ဂျိုးဖြူရေပိုက်မစင်လိုက် လူမိုက်ကောင်းစားမည်

ကျွန်ုပ်နှင့် သတင်းထောက်မောင် စိတ်ဆတ်တို့ ဆရာတပည့်နှစ်ဦး မင်္ဂလာတောင်ညွန့်ဘက်တွင် တိုက်ခန်းမီးလောင်သည့် သတင်းကြောင့်တလေးတစားအပြေးအလွှား ခရီးနှင်ခဲ့ရပေ၏။ တိုက်ခန်းမီးလောင်သည်ဟူသော ရပ် ကွက်သို့ရောက်ရှိခဲ့သော်လည်း မီးသတ်ကားမဆိုထားနှင့် ကြက်ခြေနီ ဦးထုပ်တစ်လုံးပင် ရှာမတွေ့အောင်ဖြစ်နေ၍ သတင်းပေးသူငဝင်းလေးတူဆီသို့ ပြုံးဓာတ်သန်းကာတွေးရင်း ဖုန်းဆက်လှမ်းကာမေးခြင်း ပြုလုပ်ရပေတော့၏။
” ဟေ့ကောင် ငဝင်းတူရေ၊သတင်းယူစေဆိုလို့ငါတို့မှာ တအားပန်းစွာနဲ့ မနားတမ်းလာခဲ့ပေမဲ့ မင်္ဂလာတောင်ညွန့် မှာ ကင်မရာတောင်စွန့်ခွာချင်အောင်ဖြစ်နေပြီ။ မင်းပြောတော့ တိုက်ခန်းမီးလောင်လို့ဆို၊ အခုငါတို့ရောက်နေတာ မီးခိုးလည်းမတွေ့၊ ပြာမှုန်လည်းဆီးမကြို ခရီးကိုဘယ်လိုဆက်ရပါ့မလဲကွာ” ဆိုပြီး နဘေနှောကာအသေ ပြောကာမှဒီကောင်ကရယ်ဖြဲဖြဲနဲ့ ညီကိုတွေအလား ဒီလိုဖြေကြားတော်မူသပါ့”
မိုက်ရမ်းပြီးကြောင်နေလို့ တိုက်ခန်း မီးလောင်တယ်လို့ ကျုပ်ပြောတာပါ၊ ဆရာရေ။ ဒီလိုဗျ၊ ညီကိုရ။ မင်္ဂလာ တောင်ညွန့်မှာ ကျုပ်ငှားခဲ့တဲ့တိုက်ခန်းပိုင်ရှင်ကအခန်းခကို အရင်ကထက် တမင်ခွတက်တော့ ဘဝင်ကပျက်သလို ဖြစ်ရ ပြီလေ။ အစိုးရအသစ်ရဲ့ အခွန်တွေတိုးမြှင့်ကောက်ခံတဲ့အတွက်ကြောင့် ကျုပ်ကိုလည်း အိမ်ခန်းခမြှင့်တင်သတဲ့လေ။ အဲဒီတော့ ကျုပ်ဘဝကြီး မင်္ဂလာတောင်ညွန့်မှာ မနေရဲလို့ ထွက်ပြေးလာတာ။ ရိုးရိုးလောင်တဲ့မီးထက် လည် ပယ်မြင့်တယ် ကိုယ့်ဆရာရေ့။ နေပါအုံး ခင်ဗျားကို ကျုပ်မေးရအုံးမယ်။ မီးလောင်ရင် မပူဘူးလား။
” ပူတာပေါ့ကွာ ငဝင်းတူရာ”
ဟုတ်ပြီဗျာ- ခင်ဗျားမှာ အိမ်လခပေး စရာမရှိရင်ရော ခင်ဗျားဘဝကြီးမပူဘူးလား။
” အေး- အဲဒါလည်း ပူတာပဲလေ၊ ငဝင်းတူရယ်။ အတင်းပူတယ်ကွာလို့တောင် ပြောချင်သပါ့”
ဒါဆို ကျုပ်နေခဲ့တဲ့ မင်္ဂလာတောင်ညွန့်က တိုက်ခန်းမီးလောင်တယ်ဆိုတာ ရှင်းပြီလား။ ခင်ဗျား တရားလေးဘာလေး နာပါအုံးကိုယ့်လူရာ။ ကျုပ်တောင်မှ ဓမ္မကထိကတွေလို ပုံပမာခိုင်းပြီး ဆုံးမတတ်နေပြီ။ မေးနည်းမြန်းနည်းကျွမ်း ကျင်နေပြီ။ အိမ်လခမတရားတိုးတောင်းလို့ တိုက်ခန်းမီးလောင်တယ် ပြောတာရှင်းပြီလား။
” ဟုတ်ကဲ့ ရှင်းပါပြီ”
တကယ်လို့ အိမ်ရှင်ကမတော်လောဘ စိတ်နဲ့ ကျုပ်ဆီက လစာတိုးပြီးမယူရင် အပူပင် ရှိပါအုံးမလား”
” မရှိပါဘူး ဘုရား”
တိုက်ခန်း မီးလောင်တယ်လို့ ဥပမာ ပေးပြီးပြောစရာ လိုပါအုံးမလား။
” မလိုတော့ပါဘူးဘုရား။ ဟား …ဟေ့ ကောင် ငဝင်းတူ၊ မင်းတော့ကွာ၊ ဓမ္မကထိကယောင်ယောင် ဘာယောင်ယောင် နဲ့ မိုးကြိုးတွေပစ်ချခံနေရအုံးမယ်။ မနောက်နဲ့စမ်း။ တော်တော် အမေးအမြန်း ထူတဲ့ကောင်။ ငါလည်း မေ့ပြီး တရားနာ ပရိတ်သတ်လို လျှောက်ဖြေနေမိတယ်။ ဒုက္ခပဲ၊ ဖုန်းဘေလ်တွေ ကုန်ပါပြီကွာ။ လေများရင် ဘေလ်စားချင်တဲ့ခေတ်မှာမှ မင်းလို စကားကြောရှည်တဲ့ သတ္တဝါနဲ့ ဖုန်းပြောမိတာကံဆိုးတာပဲ။ ကဲကွာဖုန်းချလိုက်ပြီ မှတ်ရော”
အဲ—တိုက်ခန်း ငှားခ ဈေးတက်တာကို မီးလောင်တယ်ဆိုပြီး ကြံကြံဖန်ဖန် သတင်းလှမ်းပေးတယ်။ မဖြစ်ဘူး၊ ထွက် လာတဲ့လက်စနဲ့ သတင်းတစ်ပုဒ်တော့ ရအောင်ဆက်ပြီး ချီတက်ရမယ်။
မောင်စိတ်ဆတ်ရေ၊ မင်္ဂလာတောင်ညွန့် မီးသတင်းဆိုတာ တကယ်တော့ တိုက်ခန်းငှားခဈေးတွေ မတရားခုန်တက် လာ လို့ အိမ်ငှားတဲ့ကောင်က တခြားတစ်နေရာကိုထွက်ပြေးသွားရတယ်။ အဲဒါကိုရွဲ့ပြီး တိုက်ခန်းမီးလောင်တယ် ပြောတာဟ။ ဒီကောင် တခြားရပ်ကွက်ရောက် လည်းမကြာဘူး၊ နောက်တစ်နေရာ လောင်အုံးမှာ။ လူတွေက လောဘနဲ့ ရှင်သန်နေကြတာလေ။ ရန်ကုန်ဆိုတဲ့ ဧရိယာက သိတဲ့အတိုင်းပဲ။ အကုန်လုံးနီးပါး အသားစားဘီလူးတွေလို ဖြစ်ကုန်ပြီကွ။ ဒေါသတအားမွှေတဲ့ လောဘသမားတွေရဲ့ ရန်ကုန်မှာသတင်းမရှားပါဘူး။ အပြင်းမဖျားဖို့သာဂရုစိုက်။ ကဲ ရန်ကုန်ဂျိုးဖြူရေထဲ မစင်ပိုးတွေတွေ့ တယ်ဆိုတဲ့သတင်း ဟုတ်၊ မဟုတ် ရအောင်စုံစမ်းကြမယ်။ ရော့- ကင်မရာကြီး လွယ်အုံး။
” ဆရာရယ်။ ဘာလုပ်အုံးမလို့လဲ။ ဒီနေရာက လူမြင်ကွင်းကြီးလေ”
ဟာ-ဟုတ်သားပဲ။ သေးနံ့တွေတအား မွှန်နေလို့ အပေါ့သွားတဲ့နေရာထင်နေ တာ။ ဪ–ရန်ကုန်ရယ်။ မင်းအတွက် ဘတ်ဂျက်တွေ ဘယ်လိုသုံးသုံး။ တစ်မြို့လုံး သေးနံ့ဖုံးနေပါလားနော်။ ငါတောင်အားကျပြီး တွေ့တဲ့နေရာပေါက်ချင်လာပြီ။ ဟင်းဟင်း- မောင်စိတ်ဆတ် ဆိုတဲ့ သတင်းထောက်ကြီးကို အားနာ ပေလို့ဟေ့။
ဤသို့ဖြင့် ကျွန်ုပ်နှင့် မောင်စိတ်ဆတ် မြို့တော်ခန်းမဘက်သို့ စကားတပြောပြော ချီတက်ကြပြန်ပေတော့သည်။
” ဆရာ- အရာရှိတွေက သတင်းမီဒီယာဆိုရင် သိပ်ပြီးမဖြေချင်ကြဘူးနော်။ အခုဆရာပြောတဲ့ ဂျိုးဖြူရေထဲမစင်ပိုး တွေဝဲပျံပျော်မြူးနေတဲ့သတင်းကို စည်ပင်ရေသန့်ဌာနမှူးက မဟုတ်မှန်ကြောင်း ရှင်းလင်းသွားပြီလေ။ တော် ကြာကျွန်တော်တို့ကို ဆွချင်လို့၊ ဖွချင်လို့ဆိုပြီးပုဒ်မရွေးကာ ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ။ ခေတ်က လူကောင်း ရှားနေပြီ။ သတင်းမှန်ရင်တောင် အငြင်းသန်နေတဲ့ အရာရှိတွေကများတယ်လေ” အထူးကုဆရာဝန်တစ်ယောက် ကိုယ် တိုင်ကရန်ကုန်မှာ ဂျိုးဖြူရေထဲ မစင်ပိုးတွေ့တယ်လို့ လူသိထင်ရှားပြောကြား ပြီးပြီလေ။ မင်းကွာအထူးကုနော်။ ရိုးရိုး ကုမဟုတ်ဘူး။
” ဆရာရယ်။ အထူးကု ဆရာဝန်ကြီးတွေလည်း အမှားမကင်းကြပါဘူး။ မစင်ပိုးတွေ့တော့ဘာဖြစ်လဲ။ မစင်ဆိုတာ လူတိုင်း နေ့စဉ်ကိုင်တွယ်နေရတဲ့ သဘာဝဖျော်ရည် တစ်မျိုးပဲဥစ္စာ။ အဲဒီမစင်ဆိုတာလည်း ကျွန်တော်တို့ စားထားတဲ့ အာဟာရတွေ ဓာတ်ပြောင်းကုန်တာလေ။ အသွင်ပြောင်း မိတ်ဟောင်းစားဖွယ်တွေပဲလေဗျာ”
ဟေ့ကောင် မောင်စိတ်ဆတ်။ မင်းက ရွာသားမို့ မရွံပေမဲ့၊ ရန်ကုန်သူ၊ ရန်ကုန် သားတွေက ရွံတယ်ဟ။ အခုတောင် ဖေ့စ်ဘုတ်မှာ မစင်ကိစ္စကိုဘယ်လို တော်လှန်မလဲဆိုပြီး လူစုနေတယ် ဆိုလား။
” မရွံပါနဲ့လို့ ပြောပေးပါဆရာရယ်။တော်ကြာ ဂျိုးဖြူရေပိုက်လိုင်းပြုပြင် မွမ်းမံ ဖို့ဆိုပြီး (Budget)ဘတ်ဂျက်တွေ မ တော်မတရားထပြီးတောင်းနေကြမှ ဖြင့်လွှတ်တော်ထဲ လူသတ်ပွဲတွေဖြစ် ကုန်ပါအုံးမယ်။ နိုင်ငံတော်စီမံကိန်း ကျတော့ ကျပ်သန်းကိုးထောင်၊ ကျပ်သန်းနှစ်သိန်းရှစ်ထောင် အဲဒီလိုတွေ စာရင်းတင်ရတာလေ။ တော်ကြာမစင် ပိုးတစ်ကောင်သတ်ဖို့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာသုံးရာဆို ဘယ်လိုလုပ်မလဲ။ မစင်ပိုးကောင်ရေက တစ် လက်မကို သန်းပေါင်းခြောက်ထောင်နဲ့ပဲတွက်ကြည့်။ ဂျိုးဖြူပိုက်အရှည်က မိုင်တစ်ရာနဲ့ပဲတွက်အုံး။ တစ်မိုင်ကို ၅၂၈ဝ ပေရှိတယ်။ ၅၂၈ဝ ကို ၁၂ လက်မနဲ့ မြှောက်။ ရတဲ့အဖြေကို မိုင်တစ်ရာနဲ့ ထပ်မြှောက်၊ အဲဒီဟာကို သန်းခြောက် ထောင်နဲ့ထပ်မြှောက်၊ ရလာတဲ့အဖြေကို ထပ်ပြီးဒေါ်လာလေးရာနဲ့မြှောက် ကမ္ဘာ့ဘဏ်တောင် ပြာကျသွားမယ့် စီမံကိန်း မျိုးဖြစ်မှာစိုးတယ်ဆရာ”
အေးကွ— မင်းပြောတဲ့ ဥပမာမဆိုးဘူး။ ဒါဆိုဂျိုးဖြူရေထဲ မစင်ပိုးတွေ ဝင်တယ်ဆိုတဲ့ကိစ္စ ငါတို့ထောက်ခံအား ပေးရမယ်။ ငါဖတ်ဖူးတဲ့ အံ့ဩဖွယ်ရာ ဆေးကမ္ဘာစာအုပ်ထဲမှာ မစင်ပိုးတွေ ရောထွေးနေတဲ့ရေကို သောက်ရင် ကင်ဆာပျောက်တယ်။ အဲဒီရေနဲ့ တစ်နေ့ကို မျက်နှာခုနစ်ကြိမ်သစ်ရင် စော်ကြည်တယ်။ သွားသုံးကြိမ် မှန်မှန်တိုက်ရင် ယာဉ်အန္တရာယ် ကင်းဝေးတယ်။ ညအိပ်ခါနီး ခြေထောက်ဆေးရင် အကြောတက်တာတွေ ပျောက်တယ်။
မစင်ပိုးဆိုတာ လူ့ခန္ဓာကိုယ်ကနေ ပေါက်ဖွားဖြစ်တည်တာဆိုတော့ လူတွေ ကို ဘယ်တော့မှဒုက္ခမပေးဘူး။ အထူးသဖြင့် ငါတို့မြန်မာပြည်မစင်ပိုးက ပိုပြီး လိမ္မာကြတယ်။ တောင်သူတွေ လယ်အသိမ်းခံရတာကို သူတို့သိတယ်။ မြန်မာ ပြည်မှာရောဂါဖြစ်ရင် အနာတခြား ဆေးတခြားနဲ့ သေသွားတာမျိုးတွေရှိနေတာလည်း သူတို့တွေသိတယ်။ အထူးကု တချို့ကြောင့် ကုဋေကြွယ်သူဌေးလူနာတွေစီးပွားပျက်ပြီး အသက်ထွက်ကုန်တာလည်း မစင်ပိုးတွေကသိတယ်။ သာ မန်နေထိုင်မကောင်းတဲ့ ခဏတဖြုတ် အဖျားမျိုးကိုတောင် အူရောင်တယ်၊ အသည်းဖောတယ်၊ ကျောက်ကပ်စိတ် ညစ်နေတယ်၊ လျှာအရိုးတွေအလိုင်း မင်းချိန်ရအုံးမယ်ဆိုပြီး ခွင်ဖန်ချင်တဲ့ ဆရာဝန်ခပ်ညံ့ညံ့တွေ ရှိနေတယ်ဆို တာလည်း မစင်ပိုးတွေကသိတယ်။အသက်လေးဆယ်ဝန်းကျင် လူလတ်ပိုင်း တစ်ယောက် ချောင်းဆိုးလို့မြို့တစ်မြို့ မှာရောဂါလာပြီး စမ်းသပ်ဖူးတော့ သိန်းတစ်ရာလောက် ကုန်နိုင်သလားဆိုပြီး မေးမြန်းခံခဲ့ရတာကိုလည်း မစင်ပိုးတွေ ကသိနေတယ်။ အဲဒီ ချောင်းဆိုးတဲ့လူနာကို (ကင်ဆာ ပျိုးနေပြီ၊ မကုသဘဲနေရင် တစ်နှစ်အတွင်း အသက်အန္တရာယ်ရှိ တယ်လို့ ခြိမ်းခြောက်ပေမဲ့) အသက် လေးဆယ်အရွယ်လူနာဟာ သူ့ရွာသူ ပြန်ပြီးလယ်ထွန်လိုက်၊ ခြင်းခတ်လိုက်နဲ့ ဘယ်ဆရာဝန်မှ တွေ့ချင်စိတ်မရှိတော့ဘဲ နေရင်းထိုင်ရင်း အသက်တစ်ရာနီး ပါးရောက်မှ လူကြီးရောဂါနဲ့ကွယ်လွန် သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုလည်း မစင်ပိုးတွေသိတယ်။
” ဆရာ- နားထောင်လို့ ကောင်းလိုက် တာဆရာရယ်။ ဆရာ့ရဲ့ (အံ့ဩစရာ ဆေးကမ္ဘာ)ဆိုတဲ့ စာအုပ် ကျွန်တော့်ကို ငှားပါအုံးနော်။ နတ်တင်မလို့။ (အဲလေ ဖတ်ချင်လို့ပါ)ဆရာ”
ဟေ့ကောင် မောင်စိတ်ဆတ်။ ဂျိုးဖြူ ပိုက်ပြင်ဆင်စရိတ်တွေ အစိုးရဆီက မတရားထတောင်းမှာကြောက်လို့ ငါ့ဘာသာ စိတ်ကူးတည့်ရာ လျှောက်ပြောနေတဟ။ မစင်ပိုးတော်လှန်ရေးအတွက် လေ့ကျင့်နေတာလေ။
” ဗျာ။ ဆရာ့ ဘေးရမ်း(အဲလေ-ဆေး ကျမ်း)အညွှန်းကတော့ မိုက်တယ်ဗျာ”
မမိုက်လို့ မရဘူး။ မြန်မာပြည်မှာ ခပ်တည်တည်နဲ့ ရွှီးရဲရတယ်။ ခပ်တည်တည်နဲ့ ပြောရဲရတယ်။ ခပ်တည်တည်နဲ့ မှားရဲရတယ်။ ခပ်တည်တည်နဲ့ တောင်းပန်ရဲရတယ်။ ခပ်တည်တည်နဲ့သိချင် ယောင်ဆောင်ရဲရတယ်။ (ဆရာဝန် ဖြစ်ဖြစ်၊ အင်ဂျင်နီယာ ဖြစ်ဖြစ်၊ ဝန်ကြီး ဖြစ်ဖြစ်၊ ခရိုနီဖြစ်ဖြစ်၊ ဘယ်လိုစီးပွား ရေးသမားပဲဖြစ်ဖြစ် အဲဒီလိုကျင့်ကြံပြီး လုပ်ရဲကိုင်ရဲမှ စည်းစိမ်ပြည့်စုံတဲ့ခေတ်ကွ။ (ကြောက်တဲ့လူခံ။ ဖောက်တဲ့လူစံ)တဲ့။ အဲဒါကြောင့် ဘာမသိ၊ ညာမသိနဲ့ ဂျိုးဖြူရေပိုက် မစင်လိုက်ဆိုပြီး သူများထင်မြင်ချက်တွေနောက် ကိုယ်မရောက် စေနဲ့။ ကိုယ့်ထင်မြင်ချက်နောက်ကိုသာ သူများတွေ ပါလာအောင်လုပ်။ တော်ကြာ ဘတ်ဂျက်အတောင်းပက်စက်တဲ့ လူမိုက်တွေက ဂျိုးဖြူပိုက်ထဲက ကျူး ကျော်မစင်တွေအတွက် အိမ်ရာဆောက် ပေးရမယ်ဆိုပြီး မတော်မတရားကြံစည် ကုန်ရင်ဒုက္ခ။ ” ဟုတ်ပါ့ဆရာရယ်။ လူ မိုက်ထူပွား လူကောင်းရှား ခေတ်ကိုး” ။ ဟေ- –မောင်စိတ်ဆတ်တောင် နိုင်ငံရေးနှံ့စပ်လာပြီဟေ့။ ဟား-ဟား-ဟား။
သန်းထိုက်လူ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်