွန်းနောင်က ဆက်ပြောသည်။
သို့သော် ကိုထွန်းနောင် မျှော်မှန်းနေသည့် ငါးလေလံဈေးကား အစိုးရ၊ ကုမ္ပဏီနှင့် ဒေသခံငါးစက်လှေသမားတို့၏ အမြင်ကျယ်ကျယ်ဖြင့် ကြည့်မြင်နိုင်စွမ်းပေါ်မူတည်နေသည်။
ထိုငါးလေလံဈေးကြီး မပေါ်သေးသရွေ့ မြန်မာ့ ငါးသယံဇာတ ဖြင့် စီးပွားဖြစ်ထွန်းနေသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ရနောင်းကမ်းခြေမှ မြန်မာ့ရေပိုက်နက်ကို လက်ပိုက်လျက် ပြုံးပြုံးကြီးကြည့် နေဦးမည်ကတော့ အသေအချာပင်ဖြစ်သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်