အကျဉ်းထောင်အတွင်းမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ယခင်နှစ်ထက် များပြားလာ

အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူသည် ယခင်နှစ်ထက် ၅ဝ ကျော်ရှိလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန (နေပြည်တော်) မှ သိရသည်။
” အရင်နှစ်က အကျဉ်းထောင်တွေမှ တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုတာက ၃၉ ယောက်ရှိပြီး အခုနှစ်မှာ ၉၄ ယောက်ရှိလာပါတယ်” ဟု အကျဉ်းဦးစီးဌာန(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့သည် အကျဉ်းထောင်အတွင်း ကျောင်းနေအရွယ် ကလေးများပညာရေး မဆုံးရှုံးစေရန် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို အကျဉ်းထောင်အတွင်း နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ဦးရှိကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင် မှ တက္ကသိုလ်ဝင်တန်းကျောင်း သား ၃၂ ဦး ကျောင်းသူတစ်ဦး စုစုပေါင်း ၃၃ ဦးနှင့် မန္တလေးအကျဉ်းထောင်မှ ကျောင်းသား ၅၄ ဦးနှင့် ကျောင်းသူ ခုနစ်ဦး စုစုပေါင်း ၆၁ ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ အကျဉ်းကျသူ များပါဝင်ဖြေဆိုခဲ့ရာ အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ၂၈ ဦး၊ မန္တလေးအကျဉ်းထောင်တွင် ၁၁ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းထောင်တစ်ခုမှ ဝင်ရောက်ဖြေဆိုသူ ၄၁ ဦးရှိခဲ့ကြောင်း သိရသည်။
ဇင်နိုင်

39Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်