ရာမညဌာနေက ဆောင်နိုင်ကြီး ရေတံခွန်ကို အပန်းဖြေခရီးသွားဖို့ ဖိတ်ခေါ်ပါရစေ

၂၀၁၈ ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၁၃)
မွန်ပြည်နယ်ကို ခရီးထွက်ရင်း မမျှော်လင့်ဘဲ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရဲ့တောင် ခြေကင်ပွန်းစခန်းကို ကျွန်တော်တို့အဖွဲ့ရောက်ခဲ့ပြီး အပန်းဖြေနေရာတစ်ခုလို့ အသံကြားဖူးနေတဲ့ ဆောင်နိုင်ကြီးရေတံခွန်ကိုပါ သွားရောက်လည်ပတ်ဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြတယ်။
အဲဒါနဲ့ပဲ ဆောင်နိုင်ကြီးကျေးရွာက သဘာဝအလှသခင်ဖြစ်တဲ့ ဆောင်နိုင်ကြီးရေတံခွန်ကို ရောက်ရှိခဲ့ပါတယ်။ ကင်ပွန်းစခန်းကနေ ကျိုက်ထီးရိုး တောင်တက်လမ်းအတိုင်း သွားရင်းနဲ့ လေပြေလေညှင်းတွေရဲ့ ဧည့်ခံမှုနဲ့အတူ ကျွန်တော်တို့အဖွဲ့ ခရီးဆက်ပါတယ်။ တောင်တက်ကားတွေကို စစ်ဆေးတဲ့နေ ရာမရောက်ခင်မှာ ကမ္ဘာမြေသား လမ်းဟောင်းလေးတစ်ခုကို ဖြတ်သန်းနေရတယ်။ အဲဒီလမ်းထိပ်နားမှာတင် ဆောင်နိုင်ကြီးရေတံခွန်လမ်းညွှန်ဆိုင်းဘုတ်လေးက ရိုးရှင်းစွာငြိမ်သက်နေပေမယ့် လမ်းညွှန်စာသားကိုဖတ်လိုက်ရ တော့ ကျွန်တော်တို့တတွေ တစ်ယောက် ကိုတစ်ယောက်ကြည့်ကာ ရေတံခွန် ရောက်ပြီဆိုတဲ့အသိနဲ့ ကြိုတင်ဇာတ် တိုက်ထားခြင်းမရှိဘဲ ပီတိကိုယ်စီဖြစ်မိ နေတဲ့ပြုံးရိပ်တွေ သန်းနေတယ်။ လမ်း ညွှန်ထားတဲ့အတိုင်း ဆောင်နိုင်ကြီးရေ တံခွန်ကို စတင်ချဉ်းကပ်မိတော့ ကရင်တိုင်းရင်းသားတွေရဲ့ ရွာကလေးကိုမြင် လိုက်ရတယ်။ သဘာဝတောတောင်တွေ ကြားမှာ ပကာသနမဖက်ဘဲ ဘဝကိုဖြူ ဖြူစင်စင် တည်ထောင်နေကြတဲ့ သူတို့ ရဲ့ မူရင်းအလေ့အကျင့်ဟာ ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေးသင်္ကေတအလား မှတ်ယူမိပါတယ်။
သဘာဝမြေသားလမ်းလေးရဲ့ ဘေးပတ်ဝန်းကျင်ကို သွားရင်း လာရင်း ကတိုက်ကရိုက် ကြည့်ရှုလိုက်ရပေမယ့် ပန်းချီပြခန်းထဲ ဖြတ်သန်းရင်း မှတ်တမ်း သွင်းနေသလို ခံစားရတာတော့ အမှန် ပါ။ ကျွန်တော်တို့အဖွဲ့မှာ ခရီးသွားလေး ယောက်ဆိုပေမယ့် တစ်ယောက်ချင်းစီ ရဲ့ အတွေးအာရုံထဲမှာ လက်ရှိရောက်နေ တဲ့ သဘာဝတောရွာလေးထဲက ရှုခင်း သစ်ရိပ်၊ ဝါးရိပ်တွေကလွဲလို့ ဘာကိုမှ စဉ်းစားမိကြဟန် မတူပါဘူး။ အားလုံး ငြိမ်သက်စွာ လမ်းလျှောက်နေပေမယ့် ကြည်နူးမှုတွေက အဆက်မပြတ်စီးဆင်း ရွေ့လျားရင်း ဘဝကိုအကောင်းဆုံးနေ ရာပို့အပ်ထားသလိုပါပဲ။ သွားရင်း သွား ရင်းနဲ့ ချောင်းကူးတံတားလေးကိုဖြတ် လျှောက်မိတယ်။ တံတားအလွန်မှာ တော့ ရေတံခွန်က အလိုအလျောက် မောင်းနှင်နေရင်း သူ့ရဲ့အစွမ်းအစကိုပြ နေပါပြီ။ ကျွန်တော်တို့အဖွဲ့ဟာ ရေတံ ခွန်ပတ်ဝန်းကျင်မှာ သဘာဝအလျောက် ပြန့်ကျဲနေတဲ့ကျောက်တုံးတွေပေါ်ကို လေ့ကျင့်ခန်းလုပ်သလို ကစားရင်းကူးခတ်သူကကူး၊ ထိုင်သူကထိုင်နဲ့ အအေး ဓာတ်ကိုခံယူဖမ်းစားလိုက်ကြတယ်။
ဆောင်နိုင်ကြီးရေတံခွန်ဧည့်ခန်းထဲ သဘာဝလေ၊ ရေ၊ မြေဓာတ်ပေါင်းများစွာကို စိတ်ကြိုက်ထိတွေ့ခံစားနေ စဉ်မှာပဲ တောတွင်းငှက်မျိုးစိတ်တွေရဲ့ အသံတွေက နားစည်အပေါ်ယံလွှာကနေ တစ်ဆင့် ကျွန်တော်တို့ရင်ထဲမှာ စခန်းချ ကုန်တယ်။
ကျွန်တော်တို့အဖွဲ့ရေတံခွန်ကပြန် ထွက်ခွာဖို့ အချက်ပြလာသူကတော့ ကောင်းကင်ကိုကြီးစိုးထားတဲ့ နေမင်းရဲ့ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ ခေါင်းပေါ်က နေမင်းဟာ တရွေ့ရွေ့နဲ့ မိုးကုတ်စက် ဝိုင်းခြမ်းကို ၅ဝ ဒီဂရီလောက်တိမ်းစောင်း အောင် ဆော့ကစားနေတော့ ကျွန်တော် တို့လည်း ကမ္ဘာမြေမမှောင်ခင် ပြန်ဖို့အ ပြောင်းအလဲတစ်ခုကို လှုပ်ရှားကြရပါ တော့တယ်။
ရေတံခွန်သွားရင်း ဆောင်နိုင်ကြီး ဘုန်းတော်ကြီးကျောင်းအတွက် ဝမ်း မြောက်ကြည်နူးစွာ စေတနာထက်သန် သလောက် တတ်နိုင်တဲ့ဘက်ကလှူဖြစ် ခဲ့တယ်ရိုးသားလွန်းတဲ့ ကရင်တိုင်းရင်း သားလေးဟာ ဆောင်နိုင်ကြီး ဘုန်း တော်ကြီး ကျာင်းအတွက် စေတနာ တတ်အားသရွေ့ နိုင်သလောက်သာ လှူကြတန်းကြ ဖို့ နိဗ္ဗာန်ဆော်လုပ်နေပါ တယ်။ ကျွန် တော်တို့ဟာ ကရင်လေးရဲ့ရိုးသားမှုကိုကြိုဆိုရင်း ဆောင်နိုင်ကြီး ရေတံခွန်ရဲ့ သဘာဝနယ်မြေအကြောင်း မေးခွန်းအ ချို့ပွင့်အန်ထွက်သွားပါတော့ တယ်။
ကရင်လူမျိုးလေးက အစ်ကို မိုး တွင်းလောက်ရေမများပေမယ့် ရေက ၂၅ ပေနက်သေးတယ်လို့ပြောတော့ ကျွန်တော်တို့အဖွဲ့လည်း ရေတံခွန်အခြေ က ရေထုထည်ရဲ့ကြံ့ခိုင်မှုအပေါ်ဝမ်းသာ ပီတိဖြစ်မိတာကတော့ အမှန်ပါပဲ။
ရေတံခွန်ကအပြန် လမ်းတစ် လျှောက်မှာ လမ်းကဆိုးပေမယ့် စမ်း ချောင်းလေးရဲ့ အသက်ဝင်မှု အလှအပ တွေ၊ သစ်ပင်တွေနဲ့စိမ်းစိုနေတဲ့ တောင် တန်းတွေ ကျောက်တုံးကြီးတွေပေါ်တည် ထားတဲ့ စေတီပုထိုးတွေက ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ဘာသာသာသနာအပေါ်အလေးအမြတ်ထားမှုကို ဖော်ညွှန်းနေပါ တယ်။
ရေတံခွန်ကို တက်လာစဉ်က တောင်တက်လမ်းဆိုပေမယ့် မောပန်း တဲ့အာရုံကပျောက်နေပြီး ရေသံလေး တွေကို စိတ်ထဲသိုလှောင်ရင်း အမော ပြေခဲ့ပါတယ်။ ရေတံခွန်တက်လမ်းတစ် လျှောက် အပေါ်ကစမ်းချောင်းဖြတ်စီးနေ တာနဲ့တွေ့ခဲ့ရပြီး ကျောက်ဆောင်၊ ကျောက်သားတောင်နံရံတွေရဲ့အလှ အပဟာ မြင်ကွင်းကိုအေးမြစေပြီး ရေရဲ့အောက်ခြေက သဲနုတွေပါတွေ့နေရပါ တယ်။
ဆောင်နိုင်ကြီးရေတံခွန်ကို သွားရ တဲ့လမ်းခရီးအခြေအနေကတော့ နူးညံ့ ခြင်းမဟုတ်သလို ခက်ထန်ခြင်းလည်း မဟုတ်ရပြန်ပါဘူး။ သေချာတာကတော့ သဘာဝတောတောင်ရေမြေတွေရဲ့ရှု ခင်းရသအတွေ့အထိအောက်မှာဒီလမ်းဟာဆိုးလား၊ ကောင်းလား ခွဲခြားခွင့်မရှိ အောင် နစ်မြုပ်နေတာတော့ အမှန်ပါပဲ။ တောတွင်းလမ်းဆိုပေမယ့် ခြေလျင်မ လျှောက်နိုင်သူတွေအတွက် ဒေသခံ တွေရဲ့ ဆိုင်ကယ်ဝန်ဆောင်မှုခရီးက ဈေးနှုန်းချိုသာ ဖော်ရွေလွန်းပါတယ်။ ကျွန်တော်တို့ ကားပေါ်ပြန်ရောက်ခဲ့ပါပြီ။ ကျိုက်ထိုမြို့နယ်ရောက်ရင် သဘာဝ အလှတွေကြား ပျော်ရွှင်မှုရသတွေခံစား ကြဖို့ ဆောင်နိုင်ကြီးရေတံခွန်ကို သွား ရောက်လည်ပတ်နိုင်ကြပါစေခင်ဗျာ။ သွားတဲ့ ခရီး မဝေးသလို ကုန်ကျငွေက လည်း သင့်တင့်တာကြောင့် တစ်ခေါက်လောက်သွားဖို့ တိုက်တွန်းပါရစေ..
ဇင်နိုင်၊ ပိုင်သက်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်