"Mytel တွင် ကာကွယ်ရေးဦးစီးချုပ်၏သား ရှယ်ယာပါဝင်မှု မရှိဟု တာဝန်ရှိသူပြော"

Mytel ၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Mytel ၏ ပြည်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးအား မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။တာဝါတိုင်တည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေရှိတဲ့အပေါ် ပြောပြပေးပါ။
ဖြေ။ ။အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး တခြားသူတွေလည်း ကြုံတွေ့ခဲ့ပါတယ်။ အဲဒါတွေကဘာလဲဆိုတော့ လွဲမှားတဲ့အယူအဆလေးတွေပါ။ အဲဒါကဘာလဲဆိုတော့ တာဝါကထွက်တဲ့ လှိုင်းကလူဦးနှောက်ကို ထိခိုက်စေတယ်။ ထိခိုက်မှုတွေရှိတယ်လို့ ပတ်ဝန်းကျင်ကကန့်ကွက်ကြတယ်။ ကျွန်တော်တို့ကလည်း တာဝါတိုင်ဆောက်လို့ရှိရင် ဘေးပတ်ဝန်းကျင်ကခွင့်ပြုချက်ကိုယူပြီးဆောက်တာပါ။ ဘေးပတ်ဝန်းကျင်ကသဘောတူပြန်တော့လည်း ကျန်တဲ့အနီးအနားတွေမှ ဝိုင်းပြီးကန့်ကွက်တာမျိုးတွေ ရှိကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေက ပြည်သူ့ကြားမှာလိုင်းကြောင့် ဘာမှအန္တရာယ်မရှိပါဘူးဆိုပြီး ဆွေးနွေးပွဲတွေပြုလုပ်တယ်။ တော်တော်များများကို အဆင်ပြေကြပါတယ်။ ရှင်းပြတာကိုလည်း လက်ခံကြပါတယ်။ ပြဿနာရဲ့နောက်ကွယ်က တစ်ဦးနဲ့တစ်ဦး မနာလိုတာတွေဖြစ်တယ်။ အမှန်ကသူ့အိမ်ကိုငှားတယ်။ ငါ့အိမ်ကိုသူမငှားဘူးဆိုတဲ့ မနာလိုမှုလေးတွေရှိတယ်။ မနာလိုမှုလေးတွေကြောင့် တိုင်ကြတာလည်းရှိတယ်။
မေး။ ။အခုထွက်နေတဲ့ဆက်သွယ်ရေးလိုင်းတွေနဲ့ပတ်သက်ပြီး ဘာအားသာချက်တွေပါရှိလာနိုင်ပါသလဲ။
ဖြေ။ ။အဓိကကတော့ မြန်နှုန်းပါပဲ။ 4G စနစ်မြန်နှုန်းကို ပါဝင်အောင်အဓိကလုပ်ဆောင်ထားပါတယ်။
မေး။ ။တိုင်းနဲ့ပြည်နယ်တွေမှာ ဆက်သွယ်ကွန်ရက် အားကောင်းလာအောင် ဘယ်လောက်ထိများ ဆောင်ရွက်သွားဖို့ရှိသလဲ။
ဖြေ။ ။ကျွန်တော်တို့ဆက်သွယ်ရေးကွန်ရက်အားကောင်းလာအောင် သုံးနှစ်အတွင်းတာဝါတိုင် ၇၀၀၀ ဆောက်မယ်လို့ စီစဉ်ထားပါတယ်။
မေး။ ။ ဆရာတို့ဆက်သွယ်ရေးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သား ရှယ်ယာပါဝင်တယ်လို့ကြားသိရတဲ့အပေါ် ပြောပြပေးပါ။
ဖြေ။ ။အဲဒါကတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က အများပိုင်ကုမ္ပဏီဖြစ်တယ်။ MEC ရဲ့ ကုမ္ပဏီလက်အောက်က ကုမ္ပဏီတစ်ခုလည်းပါတယ်။ အဲဒါကိုအထင်နဲ့ပြောတာနေမှာပါ။
မေး။ ။ဆင်းကတ်ဈေးနှုန်းနဲ့ပတ်သက်ပြီး ဈေးနှုန်းသတ်မှတ်ချက်လေးတွေ ဘယ်လိုပြုလုပ်မယ်ဆိုတာကို ပြောပြပေးပါဦး။
ဖြေ။ ။ဈေးနှုန်းကိုတော့သတ်မှတ်ဖို့လုပ်နေပါတယ်။ မကြာခင်မှာ Mytel ရဲ့ Page မှာ ကြေညာမှာဖြစ်ပါတယ်။ အခုအချိန်မှာ ဈေးနှုန်းကို ပြောလိုက်လို့ရှိရင် အပြိုင်အဆိုင်တွေရှိတဲ့အတွက် နားလည်ပေးပါ။
မေး။ ။လက်ရှိအပြိုင်အဆိုင်ရှိနေတဲ့ဆက်သွယ်ရေးနဲ့ပတ်သက်ပြီး အောင်မြင်ဖို့ ဘယ်လိုများဆောင်ရွက်မလဲ။
ဖြေ။ ။အကောင်းဆုံးဖြစ်ဖို့အတွက် ဆောင်ရွက်သွားမှာပါ။ အကောင်းဆုံးဖြစ်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ ဒါတွေကိုရွေးချယ်အသုံးပြုတဲ့သူတွေက သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။
မေး။ ။နောက်ဆုံးအနေနဲ့ ထွက်လာတဲ့ဆရာတို့ဆက်သွယ်ရေးလိုင်းက လက်ရှိအခြေအနေကို ထိုးဖောက်နိုင်ပါသလား။
ဖြေ။ ။ဆရာတို့ကတော့ ယုံကြည်မှုတွေရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတယ်။ သုံးစွဲသူတွေကလည်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ဆရာတို့ဆက်သွယ်ရေးလိုင်းကို ဘယ်နံပါတ်နဲ့စမှာလဲ။
ဖြေ။ ။ကျွန်တော်တို့က ၀၉၆ အဲဒီလို နံပါတ်တွေနဲ့စမှာပါ။ ကျွန်တော်တို့ကို ပေးထားတာက ၀၉၆ ဖြစ်ပါတယ်။ ၀၉၉ နဲ့ ၀၉၈ လည်းမရှိတော့ဘူး။ ၀၉၈ ဆိုတာ CDMA ကို ပေးထားတာဖြစ်ပြီးတော့၊ ၀၉၇ က တယ်လီနောကိုပေးထားတာ၊ ၀၉၆ က ကျွန်တော်တို့ နံပါတ်ဖြစ်ပါတယ်။ ၀၉၅ က CDSMA, ၀၉၄ က430 တွေ ဖြစ်တယ်။ ၀၉၃ က MEC တွေဖြစ်တယ်။
မေး။ ။ဆရာတို့အနေနဲ့ လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကို ဖြည့်စွက်ပြောကြားပေးပါဦး။
ဖြေ။ ။ထွက်တောင်မထွက်သေးဘူး၊ အပြိုင်အဆိုင်တွေဖြစ်နေတာကို တွေ့နေရပြီ။ အပြိုင်အဆိုင်တွေက ဘယ်သူ့ဆီကိုသွားလည်းဆိုရင် သုံးစွဲတဲ့သူတွေဆီကို သွားနေတယ်။ အဲဒီအကျိုးကစပြီးတော့ ခံစားရတော့မှာပါ။ ကျွန်တော်တို့ပါဝင်လာပြီဆိုရင် အပြိုင်အဆိုင်တွေမှာပါအကျိုးအမြတ်ခံစားရတော့မှာပါ။ ဈေးနှုန်းဆိုလည်း အပြိုင်အဆိုင်လုပ်တာဖြစ်တဲ့အတွက် သုံးစွဲသူတွေ ကျေနပ်မယ်လို့လည်း ယုံကြည်ပါတယ်။ သုံးစွဲသူတွေ စိတ်ဝါဝင်စားလာမှုရှိလာအောင် ဝန်ဆောင်မှုအများကြီးလည်း ပြုလုပ်ထားပါတယ်။
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်