“မတရားပေါများလာသည့် KTV ဆိုင်အားလုံး ဗွီဒီယိုလုပ်ငန်းစိစစ်ရေးကော်မတီက လိုင်စင်ချထားပေးသော်လည်း ယဉ်ကျေးမှုဆုတ်ယုတ်လာခြင်းသာ အဖတ်တင်”

၂၀၁၈၊ မေ၊ ၁၂ ရက်(ယူနတီဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၂))

ရဲကျော်ထက်

အနှိပ်ခန်းတို့၊ KTV တို့ဆိုတာ မူးယစ်သောက်စားတတ်သူတွေ ပျော်ပါးကျက်စားရာနယ်မြေဖြစ်နေလို့ လူမှုပဋိပက္ခ ဖြစ်ပွားနိုင်ခြေ အများကြီးရှိပါတယ်။ ဒီလိုကိစ္စမျိုးကို ဗွီဒီယိုလုပ်ငန်းစိစစ်ရေး ကော်မတီက လိုင်စင်ချပေးတယ်ဆိုတော့ လုံခြုံရေးကို ဘယ်လိုအာမခံချက် ထားရှိပါသလဲ။ ရရှိလာတဲ့ဝင်ငွေခွန်တွေ လိုင်စင်လုပ်ငန်းအခွန်အခတွေကို တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ထဲကို ရောက်ရှိမှုရှိ၊မရှိ သိရသလောက်ရှင်းပြ ပေးပါ။

အဲဒါက အခုတရားဝင်ဖြစ်နေတဲ့ KTV တွေ ဘာတွေကို သူတို့အခွန်ကောက်တယ်လို့ကြားတယ်။ မှန်ကန်မှု ရှိ၊မရှိကတော့ ကျွန်တော်တို့အနေနဲ့ စိစစ်လို့မရသေးပါဘူး။ သူတို့ကိုယ်တိုင်က ဘယ်လောက် ဘယ်လောက်ရတယ်လို့ စာရင်းဇယားနဲ့ ထုတ်ပြန်ထားတာတော့ မရှိဘူး။ ကျွန်တော်တို့ဆီမှာ နှစ်စဉ်နှစ်တိုင်း ကောက်ခံထားတဲ့အခွန်အခတွေ ဘယ်လောက် ဘယ်လောက်ရတယ်လို့ ခြုံငုံပြီးတော့ တင်ပြတာတော့ရှိပါတယ်။ KTV တို့ အနှိပ်ခန်းတို့ဘယ်လောက်ရတယ်လို့တော့ ရေးမထားပါဘူး။ အနှိပ် ခန်းမှာတော့ မူးယစ်သောက်စားတဲ့အခန်းနဲ့ဒွန်တွဲနေတယ်လို့ မကြားဖူးဘူး။ ဒီရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုတာကလည်း အရက်ဆိုင်တို့ ဘာတို့မှာဖြစ်တာလောက်ပဲကြားဖူးတာလေ။ ဥပမာအားဖြင့် မုဒိမ်းမှုတွေဖြစ်တယ်။ လူသတ်မှု တွေဖြစ်တယ်ဆိုတာလည်း မူးယစ် သောက်စားပြီးမှ ဖြစ်တာပါ။ KTV ကပြန် လာပြီးဖြစ်တယ်လို့တော့ တစ်ခါမှမကြားဖူးဘူး။ အခွန်အနေနဲ့တော့ ဘယ်လောက် ဘယ်လောက်ကောက်တယ်လို့တော့ ကွဲကွဲပြားပြား အခွန်ဇယားမှာလည်း ဘယ်ကဏ္ဍကဘယ်လောက်ဆို ပြီး မပြောဘူး။ ယစ်မျိုးခွန်ဆိုဘယ်လောက်ဆိုပြီး လုံးထွေးပြီးတင်ပြတာတော့ရှိတာပေါ့။ အသေးစိတ်တော့မသိ ရဘူး။ အနှိပ်ခန်းတွေကို တရားဝင်လုပ် နိုင်တယ်ဆိုတာ ပြည့်တန်ဆာအားပေး မှုခင်းတွေအားပေးဖို့ မဟုတ်ဘဲ အလုပ် အကိုင်အခွင့်အလမ်းရရှိရေးနဲ့ ဒီဥစ္စာတွေ တရားဝင်ဖြစ်လာတယ်ဆိုရင် တရားဝင်ဖြစ်တဲ့အတွက် တရားဝင်စစ် ဆေးပိုင်ခွင့် ဒါတွေရှိသွားပြီ။ အဲဒီအတွက်ကြောင့် စနစ်တကျထိန်းကျောင်း လို့ရသွားမယ်။ အခုဖြစ်နေတဲ့ပြည့်တန် ဆာနဲ့ဆက်နွယ်နေတဲ့ကိစ္စတွေ ဘယ်တော့မှဖြစ်လာစရာအကြောင်းမရှိတော့ဘူး။ ဒီအနှိပ်ခန်းတွေနဲ့ပတ်သက်ပြီး ပြည့်တန်ဆာလုပ်ငန်းတွေ ဖြစ်ပေါ်နေတယ်။ ပြည့်တန်ဆာကိစ္စတွေ ဖြစ်ပေါ် နေတယ်ဆိုတာ ဘယ်လိုခေါ်မလဲတရား ဝင်မဟုတ်ဘဲ ခိုးကြောင်ခိုးဝှက်ဖွင့်ထား ကြတာဖြစ်တဲ့အတွက် အဲဒီလိုတွေဖြစ်နေတာ။ ဒါကြောင့် ဒီဥစ္စာကိုတရားဝင် လုပ်သင့်တယ်လို့ တင်ပြသွားတာပါ။ ဒီ လိုမဟုတ်တဲ့ကိစ္စရပ်တွေ ပေါ်ပေါက်လာစရာလည်းမရှိတော့ဘူး။ စနစ်တကျ လည်းတင်းကျပ်လို့ရသွားတဲ့အတွက် သိက္ခာရှိရှိလည်း လုပ်လို့ရတဲ့လုပ်ငန်း တစ်ခုအဖြစ် ထိန်းကျောင်းလို့ရသွားတာပေါ့။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ KTV တွေ အများကြီးပွားများလာတာ တွေ့နေရတယ်။ မြန်မာ့ယဉ်ကျေးမှုကိုပျက်စီးစေနိုင်တဲ့ အနောက်တိုင်းရိုးရာယဉ်ကျေးမှုတွေဖြစ်နေလို့ ပြင်းထန်စွာဝေဖန်မှုတွေ လည်းရှိနေတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုဝိုင်းဝန်း ထိန်းကျောင်းမယ်ဆိုတာ သိချင်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်မေးတုန်းကတောင် ပါသွားတယ်ထင်တယ်။ KTV နဲ့ပတ်သက်ပြီး စာရိတ္တပျက်ပြားတာတွေလည်းရှိတယ်။ ထိန်းကျောင်းရခက်တာရှိတယ်။ မြန်မာ ယဉ်ကျေးမှုနဲ့ဆန့်ကျင်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ခေတ်အနေအထားကတော့ တစ်ကမ္ဘာလုံးမှာ ဒါတွေက ပေါ်ပေါက်နေတာကြောင့် ခေတ်ရေစီးကြောင်းကို သွားတားလို့မရပါဘူး။ စည်း ကမ်းတကျနဲ့သက်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်တဲ့လူကလည်း စည်းကမ်းတကျ လုပ်ကိုင်ရမှာဖြစ်သလို KTV မှာအပန်း ဖြေတဲ့လူတွေကလည်း စည်းကမ်းနဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာတဲ့လုပ်ငန်းတွေကို သွားပြီးတော့ ပိတ်လိုက်မယ်ဆိုရင် ဘယ်မှာမှဆီလျော်မှာလည်းမဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာက လုပ်ကိုင်တဲ့လူတွေနဲ့ စည်းကမ်းထိန်း သိမ်းတဲ့လူတွေက ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်။ အထူးသဖြင့် မိန်းကလေး တွေပျက်စီးကုန်တာ။ ဒါတွေကတော့ ကျွန်တော်တို့မနှစ်သက်ပါဘူး။ ဒါတွေ ကို သက်ဆိုင်ရာကဝိုင်းပြီး ကြီးကြပ်ရမှာပါ။ နောက်တစ်ခုရှိတာကတော့ KTV တွေကို စည်းမဲ့ကမ်းမဲ့လုပ်တဲ့အခါကျတော့ ပတ်ဝန်းကျင်တွေကသဘောမကျ ကြတာများတယ်။ ကျွန်တော်တို့ဖြစ်စေ ချင်တာကတော့ သီးခြားနယ်မြေလေးတစ်ခုမှာ ဘယ်နယ်မြေမှာဆိုရင် KTV လုပ်လို့ရတယ်။ စနစ်တကျလုပ်မယ်ဆိုရင် လုပ်ငန်းရှင်ကလည်း ပိုက်ဆံအများ ကြီးမကုန်ကျတော့ဘူး။ ပတ်ဝန်းကျင် ငြိုငြင်မှုလည်း မခံရတော့ဘူး။ အဓိကတော့ ပတ်ဝန်းကျင်ငြိုငြင်မှုကစတာပေါ့။ ပါဖောမန့်တွေဆိုတာ နိုင်ငံခြားသားတွေ လာဖို့ လက်ခံမယ်ဆိုရင် ပြည်ပကဧည့်သည်တွေ များများလာစေချင်တယ်ဆိုရင် စည်းစနစ်တကျ ထိန်းသိမ်းကိုင်တွယ် ပြီး ဖွင့်လှစ်ပေးမယ်ဆိုရင် နိုင်ငံခြားသားတွေအတွက်လည်း အကျိုးရှိမယ်။ ကိုယ့်ခရီးသွားလုပ်ငန်းအတွက်ရော တိုင်း ပြည်စီးပွားအတွက်ရော အကျိုးရှိမယ်။ အခုဟာက အကုန်လုံးစိတ်ပူကြတဲ့အတိုင်းပါပဲ။ တော်တော်များများက စည်းမရှိကမ်းမရှိဖြစ်နေတယ်။ သက်ဆိုင်ရာ တွေကလည်း ပိုက်ဆံရပြီးရောဆိုပြီး အဲဒီသဘောတွေကလည်း ကြုံတွေ့နေရ တယ်။ အဲဒါကြောင့် ဒီလုပ်ငန်းတွေက မကောင်းတဲ့ဘက်ကို ဦးတည်နေတယ် လို့ယူဆပါတယ်။ ပတ်ဝန်းကျင်ကလည်း မနှစ်သက်တာတွေဖြစ်နေပါတယ်။ သို့သော် ဒါကပိတ်သင့်တဲ့လုပ်ငန်းတော့ မဟုတ်ပါဘူး။ စည်းကမ်းတကျထိန်းသိမ်းသင့်တဲ့ လုပ်ငန်းတွေ။ စနစ်တကျ ထိန်းသိမ်းပြီးမှ ဆောင်ရွက်သွားမယ်ဆိုရင် အကျိုးပြုမယ့်လုပ်ငန်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုရင် နိုင်ငံခြားသားတွေလာရင် ညကျ ရင်သူတို့ရဲ့ သဘာဝအရ အပန်းဖြေတဲ့ သဘောနဲ့ သွားစရာ၊ လာစရာလေးတွေကိုရှာကြတယ်။ အပျော်အပါးလိ်င်ကိစ္စမှ မဟုတ်ပါဘူး။ အပန်းဖြေဖို့ပေါ့။ အဲဒီလို မျိုးတွေ ကိုယ့်ဆီမှာမရှိဘူးဆိုရင် မကောင်းဘူးပေါ့။ စည်းမဲ့ကမ်းမဲ့ ထိန်းသိမ်းမှုနည်းရင်တော့ မကောင်းတဲ့ဘက် ကို ဦးတည်သွားနိုင်ပါတယ်။ အဲဒီသဘောပါ။

အစိုးရဌာနဆိုင်ရာအများစုမှာ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပေါ်နေတဲ့အပြင် ဂီတအစည်းအရုံးမှာလည်း ငွေကြေး အရှုပ်အရှင်းတွေဖြစ်ပေါ်ခဲ့လို့ အဖွဲ့ဝင်တချို့ ထောင်ကျသွားတာရှိတယ်။ ဗွီဒီယိုလုပ်ငန်းစိစစ်ရေး ကော်မတီအနေနဲ့ရော KTV တွေ၊ အနှိပ်ခန်းတွေကရရှိလာတဲ့ အခွန်ဝင်ငွေတွေကို ဘယ်လိုရှင်း တမ်းတွေလုပ်တယ်လို့ ကြားမိပါသလဲ။

အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီကို နှစ်တိုင်းနှစ်တိုင်း တိုင်းကနေပြီးတော့ အခွန်အကောက်ဆိုင်ရာ ဥပဒေတို့ဝင်ငွေနဲ့ ပတ်သက်တဲ့ဟာတွေ အကုန်လုံးတင်ပြပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပိုမိုပြီးတိတိ ကျကျရရှိဖို့အတွက်လည်း ကျွန်တော်တို့ လွှတ်တော်ထဲမှာ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်သွားပါမယ်။ လာဘ်ပေး လာဘ်ယူမှုနဲ့ပြောရမယ်ဆိုရင် လာဘ်ပေးလာဘ်ယူက နေရာတိုင်းမှာရှိနေ သေးတယ်။ ကျွန်တော်တို့အနေနဲ့ နဂိုကတော့ပြောရမယ်ဆိုရင် လူတွေကြား ထဲမှာပြောနေတာက လာဘ်ပေးလာဘ်ယူမှုမှာ လူကြီးတွေကိုယ်တိုင်က ပါဝင်ကြတဲ့အတွက် နိုင်ငံတော်အကြီးအကဲ တွေကိုယ်တိုင်က ထိပ်ဆုံးမှာရှိတဲ့အန်တီစုတို့လို ဦးဝင်းမြင့်တို့လို ပုဂ္ဂိုလ်တွေကိုယ်တိုင်က ခေါင်ကလုံတယ်ဆိုတဲ့သဘောပေါ့။ အဲဒီလိုဖြစ်တဲ့အခါကျတော့ အဆင့်ဆင့်မှာ လာဘ်ပေးမှုတွေကအပေါ်ပိုင်း အထိရောက်မသွားဘဲနဲ့ အောက်ခြေကလူတွေက ပိုတောင်းသေးတယ်။ ပိုတောင်ရနေတယ်ဆိုတဲ့ စကားတွေပြောနေကြတယ်။ လူတွေဝေဖန်နေကြတာ လည်းရှိပါတယ်။ အပေါ်ကခေါင်လုံသွား တဲ့အခါကျတော့ အပေါ်ကလူကြီးတွေက လာဘ်မစားဘူး။ အပေါ်ကလူကြီးတွေကို မပေးရတဲ့အခါကျတော့ အောက်ခြေက စားတဲ့ကောင်တွေက ပိုက်ဆံပိုရတယ်လို့ တောင်ပြောနေကြတယ်။ အဲဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ လွှတ်တော်ထဲမှာအလေးထားပြီးစဉ်းစားနေပါတယ်။ အဓိကပြောရမယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုဆိုတာက အဂတိတိုက်ဖျက်မှုကော်မရှင်က အရေးယူတဲ့ ကဏ္ဍမှာ အထောက်အထားခိုင်လုံရမယ်။ လာဘ်ပေးတဲ့လူနဲ့ လာဘ်ယူတဲ့လူတို့က အချင်းချင်းကျေနပ်နေရင် ဘာအ သံမှထွက်လာမှာမဟုတ်ပါဘူး။ လာဘ်ပေးနဲ့ လာဘ်ယူနဲ့နှစ်ယောက်လုံးမှာပေးတဲ့တစ်ယောက်က မကျေနပ်ရင် တိုင်တဲ့ဟာပေါ်လာမှာပဲ။ ကြည်ဖြူနေသရွေ့ ဘယ်တော့မှပေါ်လာမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းရှင် များဘက်က အားနည်းချက်က ဘာလဲဆိုရင် အမှန်ကိုအမှန်အတိုင်း ရင်မဆိုင်ရဲဘူး။ ကိုယ်က ဒီပါမစ်သွားလျှောက်တယ် ကိုယ့်ကိုမပေးဘူးဆိုရင် မပေးတာညစ်နေတဲ့အကြောင်းကို အပေါ်မတိုင်ရဲဘူး။ ဒေသန္တရအာဏာပိုင်တွေနဲ့ အဆင်မပြေမှာစိုးလို့ဆိုပြီး ကြိတ်ပြီးပေးလိုက်တာတွေရှိတယ်။ အဲဒီစိတ်ကလေးတွေက ပြည်သူဘက်ကလည်း ပြင်ရမယ်။ အဓိကကျွန်တော်ပြောချင်တာက သက်ဆိုင် ရာတာဝန်ရှိသူအဆင့်ဆင့် ဒီကိစ္စတွေကို သတိတရားနဲ့ ရှောင်ရှားရမယ်။ ထိပ်ဆုံး မှာရှိတဲ့ ခေါင်းဆောင်တွေ အန်တီစုတို့လို လူတွေက တကယ့်ကိုရှေ့ကနေ ဦးဆောင်လမ်းပြလုပ်နေတဲ့အချိန်မှာ နောက်ကလိုက်တဲ့လူတွေအကုန်လုံး စနစ်တကျဒီလိုမျိုးလူကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ လူကြီးလုပ်သလို လူကြီးရဲ့အပြုအမူတွေကို အတုခိုးပြီး လုပ်သွားရင်တော့ အကောင်းဆုံးပေါ့လေ။ နှစ်နှစ်တာကာလမှာတော့ ဒီလိုသတင်းတွေကို ကြားပေမယ့် ခေါင်းဆောင်ကလည်း ပြောထားပါတယ်။ လူ တွေကို ခေတ်စနစ်ပြောင်းတဲ့အခါမှာ ဒီမိုကရေစီပန်းတိုင်ကို ပြည်သူလူထုကို ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်စေတဲ့ နည်းလမ်းများနဲ့ စည်းရုံးခေါ်ဆောင်သွား မယ်လို့ပြောထားပါတယ်။ အခုကနှစ်နှစ် ပြည့်သွားပြီဖြစ်ပါတယ်။ အချိုးအစားမပြောင်းရင် အချိုးအစားမပြောင်းတဲ့ကိစ္စတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ တင်ပြသွားမယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒါတွေကိုအလေးထား ပြီးမှ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ဖော်ထုတ်သင့်တာတွေ ဖော်ထုတ်မယ် တိုင်ကြားသင့်တာတွေ တိုင်ကြားမယ်။ ပွင့်ပွင့်လင်းလင်း ပြောလာတော့မယ်။ ဘာလို့လည်းဆိုရင် နှစ်နှစ်ရှိသွားပါပြီ။ ဒါကျွန်တော်တို့ခေါင်းဆောင်ကပြောထားတာက ဒီမိုကရေစီပန်းတိုင်ကိုသွားတဲ့အခါမှာ ပြည်သူလူထုကို ထိခိုက်နစ် နာမှုအနည်းဆုံးဖြစ်တဲ့နည်းလမ်းနဲ့စည်း ရုံးသိမ်းသွင်းလို့မရဘူးဆိုတဲ့အနေအထားကို တွေ့လာရင်တော့ တစ်မျိုးလုပ်တော့မှာပေါ့။ အခုမြင်တဲ့အတိုင်းပဲ အဂတိတိုက်ဖျက်ရေးကော်မတီဆိုရင် ထိထိ ရောက်ရောက်တွေ ဆောင်ရွက်လာပါပြီ။ အစက ဒီလောက်မဆောင်ရွက်ဘူး။ အဲဒါဘာလို့လဲဆိုရင် ကျွန်တော်တို့ခေါင်းဆောင်ပြောထားသလိုပဲ။ ပထမပိုင်းမှာ သိမ်သိမ်မွေ့မွေ့နဲ့ ခေါ်ဆောင်လာတာကို ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်လာကြ၊ မလိုက်လာရင်တော့ ဒါမျိုးတွေကို တဖြည်းဖြည်းနဲ့ အရေးယူလာတော့မှာပါ။ ရှေ့ဆက်ပြီး အဂတိတိုက်ဖျက်ရေးကော်မတီက ပိုပြီးတော့မှထိထိရောက်ရောက် ဆောင်ရွက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုအဂတိ လိုက်စားမှုတွေကို တစ်ဖက်တစ်လမ်းက နေပြီးတော့မှ ပပျောက်ရေးအတွက်ကို ဝိုင်းပြီးတော့ ကူညီသွားပါမယ်။ ဖော် ထုတ်သွားပါမယ်။

မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဘာသာတရား ထွန်းကားရာ နေရာဖြစ်တယ်။ ဗုဒ္ဓဘာသာအမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းစေတီပုထိုးတွေလည်း မြို့တိုင်းရွာတိုင်း မှာတည်ရှိနေတယ်။ အဲဒီလိုနိုင်ငံတော်မျိုးမှာ အနောက်တိုင်းက ယဉ်ကျေးမှု တွေဖြစ်တဲ့ KTV တွေ၊ အနှိပ်ခန်းတွေ၊ နိုက်ကလပ်တွေ မတရားပေါက်ဖွားလာတာ ဘယ်လိုအားနည်းချက်တွေကြောင့် ဖြစ်မယ်လို့ ယူဆပါသလဲ။

ဒါကတော့ ကျွန်တော်ခုနကပြော သလိုပဲ KTV တွေ ဘာတွေကို ခေတ်ရေစီးကြောင်းအရ ပေါ်လာတဲ့ဟာတွေကို သွားတားလို့မရပါဘူး။ အဲဒီလိုရှိပါတယ်။ အဓိကကတော့ ထိန်းသိမ်းကျတဲ့ ပုဂ္ဂိုလ် တွေအနေနဲ့ ဒီလိုကိုယ့်ယဉ်ကျေးမှုနဲ့ တအားမဆန့်ကျင်အောင် ဝိုင်းဝန်းပြီးထိန်းသိမ်းကျဖို့ ဝတ္တရားရှိပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်တွေရဲ့ တာဝန်ပါပဲ။ ဒီ KTV တွေ ဘာတွေကိုဖြုတ်ပစ်ရမယ်ဆိုတာတော့ ဘယ်လိုမှမဖြစ် နိုင်ပါဘူး။ စည်းစနစ်တကျမလွန်ကဲအောင်တော့ ထိန်းသိမ်းပေးဖို့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့် ပါမစ်ခွင့်ပြုမိန့် ထုတ်ဖော်တဲ့လူတွေမှာ တာဝန်ရှိပါ တယ်။ သူတို့ကကြီးကြပ်ရမယ်။ အဲဒီသဘောရှိပါတယ်။

တချို့သောကုမ္ပဏီကြီးတွေက ရှေးဟောင်းပုထိုးတွေမှာ ဟိုတယ်လုပ်ငန်း တွေ၊ KTV ၊ မာဆတ်တွေလုပ်ကိုင်ကြဖို့ စိုင်းပြင်းအားထုတ်နေတာတွေရှိတယ်။ ဒီလိုလုပ်ငန်းရှင်တွေကို ဗွီဒီယိုလုပ်ငန်း စိစစ်ရေးသဘောထား တစ်ခုတည်းနဲ့ ခွင့်ပြုခဲ့ဦးမယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုရပ်တည်မလဲ သိပါရစေ။

အဲဒါတွေက ကျွန်တော်ပြောမယ်ဆိုရင် သူ့ဧရိယာပတ်ဝန်းကျင်မှာတော့ မရှိဘူး။ ပုဂံကဘုရားပုထိုးစေတီတွေရှိ တဲ့နေရာမှာတော့ မရှိသင့်ဘူး။ ဟိုတယ် ဇုန်တို့ဘာတို့ သတ်မှတ်တဲ့နေရာတွေမှာ လုပ်ကိုင်ရင်တော့ အရေးမကြီးပါဘူး။ အဲဒီလိုလုပ်သင့်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့နေရာမှာတော့ မလုပ်သင့်ဘူး။ သက်ဆိုင်ရာအာဏာပိုင် တွေက အဂတိတရားကင်းမဲ့စွာနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ထိန်းသိမ်းရမှာပေါ့။

KTV မာဆတ်၊ အနှိပ်ခန်းအားလုံးဟာ လိုင်းကြေးတွေနဲ့ ဖွင့်ထားတာဆိုပြီး အပြင်လောကမှာ နာမည်ကြီးနေပါ တယ်။ ဗွီဒီယိုစိစစ်ရေးကော်မတီက ခွင့်ပြုတယ်ဆိုတာ အခုမှလွှတ်တော်ကိုယ်စားလှယ်တွေပြောလို့ ပြည်သူသိလာတာပါ။ ဗွီဒီယိုစိစစ်ရေးအဖွဲ့ကရော တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြရတာရှိ ပါသလား။

တိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့ တင်ပြတာ၊ မတင်ပြတာတော့ ကျွန်တော်တို့မသိဘူး။ အဓိကကတော့ အဲဒီဟာတွေက လိုင်းကြေးနဲ့လုပ်နေကြတယ်ဆိုတာ ကြားနေရတာကြာပြီ။ ခုဟာက ကျွန်တော်တို့ပြောသလိုပဲ နဂိုက နှစ်နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ခေါင်းဆောင်ပြောသလိုပဲ လူတွေကို လက်တွဲပြီးခေါ်လာတဲ့နေရာမှာ ဒါကတော့ ဒီကိစ္စမှာဌာနဆိုင်ရာတွေကိုလည်း မနစ်နာစေနိုင်ပါဘူး။ ဒါပေမဲ့ နှစ်နှစ်ပြည့်လာသည့်တိုင်အောင် သူတို့တွေကအချိုး အစားပုံစံတွေက မပြောင်းလဲဘူးဆိုရင် တဖြည်းဖြည်းတင်းကျပ်ပြီး ပြည်သူတွေ လိုချင်တဲ့ပုံစံမျိုးဖြစ်အောင် လွှတ်တော်ထဲလာတင်ပြပြီးတော့ သွားရမယ်။ ဆွေးနွေးသင့်တာတွေ ဆွေးနွေးရမယ်။ တင်ပြသင့်တာတွေ တင်ပြရမယ်။ ပထမနှစ်ကို အတတ်နိုင်ဆုံးသူတို့ဘက်ကပြောင်း လာမလားဆိုပြီး စည်းရုံးတဲ့ပုံစံနဲ့စောင့်ကြည့်သွားတဲ့သဘောပဲရှိပါတယ်။ အခုကတော့ နှစ်နှစ်လည်းပြည့်သွားပြီဆိုတော့ မပြောင်းဘူးဆိုရင် ဆောင်ရွက်သင့်တဲ့အတိုင်းအတာတွေကို ဆောင်ရွက်ဖို့ လွှတ်တော်ထဲက တင်ပြတာတွေညှိနှိုင်း တာတွေလုပ်ရမှာပေါ့။ စည်းကမ်းကိုပိုပြီး တင်းကျပ်တယ်ဆိုတာထက် ထိထိရောက်ရောက် စည်းကမ်းတကျဖြစ်အောင်ပဲ တိုက်တိုက်တွန်းတွန်းနဲ့ ကျွန် တော်တို့ ဆောင်ရွက်သွားပါမယ်။

အပျော်အပါး မူးယစ်သောက်စားခွင့်ရှိ တဲ့နေရာတွေဟာ အနာဂတ်မျိုးဆက် လူငယ်အားလုံးအတွက် ကောင်းကျိုးထက် ဆိုးကျိုးဘက်ကိုဦးတည်နေတာကြောင့် အနှိပ်ခန်းတွေ၊ ကေတီဗွီတွေကို ဘယ်လိုထိန်းကျောင်းသွားမယ်ဆိုတာ သိချင်ပါတယ်။ အပြီးတိုင်ဖျက်သိမ်းပစ်ဖို့ အစီအစဉ်ရှိ၊မရှိဆိုတာလည်း ရှင်းပြစေချင်ပါတယ်။

အဓိက ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင် ဒါကသက်ဆိုင်ရာရဲ့အားနည်းချက်လို့ပြောရမှာပေါ့။ လက်ရှိ မူး ယစ်သောက်စားတဲ့ကိစ္စဟာ လုံးဝမကောင်းဘူးပေါ့။ အဲဒီလိုမကောင်းတဲ့အတွက် အခုလွှတ်တော်မှာ ဖေဖော်ဝါရီလ လောက်ကထင်တယ်။ မေးခဲ့တဲ့မေးခွန်းထဲမှာ ပါပါတယ်။ အရက်ဆိုင်တွေကိစ္စ ကျောင်းနားဝန်းကျင်မှာ အရက်ဆိုင်တွေ ရှိနေတဲ့ကိစ္စ။ အဲဒါနဲ့ပတ်သက်ပြီးလုပ်တဲ့အခါမှာ တော်တော်များများ သူတို့တွေ ကသောင်းကနင်းဖြစ်ကုန်တယ်။ ဘာလဲဆိုတော့ ယစ်မျိုးလိုင်စင်ရဲ့စည်းကမ်းချက်က ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဘာသာရေးဆိုင်ရာနယ်မြေတွေ စာသင်ကျောင်း၊ ဆေးရုံနောက်တစ် ခါ ပန်းခြံတို့အများနဲ့သက်ဆိုင်တဲ့နေရာတို့ အများမနှစ်သက်တဲ့နေရာတို့ အဲဒီနေရာနဲ့ ကိုက် ၃ဝဝ မှာ လုံးဝမဖွင့်ရဘူး ဆိုတာပါတယ်။ ဒါပေမဲ့ အဆင့်ဆင့်ပြော ရမယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရဲ့ ခေတ်အဆက်ဆက်ရဲ့အားနည်းချက်တွေပေါ့နော်။ ဘာလည်းဆိုရင် ကျောင်းနားဝန်းကျင်တွေမှာ အကုန်လုံး လိုင်စင်တွေချပေးထားတယ်။ အခုကျွန် တော်တို့လိုင်စင်တွေကိုလွှတ်တော်မှာ တင်ပြလိုက်တဲ့အခါမှာ ကျောင်းနားဝန်း ကျင်ကဆိုင်တွေကို ပိတ်ခိုင်းတဲ့အခါမှာကျတော့ အကြီးအကျယ်ကိုဝေဖန်ခံရတယ်။ ဖွင့်တဲ့လူတွေကပေါ့။ ၁၉၂၅ ထဲ ကထုတ်တာတဲ့ စည်းကမ်းချက်ကိုသက် ဆိုင်ရာဌာနကမလိုက်နာဘဲနဲ့ ပါမစ်တွေ ထုတ်ပေးတယ်။ မူးယစ်သောက်စား တယ်ဆိုတာက ကလေးတွေကျောင်းနား ပတ်ဝန်းကျင်နဲ့ လုံးဝမသင့်တော်ဘူး။ အဲဒါဆရာ/ဆရာမတွေလည်း မနှစ်သက်ဘူး။ နောက်တစ်ခါကျတော့ ကျောင်း သားမိဘတွေကလည်း မနှစ်သက်ဘူး။ ဒါပေမဲ့ ပြောဆိုလာတာလည်း နှစ်က တော်တော်ကြာပြီ။ ကျွန်တော်တို့လက် ထက်ရောက်မှပဲ လွှတ်တော်မှာပြောဆို ပြီး အရေးပါတဲ့အခန်းကိုရောက်သွား တာ ခေတ်အဆက်ဆက်ပြန်ကြည့်မယ်ဆို ဘယ်လောက်အားနည်းခဲ့တယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ် လောက်ထိ အားနည်းခဲ့တယ်ဆိုတာ ဒီအချက်ကပေါ်လွင်နေတယ်။ တချို့ဆိုရင် ဘုရားတွေနဲ့မလှမ်းမကမ်းတောင် တွေ့နေရတယ်။ အဲဒါဘာလဲဆိုရင် အဓိကက တာဝန်ယူကြတဲ့လူတွေက ကိုယ့်တာဝန်ကိုယ်သိပြီး စည်းကမ်းတကျလုပ်တတ်ရမယ်။ ဥပဒေစည်းကမ်းကိုလေးစားလိုက်နာရမယ်။ ဒါကြောင့်မို့ တရားဥပဒေစိုးမိုးရေးဆိုတာ ခိုးဆိုးလုယက်ကို နိုင်ရေးမဟုတ်ဘူး။ တရားဥပဒေစိုးမိုး ရေးဆိုတာ ထုတ်ပြန်ထားတဲ့စည်းမျဉ်း စည်းကမ်းဥပဒေတွေကို မလိုက်နာခြင်း ဟာလည်း တရားဥပဒေမစိုးမိုးဘူးဆိုတာ ပြောလို့ရတယ်။ ခေတ်အဆက်ဆက်က ဒါတွေအားနည်းခဲ့တယ်။ နောက်တစ်ခု က အနှိပ်ခန်းနဲ့ကေတီဗွီတွေမှာ မူးယစ် သောက်စားတာ မကြားဖူးသေးဘူး။ ကေတီဗွီမှာတော့ ရှိမယ်ထင်တယ်။ တွဲပြီးတော့ လိုင်စင်တွေထုတ်ပေးတယ်လို့ ကြားဖူးတယ်။ ယစ်မျိုးနဲ့ပတ်သက်တဲ့ လိုင်စင်တွေမှာလည်း အားနည်းချက် အများကြီးတွေ့ရတယ်။ ရန်ကုန်တိုင်းအတွင်းမှာ စာရင်းလုပ်ကြည့်တဲ့အခါမှာ အရက်ဆိုင်အချိုးနဲ့ လူဦးရေအချိုးတွက်လိုက်တဲ့အခါမှာ လူဦးရေ ၈ဝဝ နီးပါးမှာ အရက်ဆိုင်တစ်ဆိုင်နှုန်းဖြစ်နေတယ်။ ရဲ ထားပေးတဲ့အချိုးအစားက ၁၇ဝဝ ကိုမှ တစ်ဆိုင်လားမသိဘူး။ အဲဒီတော့အချိုး အစားက တအားကိုများနေပြီ။ လူဦးရေ နဲ့ပေါ့။ အဲဒီလိုများလာတဲ့အကြောင်းအရင်းကလည်း အခုမှများလာတာမဟုတ်ဘူး။ ပြီးခဲ့တဲ့အစိုးရခေတ်အဆက်ဆက်မှာကို အားနည်းချက်တွေတအားများခဲ့တာ။ အဲဒီတော့ အားနည်းချက်တွေကို အခုအစိုးရလက်ထက်ထဲမှာ တစ်ချိန်ထဲမှာ ဖြေရှင်းပေးဖို့ဆိုတာ မလွယ်တော့ဘူး။ ဥပမာအားဖြင့် တစ်ခုတည်းပြောမယ်ဆိုရင် ယစ်မျိုးဆိုင်တွေကိုပဲအချိုး အစားများလို့လျှော့ချခိုင်းမယ်ဆိုရင်ပဲ မလွယ်ဘူး။ ဒီပြဿနာတွေက အကြီးအကျယ်တက်ပြီနော်။ ဘာလို့လဲဆိုတော့ ယစ်မျိုးလိုင်စင်တွေက သိန်းရာချီတန်နေပြီ။ အဲဒါမျိုးတွေ ပြဿနာမျိုးစုံရှိနေတော့ ဒီအနှိပ်ခန်းနဲ့တွဲပြီး အရက်ဆိုင်ဖွင့်တယ်လို့ မကြားဖူးဘူး။ နိုင်ငံခြားမှာလည်း အရက်ဆိုင်နဲ့တွဲပြီး အနှိပ်ခန်းမဖွင့်ရဘူး။ တကယ်လို့ စည်းမျဉ်းစည်းကမ်းတွေ စနစ်တကျထုတ်ပြန်မယ်ဆိုရင် ကျွန်တော်တို့ဥပဒေရေးဆွဲဖြစ်တယ်ဆိုရင် ကျွန်တော်တို့ ဒါကိုထည့်ရေးဆွဲမှာပါ။ ဘယ်လိုဥပဒေရေးဆွဲမလဲဆိုတော့ အနှိပ်ခန်းတွေဖွင့်တာကအစ လူမြင်ကွင်းမှာဖွင့်ရမယ်။ နှိပ်တဲ့မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် သိက္ခာရှိရှိဝတ်ရမယ်။ မျက်နှာတွေဘာတွေတအား မပြင်ဆင်ရဘူး။ နိုင်ငံခြားမှာလည်း ဒီအတိုင်းပဲ။. နောက်တစ်ခါ နှိပ်တဲ့နေရာမှာ ဒီလိုဟောတွေထဲမှာ လူမြင်ကွင်းမှာဘယ်လိုမှ မဟုတ်တာမလုပ်ရအောင် အနှိပ်ခံရမယ်။ ကေတီဗွီမှာ အရက်တွေသောက် စားမူးယစ်တဲ့ကိစ္စကတော့ ကေတီဗွီဆို ကေတီဗွီသက်သက်ပဲ ထားတာကောင်းတယ်။ ဒါတွေကို နောက်ပိုင်းမှာထိန်းကွပ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ခေတ်အဆက်ဆက်က အရှိန်အဟုန်နဲ့လာနေတဲ့ဟာ ကြီးကို ရုတ်တရက်ကြီး သွားတွန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ထိန်းပြီးတော့ဖြည်း ဖြည်းချင်းပဲ ပြင်ဆင်သွားရမှာပေါ့။ ကျန် တဲ့သက်တမ်းအတွင်းမှာ ရုတ်တရက်ကြီး အကုန်လုံးကို ဘာကြောင့်မလုပ်တာလဲ ဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ပြောထားတဲ့အတိုင်း ဒီမိုကရေစီပန်းတိုင်ကိုသွားတဲ့အခါမှာ ပြည် သူလူထုကို ထိခိုက်နစ်နာမှုအနည်းဆုံး ဖြစ်စေတဲ့ နည်းလမ်းများနဲ့ စည်းရုံးခေါ် ဆောင်သွားမယ်ဆိုတဲ့နေရာမှာ ဒါတွေ မလုပ်သင့်ဘူးဆိုတဲ့သဘောနဲ့ပါ။ ခုဟာက နှစ်နှစ်ပြည့်သွားပြီဆိုတော့ လွှတ်တော်မှလည်း ထောက်ပြမှုတွေကပိုပြီးတော့ ထိလာပါပြီ။ ပထမပိုင်းတုန်းကဆိုရင် သာမန်မေးခွန်းတွေလောက်ပဲရှိတာ အခုဆိုရင် ထိရောက်တဲ့မေးခွန်းတွေမေးလာပြီ။ အဲဒီလိုမေးခွန်းတွေမေးပြီး ထိန်းလာပြီ။ တစ်စတစ်စနဲ့ မြှင့်တင်ပေးတာပါ ဘာလဲဆိုရင် နှစ်နှစ်ရှိသွားပါပြီ။ အဲဒါကြောင့်မို့ပါ။ နိုင်ငံတော်အကြီးအကဲတွေ ကိုယ်တိုင်က အဂတိတိုက်ဖျက်ရေးကော် မတီမှာ တိတိကျကျအရေးယူတာတွေ ပေါ်လာပါပြီ။ အရင်ကနဲ့မတူတော့ပါဘူး။

ကေတီဗွီတွေ၊ အနှိပ်ခန်းတွေ၊ နိုက်က လပ်တွေနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ တခြားဘာများဖြည့်စွက်ပြောကြားချင် ပါသလဲ။

ဒီကေတီဗွီတို့ ဘာတို့ အခုလောလောဆယ် တရားဝင်ဖြစ်တဲ့ ကေတီဗွီ တို့ နိုက်ကလပ်တို့ ဒါတွေကခေတ်စနစ် အရမရှိလို့တော့ မရဘူး။ ဘာလို့လည်းဆိုတော့ ကမ္ဘာကို တံခါးဖွင့်ပေးထားတဲ့အတွက် လူမျိုးစုံလာကြမယ်။ အဲဒီခါကျရင် ဒီမှာညဘက်မှာ ပျော်စရာမရှိဘူးဆိုရင် မကောင်းဘူး။ သို့သော်ပျော်စရာတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ တအားဆန့်ကျင် နေပြီးတော့မှ ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ဆန့် ကျင်သွားရင်လည်း မကောင်းဘူး။ထိုက်သင့်တဲ့အတိုင်းအတာတစ်ခုအဖြစ်နဲ့ ထားပေးရမယ်။ လုပ်ငန်းလုပ်ကိုင်တဲ့လူ တွေရော သက်ဆိုင်ရာဌာနဆိုင်ရာတွေရော စနစ်တကျနဲ့စည်းကြပ်ရမယ်။ ပိတ်လို့ကမရဘူး။ သို့သော်လည်း လုပ်ကိုင် တဲ့လူတွေက စည်းစနစ်ကျဖို့လိုအပ်သလို သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း စနစ်တကျစည်းကြပ်လာမယ်။ ပြည်ပက နိုင်ငံခြားသားတွေလာတဲ့အတွက် စီးပွားရေးသမားတွေလာရောက် ရေးအတွက် တစ်ဖက်ကနေ စည်းရုံးရာ ရောက်သလို အခွန်အကောက်တွေမှန် မှန်ကန်ကန်ရလာနိုင်တယ်။ မှန်တဲ့နည်း နဲ့လုပ်ရင်ပေါ့။ သို့သော်မှန်တဲ့နည်းနဲ့မလုပ်ဘဲနဲ့ အဂတိတွေလိုက်စားပြီး လွှတ်ထားမယ်ဆိုရင် မကောင်းတဲ့ဘက်ကို ဦးတည်သွားမယ်။ အခွန်တွေလည်းလျှော့ ကျသွားမယ်။ ဒီကနေဆက်နွယ်တဲ့ ဒုစ ရိုက်မှုတွေပေါ်လာမယ်ဆိုရင်တော့ နိုင်ငံခြားသားတွေလည်း လာမှာမဟုတ်ဘူး။ အဓိကပြောချင်တာတော့ လုပ်ငန်း လိုင်စင်ရထားတဲ့လူတွေက စည်းစနစ်တကျဆောင်ရွက်ပါ သက်ဆိုင်ရာဌာန ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က စည်းစနစ်တကျ ဆောင်ရွက်နိုင်အောင်စီစဉ် သွားရမယ်။ အဲဒါဆိုရင် အကောင်းဘက် ကို ဦးတည်လာနိုင်ပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်