ဘတ်ဂျက်စောင့်နတ်အလိုရှိသည်

၂၀၁၈ ဇွန်လ ၂ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၂၅)
ညက ဖေ့စ်ဘုတ်သုံးနေရင်းတန်းလန်း မောင်ဆူညံအကောင့်ထဲကို ဝင်ကြည့်မိတယ်။ ပြီးတော့ (မအာကြမ်း)အကောင့်ထဲကို ရောက်ပြန်ရော။ ဖေ့စ်ဘုတ်ဆိုတဲ့ လူမှုထင်ရာချ(အဲလေ လူမှုကွန်ရက်) မှာ လမ်းခင်းတဲ့ကိစ္စရှေ့ က သူခိုးကြီးတွေ ခိုးခဲ့တာ၊ တစ်မိုင်ကို ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း နှစ်ထောင် လောက် ဆုံးရှုံးသတဲ့။ အဲဒါကို NLD လော်ဘီတစ်ဦးက တင်လိုက်တာ။ အဲဒီအောက်မှာဝင်ပြီး Comment ရေးတဲ့ အဖွဲ့ကလည်း ကမ္ဘာ့ဖလား ဘောလုံးပရိသတ်ရဲ့နှစ်ဆကျော်လောက် ရှိသဗျ။ NLD နဲ့ ပြည်ခိုင်ဖြိုး လော်ဘီတွေကလည်း ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတည်းက တစ်ယောက်ကို တစ်ယောက် အမြင်မကြည်တာ ခုချိန်ထိပဲ ဆိုပါတော့။ ရက်စက်တဲ့ အာဏာရှင်တွေအဖြစ် နာမည်ကြီးခဲ့တဲ့ ဂျာမန် အမျိုးသားရေး ဝါဒီ နာဇီဟစ်တလာတို့၊ အီတလီက မူဆိုလူနီတို့၊ လစ်ဗျားခေါင်းဆောင်ကဒါဖီတို့တောင် တမလွန်မှာ စစ်ပြေငြိမ်းကုန်ကြပြီ။ မြန်မာနိုင်ငံမှာတော့ အချင်းချင်း ဆော်လို့ကောင်းနေ တုန်းပေါ့။ ဆော်ကြလေ၊ ပျော်ကြစေလို့ပဲ ပြောချင်သပါ့။
ဘတ်ဂျက်တွေကို ဒီလောက်တောင် ဘာဖြစ်လို့ သုံးချင်နေကြတာလဲ လို့ လေ့လာမိတော့ အစိုးရအသစ်ရဲ့ အခွန်တွေ မြှင့်တင်ကောက်ခံ နေပုံက စားချင်စရာကြီး။ (အဲလေ-အားရစရာ ကြီး)။ ကျုပ်တောင် သွားရည်ယိုတယ်ဗျ။ အဲဒီလို အခွန်တွေ တအားကောက်ခံနေတာကို လုပ်ငန်းရှင်တွေက သိတယ်။ သိတော့ ဘာလုပ်သလဲဆိုရင် ရလာတဲ့ အခွန်ကို သူတို့အိပ်ကပ်ထဲရောက်အောင် နည်းမျိုးစုံနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေး ခိုင်းကြမှာပေါ့။ တချို့ချောင်းတွေက မိုးတွင်းဆို ရေကြီးရေလျှံဖြစ်တယ်။ ဒီအတိုင်းထားရင် ချောင်းကမ်းပါးမှာ ရှိနေတဲ့ တိရစ္ဆာန်တွေ အအေးပက်ကုန်မယ်။ အဲဒီတော့ ချောင်းကမ်းပါးဘေးနေ သတ္တဝါတွေအတွက် ကမ်းနွေးဓာတ် ပေါင်းဖိုကြီး ဆောက်လုပ်သင့်တာပေါ့ ဆိုတဲ့ အတွေးသစ်၊ အမြင်သစ်နဲ့ အကြံ အဖန်အသစ်ကို ဟောဒီလို တင်ပြခွင့် ရှိတာပေါ့။ တိရစ္ဆာန်ဆိုတာလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ်။ သူ့အတွက် ဘတ်ဂျက် ရှိသင့်တယ်။ အဲဒီလိုတွေးပြီး ပြုံးဖြီးဖြီးနဲ့ အမတ်တစ်ယောက်က အခုလို အစီရင်တော်ခံသပါ့။
” လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ကြွရောက်လာကြတဲ့ ကိုယ်စားလှယ် အပေါင်းခင်ဗျာ။ ဒီနေ့ ကျွန်တော်တင်ပြ လိုတာက ကမ်းနွေးဓာတ်ပေါင်းဖိုကြီး ကိစ္စဖြစ်ပါတယ်။ ဒီကမ်းနွေးဓာတ်ပေါင်းဖိုကြီးကို ကျွန်တော်တို့ မရောက်ဖူးသေးတဲ့ နိုင်ငံတွေမှာလည်း တည်ဆောက် ထားပြီးပြီဟုလည်း စာဖတ်သူတွေထံမှ ကြားသိနေရပါတယ်။ ကျွန်တော်ဟာ ဘယ်နိုင်ငံမှ မရောက်ဖူးပေမဲ့ ကျွန်တော်တို့နိုင်ငံကို သူများတွေ လိုက်လို့မမီအောင် ဘတ်ဂျက်တောင်းတာက အစ သန်းကိုထောင်ချီပြီးမှ တောင်းတတ်သူ ပါ။ အခုလည်း ကျွန်တော်တင်ပြတဲ့ သမိုင်းဝင် စံပြချောင်းကြီးဟာဆိုရင် နိုင်ငံသားတွေရဲ့ အမှိုက်ကန်ကြီးလိုဖြစ် နေတာ ကြာပါပြီ။ ဒီတော့ အဲဒီအမှိုက်ကန်ကြီးကို ကျွန်တော်တို့ ဆယ်ယူဖို့ စရိတ်က တစ်နာရီ သန်းရှစ်ရာလောက် ကုန်ကျနိုင်ပါတယ်။ ဒီအမှိုက်တွေ ဆယ်ယူပြီးတာနဲ့ ကျွန်တော်တို့ဟာ ချောင်းကမ်းပါးက သတ္တဝါတွေ အနွေး ဓာတ်လုံလောက်စွာရရှိရေး စီမံပေးဖို့လို ပါတယ်။ လူတွေမှာ လူ့အခွင့်အရေး ဆိုတာ ရှိသကဲ့သို့ပဲ တိရစ္ဆာန်တွေမှာလည်း တိရစ္ဆာန် အခွင့်အရေးတွေ ရှိသင့် ပါတယ်ဗျ။
အခုဆိုရင် ကျွန်တော်တင်ပြခဲ့တဲ့ သမိုင်းဝင်စံပြချောင်းကြီးရဲ့ကမ်းနွေး ဓာတ်ပေါင်းဖို တည်ဆောက်ရေးစီမံ ကိန်းဟာ မဖြစ်မနေလုပ်သင့်တဲ့ ကိစ္စ တစ်ရပ်ဖြစ်ပါတယ်။ ဘာကြောင့်ဒီလို ပြောရသလဲဆိုရင် ကျွန်တော့်သားမက်က ကမ်းနွေးဓာတ်ပေါင်းဖို ပညာရှင်ပါ။ ကျွန်တော့်သားက ဆောက်လုပ်ရေးကန် ထရိုက်တာပါ။ ကျွန်တော့်ညီက ဓာတ်ပေါင်းဖိုပစ္စည်းနဲ့ပတ်သက်ပြီး ပြည်ပကနေ တစ်ဦးတည်း မူပိုင်ကိုယ်စား လှယ်ကြီးဖြစ်နေလို့ပါ။ ကုန်ကျငွေက အများကြီး မဟုတ်ပါဘူး။ အမေရိကန် အစိုးရရဲ့ဆယ်နှစ်စာ စစ်သုံးစရိတ်နဲ့ ညီမျှတဲ့ ဒေါ်လာဘီလျံ ရှစ်ရာကျော် လောက်ပါပဲဗျ။ အဲဒီ ကမ်းနွေးဓာတ် ပေါင်းဖို စီမံကိန်းကြီး ပြီးသွားပြီဆိုတာနဲ့ ချောင်းကမ်းပါးမှာရှိတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါလေးတွေဟာ သွားရေး၊ လာရေး လွယ်ကူချောမွေ့ပြီး သူတို့ ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တွေကိုပါ အထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်တို့ ရည်မှန်းတွက်ချက်ထား ပါတယ်။
ဒီကမ်းနွေးဓာတ်ပေါင်းဖိုကို နိုင်ငံခြားနည်းပညာနဲ့ လုပ်မှာပါ။ ကျွန်တော်တို့က ပွဲစားနှစ်ဆင့်နဲ့ အလုပ်လုပ်မှာ ဆိုတော့ ချိုမြိန်တဲ့စကားလုံးတွေကို ပွဲစားနှစ်ဦးက နိုင်ငံတော်အတွက် ပြောကြားပေးမှာဖြစ်ပါတယ်။ ဒီကမ်းနွေး ဓာတ်ပေါင်းဖို တည်ဆောက်လိုက်ခြင်း အားဖြင့် အရှေ့တောင် အာရှမှာ ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှုအား ကောင်းတဲ့ နိုင်ငံဖြစ်လာမှာပါ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ဘတ်ဂျက်လိုချင်တဲ့ဆန္ဒတွေ မျိုသိပ်မ ရအောင် ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီကမ်းနွေး ဓာတ်ပေါင်းဖိုကြီးကို မဖြစ်မနေဆောင်ရွက် သင့်ပါတယ်။ ဆောင်ရွက်သင့်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဒီအဆိုကို တင် မယ်လို့ ကြံစည်နေကတည်းက အိပ်လို့ မပျော်ပါဘူး။ ဘတ်ဂျက်မကျရင် သူများ ဆီကယူထားတဲ့ လက်ဆောင်တွေက အားနာစရာဆိုတာထက် ပြန်ပေးရမှာ နှမြောမိတယ်။ ကျွန်တော့်ကျောင်းနေ ဘက် သူငယ်ချင်းတွေ ရှိတယ်။ ဘယ်ကောင်မှ ကျွန်တော့်ကို လက်ဆောင်မပေးဖူးပါဘူး။ စကားတွေလည်း ရှည် ရှည်ဝေးဝေး မပြောချင်တော့ပါဘူး။ ကျွန်တော်တင်ပြထားတဲ့ ကမ်းနွေးဓာတ်ပေါင်းဖိုကိစ္စကြီးကို နိုင်ငံတော် သမ္မတ အရေးပေါ်ရန်ပုံငွေထဲကဖြစ်ဖြစ်၊ ပိုင်ရှင်မဲ့သစ်တွေ ရောင်းချလို့ရတဲ့ ငွေထဲကဖြစ်ဖြစ် ခပ်တည်တည်နဲ့ ချပြီး ရင်းနှီးသင့်ပါတယ်။ ထိုအခိုက်-
” အုန်း…ဖုန်း…ဒိုင်း။ ဟေ့လူ ခင်ဗျား အခုချက်ချင်း ထိုင်ပါ။”
လွှတ်တော်ဥက္ကဋ္ဌကြီး၏ လျှပ်တစ်ပြက် အမိန့်တော်ကြောင့် အားလုံး အိပ်ငိုက်ရာမှ မျက်လုံးများ မနည်းလှန် ပြီးအားယူဖွင့်လိုက်သည်။
လွှတ်တော်ဥက္ကဋ္ဌကြီး အဘယ်ကြောင့် ဒေါသထွက်ရပါသနည်းလို့ ကိုယ်စားလှယ်တစ်ယောက်က မေးမြန်း စဉ်မှာတော့-
” ကျုပ်တို့ လွှတ်တော်ထဲမှာ ဘတ်ဂျက်စောင့်နတ် ထားမှရတော့မယ်။ အခုပဲကြည့်လေ လွှတ်တော်ပြန်စလို့ ရက်ပိုင်းပဲရှိသေး။ ဘတ်ဂျက်တွေ သူ့ထက်ငါထပြီး တောင်းနေတာက ဘီလျံပေါင်းမနည်းတော့ဘူး။ မနေ့က လည်း တစ်ယောက်က အင်္ဂါဂြိုဟ်မှ ထွက်လာသည့် လျှပ်စစ်အမှုန်တွေကို ကာကွယ်ထိန်းကျောင်းဖို့ ဒေါ်လာ ခြောက်ဘီလျံတင်တယ်။ တစ်နေ့ကလည်း ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကို ကြိုတင်ကာကွယ်ဖို့ ခေါင်းစဉ်နဲ့ ဘီလျံ ရှစ်ဆယ်တင်တယ်။ ကိုယ့်နိုင်ငံက ကျူးကျော်တွေကိုတောင် မကူညီနိုင် သေးဘူး။ ကမ္ဘာ့ရာသီဥတုကိစ္စ ဘတ်ဂျက်လာတင်လို့ အဲဒီအမတ်ကို ရဲဒင်းနဲ့ ကောက်ပစ်လိုက်ရသေးတယ်။ တို့နိုင်ငံမှာ လွှတ်တော်အမတ်တွေ ဘတ်ဂျက်ထတောင်းသလောက်ပဲ ငါ့အသက်ရှည် ချင်ပါတယ်ကွယ်” ဆိုပြီး ဥက္ကဋ္ဌက ငြီးတွားလေရဲ့။
နိုင်ငံတော်ရဲ့အရေးပေါ်ရန်ပုံငွေ ထဲကနေ သုံးစွဲရန်ဆိုတဲ့ မှတ်ချက်နဲ့ ချပေးမှန်းသိနေလို့ အဲဒီလိုလုပ်နေကြ တာဆိုတာလည်း ဥက္ကဌကြီးက သိတယ်။ အဲဒီလို ရှေ့ကတစ်ယောက်ကို ချပေးလိုက်တော့ နောက်ထပ် မြို့နယ် တစ်ခုရဲ့မဲဆန္ဒနယ် လွှတ်တော်အမှတ် ကလည်း အခုလို အဆိုတင်သွားတာ ဥက္ကဠကြီး မှတ်မိနေပြန်တယ်။
ဥက္ကဋ္ဌကြီးခင်ဗျာ- ကျွန်တော်ကတော့ ခြောက်ကပ်ကပ်မြို့နယ်၊ မဖွယ်မရာ မဲဆန္ဒနယ်မြေက ပြည်သူ့ အပွတ်တော် ဦးခွင်ဖန်ပါခင်ဗျာ။ (ဟေ့ ကိုယ်စားလှယ်ကြီး၊ ခင်ဗျားက ဘာလို့ ပြည်သူ့အပွတ် တော်ပြောရတာလဲ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လေ)လို့ ထောက်ပြတော့ ” ဒီလိုပါဥက္ကဋ္ဌကြီး ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ပြည်သူအားလုံးအတွက် အချိန်တိုင်း ဖေ့စ်ဘုတ်ပွတ်နေရပါတယ်။ အဲဒါကြောင့် ပြည်သူ့အပွတ်တော် ကိုယ်စားလှယ်လို့ ပြောတာပါဗျ။ အခု ကျွန်တော် တင်ပြချင်တာကတော့ ကျွန်တော်တို့ ခြောက်ကပ်ကပ်မြို့နယ်မှာ ဒုစရိုက်မှုတွေ အားကောင်းလာပါ တယ်။ စိတ်ကြွဆေးပြားတွေလည်း ပေါများလာပါတယ်။ အဲဒါတွေကို တိုက်ဖျက်ဖို့အတွက် အာရုံခံဆော့ဖ်ဝဲ အဆောက်အအုံတွေ လုပ်ချင်ပါတယ်။ အာရုံခံဆော့ဖ်ဝဲတွေကို ခြောက်ကပ်ကပ် မြို့နယ်ထဲမှာ ဖြန့်ကျက် ထားလိုက်ရင် ဘယ်ကောင်ဟာ ဆေးသမား၊ ဘယ်ကောင်ဟာ ကျွဲခိုးဂိုဏ်း၊ ဘယ်ကောင်ဟာ လုယက်သူဆိုပြီး ပေါ်ပေါက်ပါတယ်ဗျ။ အာရုံခံဆော့ဖ်ဝဲ အဆောက်အအုံတစ်လုံးကို အမေရိကန်ဒေါ်လာ ဆယ့်နှစ်သိန်းပဲ ရှိတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်ရင် ဒီညနေတောင်မှ ဘတ်ဂျက်တစ်ဝက်လောက် ကြိုထုတ်ထားချင် ပါတယ်ဗျ။ မိုးနဲ့ လေနဲ့ဆိုရင် အာရုံခံဆော့ဖ်ဝဲတွေက စိတ်ကောက်တာတွေ၊ ခိုင်းမရတာတွေ၊ တာဝန်ချိန်မှာ အိပ် စက်နေတာတွေ၊ သောက်စားမူးယစ် တာတွေ ဖြစ်တတ်ပါတယ်ဗျ” ဆိုပြီး ဆော်တာ။ ဥက္ကဋ္ဌကြီးက အဲဒီ လွှတ်တော်အမတ်ကို ထိုင်ခွင့်မပေးဘူး။
” ခဏလေး၊ ခဏလေး၊ ကိုယ်စားလှယ်ကြီး ခဏမတ်တတ်ရပ်နေပါအုံး၊ ခင်ဗျားကို အနီးကပ်မြင်ဖူးချင်လို့ ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌက သူထိုင်နေတဲ့ စားပွဲတော်ကနေထလာပြီး ကိုယ်စားလှယ်ရှေ့မှာ ခေတ္တရပ်လိုက်တယ်။ ခဏနေတော့
ဖျန်းဖျန်းဖျန်း။ ဆိုပြီး ပါးသုံးချက် ဆင့်ရိုက်ပစ်လိုက်တယ်။
” ဟာ…ဥက္ကဋ္ဌကြီး၊ ခင်ဗျားဘာလို့ ကျုပ်ကို ပါးပိတ်ရိုက်တာလဲ”
အာရုံခံ ဆော့ဖ်ဝဲ အဆောက်အအုံကို တည်ဆောက်မယ့်သူကို အခုလို လက်တွေ့ကျကျ ပါးရိုက်ပြီး စမ်းသပ် တာဟေ့။ မင်းကို ငါ ဒေါသတွေထွက်နေတာ အာရုံမခံမိဘူးလား။ ပါးရိုက်ချင်အောင် စိတ်တိုနေတယ်ဆိုတာ အာရုံမခံမိဘူးလား” ဆိုပြီး လွှတ်တော်အစည်းအဝေး ခဏနားကြောင်း ကြေညာပြီး သူ့စားပွဲပေါ်မှာ တူသံတွေ ဖုံးလွှမ်းသွားလေရဲ့။
ဟာ—ငါ ဘာဖြစ်နေပါလိမ့်။ ဪ ညက ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ လွှတ်တော်သတင်းတွေကြည့်ရင်း အိပ်ပျော်သွားပြီး အိပ်မက် နေတာကိုး။ လွှတ်တော်ကိုယ်စားလှယ်တွေ ကျန်းမာချမ်းသာကြပါစေဗျ။ အိပ်မက်ထဲကလို ဘတ်ဂျတ်ကို ကြံကြံဖန်ဖန်တောင်းခြင်း ကင်းရှင်းကြပါစေဗျ။ ပါးရိုက်သံတွေ လည်း ကင်းရှင်းကြပါစေဗျ။ လွှတ်တော်ထဲ တကယ်လိုအပ်နေတဲ့ ဘတ်ဂျတ် ထိန်းသိမ်းစောင့်ရှောက်ရန် နတ်ကောင်း နတ်မြတ်တစ်ပါး အမြန်ခစားပါစေဗျ။
သန်းထိုက်လူ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်